မိမိ နယ်မြေများ အတွင်းသို့ ဝင်ရောက်လာသည့် ရန်သူ့ သင်္ဘောများကို စောင့်ကြည့်နိုင်ရန် Intelligence၊ Surveillance၊ Reconnaissance (ISR) လို့ခေါ်တဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြည့်ခြင်း နှင့် ကင်းထောက်ခြင်း လုပ်ငန်းစဉ်များဟာ အဆက် မပြတ်သွာဖို့ အရေးကြီးပါတယ်။
၁၉၉၈ ခုနှစ် ထိုင်ဝမ်ရေလက်ကြား အကျပ်အတည်း ကာလအတွင်းမှာ တရုတ်နိုင်ငံဟာ အမေရိကန် လေယာဉ်တင် သင်္ဘော ကြီးများကိုပင် မည်သည့်နေရာ ရောက်ရှိနေသလဲဆိုတာ ခြေရာမကောက်နိုင်ခဲ့သဖြင့် များစွာ ဒုက္ခရောက်ခဲ့ရပါတယ်။
ဒါ့ကြောင့် အဆိုပါ ကိစ္စကို သင်္ခန်းစာယူပြီး ဆယ်စုနှစ် ၂ ခုလောက်အတွင်းမှာ ISR စနစ်များကို ထောက်ပံ့နိုင်သည့် ရေဒါ၊ ဒရုန်း နှင့် ဂြိုဟ်တုများ အပေါ်တွင် များစွာ ရင်းနှီးမြှုပ်နှံခဲ့ပုံ ရပါတယ်။
Soar Dragon ကို စတင်တွေ့ရှိ
တရုတ်ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းလောက်က ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် အမေရိကန် ခရူဇာ စစ်သင်္ဘောကို နောက်ယောင်ခံဖို့ Soar Dragon ဆိုသည့် အကြီးစား ဒရုန်းတစင်းကို အသုံးပြုခဲ့ပါတယ်။
အမေရိကန်၏ Ticonderoga အတန်းအစား ခရူဇာ စစ်သင်္ဘော တစင်းဖြစ်တဲ့ USS Antietam ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့လောက်က အင်အား ပြသသည့် သဘောဖြင့် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သွားခဲ့တာပါ။

၉ နာရီလောက် ကြာမြင့်တဲ့ ဖြတ်သန်းသွားမှု အတွင်း တရုတ်ဟာ Soar Dragon (WZ-7) ဒရုန်းအပြင် J-11 တိုက်လေယာဉ်များ ၁၀ ကြိမ်လောက်အထိ ပျံသန်းခဲ့တယ်လို့ သိရပါတယ်။
ခရူဇာစစ်သင်္ဘော Antietam တွင် တင်ဆောင်လာတဲ့ MH-60R အမျိုးအစား ရဟတ်ယာဉ်ဟာ ရေလက်ကြား အနောက်ဘက်ခြမ်းတွင် ပျံသန်းနေစဉ်မှ တရုတ်မှ ရေဒီယိုဖြင့် အသိပေးချက် ထုတ်လွှင့်ခဲ့ပါသေးတယ်။
Global Hawk ထောက်လှမ်းရေး ဒရုန်းတွေရဲ့ စွမ်းဆောင်ရည်ကို မမှီပေမယ့် တောင်ပံ အကျယ် ပေ ၈၀ ရှိပြီး ၁၀ နာရီကြာ ပျံသန်းနိုင်တဲ့ Soar Dragon ဒရုန်းဟာ တရုတ်နယ်နမိတ် အတွက်တော့ လုံလောက်မှု ရှိပါတယ်။
ဒီ မောင်းသူမဲ့လေယာဉ် Soar Dragon ခေါ် Soar Eagle ကို တရုတ်နာမည် Xianglong လို့ ခေါ်ဆိုပါတယ်။
အဆိုပါ ဒရုန်းများကို အဓိကအားဖြင့် မဟာဗျူဟာမြောက် နေရာ ၃ ခုမှာ ချထားတာ ဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Offiziere က ပြောပါတယ်။
မကြာသေးမီကပဲ တရုတ် နှင့် ရုရှား နယ်စပ်အနီး Jilin ဒေသတွင် အဆိုပါ ဒရုန်းများကို တွေ့ရှိခဲ့ရပြီး လက်ရှိအချိန် အထိ Shigatse တွင် ၃ စင်း၊ Lingshui တွင် ၂ စင်း နှင့် Yishuntun တွင် ၂ စင်း စုစုပေါင်း ၇ စင်းကို တွေ့ရှိပြီး ဖြစ်ပါတယ်။
Yishuntun တွင် ၂၀၁၆ အစောပိုင်း ကာလများ ကတည်းက အဆိုပါ ဒရုန်းတွေနှင့် ပတ်သက်သည့် ပြုပြင် ထိန်းသိမ်းမှုများ နှင့် တိုးချဲ့မှုများကို လုပ်ဆောင်နေခဲ့တာပါ။

ဂြိုဟ်တု ဓာတ်ပုံများအရ ပြေးလမ်းများကို အသစ် တိုးချဲ့ ခင်းထားပြီး လေယာဉ်သွား လမ်းကြောင်း တခုကိုပါ ထပ်မံ ခင်းထားကာ နောက်ထပ် ဒရုန်း ၃ စင်းစာ နေရာသစ်ကိုလည်း တွေ့ရှိထားပါတယ်။
ဒရုန်းများကို ထားရှိရာ Yishuntun ဟာ မြောက်ကိုရီးယား နယ်စပ်နှင့် ခန့်မှန်းခြေ မိုင် ၂၀၀ အကွာအဝေးလောက်တွင် တည် ရှိပါတယ်။
အမေရိကန်နှင့် ယှဉ်ပြိုင်ဖို့အတွက် အခက်အခဲများ ဆက်ရှိနေ
အင်ဂျင်များဟာ တရုတ်နိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ် စွမ်းဆောင်ရည်ကို မတိုးတက်စေသေးတဲ့ အကြောင်းအရင်း တခုဖြစ်ပါတယ်။
တရုတ်၏ ကာကွယ်ရေး စက်မှုလုပ်ငန်းတွင် ဒရုန်းများအတွက်သာမက တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအတွက် ယုံကြည်စိတ်ချရသည့် စစ်ဘက်အဆင့် အင်ဂျင်များ တီထွင်နိုင်ဖို့ ရုန်းကန်နေရဆဲပါ။
နောက်ထပ် အတားအဆီး တခုကတော့ တိကျတဲ့ ပုံရိပ်များကို အချိန်နှင့် တပြေးညီ မပေးပို့နိုင်သေးတာ ဖြစ်တယ်လို့ ထိုင်ဝမ်အခြေစိုက် ကျွမ်းကျင်သူ တယောက်ဖြစ်တဲ့ Arthur Ding ကပြောပါတယ်။
လက်ရှိ အမေရိကန်တွင် ဒရုန်းများ၊ မြေပြင်တပ်များ နှင့် ပုံရိပ် သုံးသပ်လေ့လာသူများ အပါအဝင် ဂြိုဟ်တုများပါ အများ အပြား တပ်ဆင်ထားပေမယ့် တရုတ်တွင် အလားတူ အရာမျိုး လက်တဆုပ်စာသာ ရှိပါသေးတယ်။

ဒါ့အပြင် မောင်းသူမဲ့လေယာဉ်များကို ထိန်းချုပ်ဖို့အတွက်လည်း ဆက်သွယ်ရေး ပြဿနာတွေ ရှိနေတဲ့အတွက် တရုတ် စစ် တပ်၏ စွမ်းဆောင်ရည်ကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။
အရေးကြီးသည့် တချက်ကတော့ တရုတ်နိုင်ငံဟာ စက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်တောင်မှ လူအင်အား မလုံလောက်တဲ့ ပြဿနာ ဖြစ်ပါတယ်။
အဆင့်မြင့် မောင်းသူမဲ့လေယာဉ် တစင်းကို ထိန်းကျောင်း ပျံသန်းဖို့၊ ပြုပြင်ထိန်းသိမ်းဖို့ နှင့် အကဲဖြတ် လုပ်ငန်းစဉ်များ လုပ် ဆောင်ဖို့ လူ ၂၀၀ လောက်အထိ လိုအပ်ပါတယ်။
အမေရိကန်တွင် ဆယ်စုနှစ် ၂ ခုစာလောက် စစ်ပွဲများအတွက် မောင်းသူမဲ့လေယာဉ် ထိန်းချုပ် ပျံသန်းနိုင်သည့် ကျွမ်းကျင်သူပေါင်း သောင်းဂဏန်းလောက်အထိ ရှိလာပြီး ဖြစ်တဲ့အတွက် တရုတ်အနေဖြင့် အလားတူ ကျွမ်းကျင်သူများ ရရှိဖို့ အချိန်အများကြီး လိုအပ်မှာပါ။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။