အီရန်၏ ယူရေနီယံ သန့်စင်စက်များ ဒရုန်းစာမိ

News

အရှေ့အလယ်ပိုင်း မီဒီယာ သတင်းများအရ ဒရုန်းဖြင့် ပစ်ခတ်ခံ ရမှုကြောင့် အီရန် တို့၏ Karaj မြို့ရှိ နျူကလီးယား စွမ်းအင်အတွက် ယူရေနီယံ သန့်စင်တဲ့ စက်တွေ အတော်လေး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အစ္စရေးပါဝင်မှု ရှိမရှိကို အစ္စရေးမှ တရားဝင် ထုတ်ပြန်မှုမရှိပေမယ့် အမေရိကန်နှင့် တခြား နာမည်ကြီး မီဒီယာများကတော့ အစ္စရေးတို့ ပါဝင်တာ ယုံကြည်ရတယ်လို့ ပြောပါတယ်။

အမေရိကန် New York Times သတင်းစာအရ ဒီ ပစ်မှတ်ဟာ ၂၀၂၀ အစောပိုင်းကာအတွင်း အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရန့် ရဲ့ အကြီးပိုင်း အစိုးရအဖွဲ့ဝင် တွေကို အစ္စရေးတို့ တင်ပြခဲ့တဲ့ ပစ်မှတ် စာရင်းတွေထဲမှာ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်အပြီး ကြာသပတေးနေ့တွင် အစ္စရေး ဝန်ကြီးချုပ် Naftali Bennett မှ အစ္စရေးလေတပ်၏ လေယာဉ်မှူးသင်တန်းဆင်း အခမ်းအနားမှာ “ငါတို့ ဟာ ကြေငြာချက်တွေကမဟုတ်ဘဲ လက်တွေ့ကျကျ ဆောင်ရွက်တတ်တာကို ငါတို့ ရန်သူတွေသိပါတယ်။


ငါတို့ဟာ ပိုပြီး စိတ်ပိုင်းဖြတ် ထားတယ်၊ ပိုပြီး လိမ္မာ ပါးနပ်တယ်၊ ပြီးတော့ အဲဒါကို တခုခုလုပ်ဖို့ လိုအပ်တဲ့အခါ မတွန့်ဆုတ်ဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် အဆိုပါ ယူရေနီယံ သန့်စင်စက်ရုံ တိုက်ခိုက်မှု ဖြစ်စဉ်မှာ အစ္စရေး လေတပ်ဟာ ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

အီရန်မှ ကျွမ်းကျင်သူတယောက်အဆိုအရ ဖြစ်စဉ်မှာ ဒရုန်းတစင်းဟာ ဗုံး ၂ လုံးကို အသုံးပြုသွားတာ ဖြစ်နိုင်ကာ အလားတူ အချိန်အတွင်းမှာ အခြား တစင်းက အီလက်ထရောနစ်လှိုင်း ဟန့်တားမှုများ ထုတ်လွှတ်ပြီး အထောက်အပံ့ ပေးခဲ့တယ်လို့ သုံး သပ် ထားပါတယ်။

ဒီဒရုန်းဟာ ဗုံး ၄ လုံးလောက် တင်ဆောင်နိုင်ပြီး ၂ လုံးကိုသာ အသုံးပြုခဲ့တယ်လို့လည်း သုံးသပ်ထားပါတယ်။

ထို့နောက် အဆိုပါ အဲဒီ့ ဒရုန်းဟာ အထိအခိုက်မရှိဘဲ အီရန်နှင့် နယ်မြေ အနီးစပ်ဆုံး နိုင်ငံထဲက တနိုင်ငံထဲကို ဆင်းသက်သွားတယ်လို့ သိရပါတယ်။

New York Times သတင်းစာကတော့ အဆိုပါ ဒရုန်းဟာ ပန်ကာ ၄ စုံတပ် အသေးစား ဒရုန်းတစီး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အစ္စရေး ဂျေရုစလင် သတင်းစာကလည်း ဒီဖြစ်ရပ်ကြောင့် အီရန် နျူကလီယား အဆောက်အအုံမှာ အပျက်အစီး ကြီးကြီးမားမား ရှိခဲ့တယ်လို့ ဆိုပေမယ့် အီရန်ကတော့ အထိအခိုက် မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

Asharq Al-Awsat မီဒီယာမှာတော့ ဒီဒရုန်းဟာ အီရန်နိုင်ငံ အတွင်းပိုင်းထဲကပဲ ပျံတက်လာတာဖြစ်ကာ ဖြစ်ပွားခဲ့တဲ့ နေရာနှင့် မဝေးဘူးလို့ ဆိုပါတယ်။

မီဒီယာတွေက အမျိုးမျိုး ဖော်ပြနေကြပေမယ့် ပျက်စီးမှုတွေ ရှိမရှိ ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

၂၀၂၁ ဧပြီလ ၁၀ ရက်နေ့ က စတင် လည်ပတ်ခဲ့တဲ့ ဒီစက်ရုံဟာ ယခင် အီရန်၏ ပထမမျိုးဆက် စက်ရုံတွေထက် ယူရေနီယံကို ပိုမို လျှင်မြန်စွာ သန့်စင်ပေးနိုင်တယ်လို့ သိရပါတယ်။

လက်ရှိ အီရန်ဟာ ယူရေနီယံကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်လာတာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းအထက်ထိ သန့်စင်နိုင်ပါက နျူကလီးယား လက်နက်များကို ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၂၀၁၅ အီရန်နျူကလီယား သဘောတူညီချက်တွင် အဆိုပါ သန့်စင်စက်ရုံကို တရုံသာ လည်ပတ်ဖို့ ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *