Teleportation ခေါ် လူတွေကို တနေရာကနေ တနေရာကို မျက်စိတမှိတ်အတွင်း ပို့လွှတ်သည့် နည်းပညာ ဖြစ်နိုင် မဖြစ်နိုင်

Knowledge Science

လူတွေ တနေရာမှ တနေရာကို ယာဉ်ပျံတွေ ကားတွေကို အသုံးမပြုဘဲ သွားလာနိုင်တဲ့ နည်းလမ်းတခုကို ရင်းနှီးပြီးသား ဖြစ်ကြမှာပါ။

အဲဒါကတော့ တနေရာကနေ တနေရာကို အချိန်တခဏလေး အတွင်း ရောက်ရှိသွားစေနိုင်တဲ့ Teleportation ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ Teleportation နှင့် ပတ်သက်ပြီး သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုတွေ၊ ဇာတ်ကားတွေနှင့် ဂိမ်းတွေမှာ မြင်တွေ့ဖူးပြီးဖြစ်ပြီး အထင်ရှားဆုံး ဂန္တဝင် ဇာတ်ကားကတော့ Star Trek ပဲ ဖြစ်ပါတယ်။

တနေရာမှ တနေရာကို အလွယ်တကူ သွားလာစေနိုင်တဲ့ ဒီအရာဟာ တကယ့်ကိုပဲ လူတွေအတွက် ဆန်းသစ်တဲ့ စိတ်ကူးကို လှုံ့ဆော်ပေးနိုင်ပါတယ်။

မြန်မာနိုင်ငံ တနေရာကနေ ဩစတေးလျ နိုင်ငံရှိ Sydney အော်ပါရာ အဆောက်အဦးဆီကို မျက်စိ တမှိတ်အတွင်း ရောက်နိုင်မယ်ဆိုရင် ဒါဟာ အတော်လေး ကောင်းတဲ့ စိတ်ကူးလို့ ဆိုရမှာပါ။

ဖြစ်နိုင်ချေရှိမရှိ လေ့လာခြင်း

လူသားတွေကို Teleportation ဖြင့် သွားလာဖို့ဆိုတာ အံ့ဩဖွယ်ကောင်းတဲ့ အနာဂါတ် အလားအလာ တခု အနေဖြင့် ရှုမြင်ကြပေမယ့် ဒါဟာ အမှန်တကယ် ဖြစ်နိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပါ။

လုံးဝ မဖြစ်နိုင်ဘူးလို့ ယတိပြတ် ပြောလို့ မရပေမယ့် ဒါဟာ ဖြစ်လာဖို့တော့ အလွန့် အလွန်ကို ခဲယဉ်းပါတယ်။

ဂန္တဝင် သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားဖြစ်တဲ့ Star Trek ကိုပဲ ဥပမာ ယူပြီး စဉ်းစားကြည့် နိုင်ပါတယ်။

Star Trek ထဲမှ အဆိုပါ စနစ်ဖြင့် ပို့ဆောင်မှုတွင် အဆင့် ၃ ဆင့်လောက် ပါဝင်ပါတယ်။

ပထမဆုံး အနေဖြင့် လူ့ခန္ဓာကိုယ်အား နေရာချထားပြီး ၎င်း၏ ခန္ဓာကိုယ်အတွင်းရှိ အက်တမ် အမျိုးအစား အားလုံးကို ရပ် တန့်လိုက်စေပါတယ်။

ဒုတိယအနေဖြင့် အလင်း၏ အလျှင်ဖြင့် ဝေးကွာလှသည့် နေရာသို့ အဆိုပါ အချက်အလက်များကို ပို့လွှတ် လိုက်ပါတယ်။

နောက်ဆုံး အဆင့်အနေဖြင့် အခြားတဖက်မှာ အချက်အလက်ထဲမှ လူနဲ့ လုံးဝ တပုံစံထဲ တူညီသည့် ပုံတူကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

လွယ်ကူသလိုနှင့် မလွယ်ကူသည့် အရာ

ကွမ်တမ် သီအိုရီအရ အက်တမ်များရဲ့ ၁၀၀ ရာခိုင်နှုန်း အားလုံးကို သိဖို့ဆိုတာ မဖြစ်နိုင်တဲ့ အတွက် ဒီအယူအဆဟာ ပထမ အဆင့်နဲ့တင် မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်ခဲ့တာပါ။

ဒါပေမယ့် မကြာသေးမီက ရူပဗေဒ ပညာရှင်များဟာ ဝေးလံသည့် နေရာများသို့ လုံးဝ ပြီးပြည့်စုံတဲ့ ကွမ်တမ် အမှုန်တခုကို ပို့ဆောင်နိုင်မယ့် quantum teleportation လို့ခေါ်တဲ့ နည်းလမ်းတခုကို ရှာတွေ့ခဲ့ပါတယ်။

တကယ်လည်း ၎င်းတို့ဟာ နေရာတော်တော်များများမှာ အောင်မြင်မှု ရရှိနိုင်နေပြီဖြစ်ပြီး ဒါကို ‘quantum telecloning’ လို့ခေါ်ကြပါတယ်။

သို့ပေမယ့် Star Trek ဇာတ်ကားထဲက ပို့ဆောင်သည့် နည်းကတော့ အဲလိုမဟုတ်ဘဲ လက်ရှိ တဖက်မှာ လုပ်ဆောင်နေတာကို တဖက်မှာ ပေါ်အောင် အချက်အလက်များကို ပေးပို့တာ ဖြစ်နေပါတယ်။

ထိုကဲ့သို့ တဖက်မှာ ရုပ်ပုံကို တည်ဆောက်နိုင်ရန်မှာ Video call ကဲ့သို့ စကားပြောနိုင်ဖို့ထက် အချက်အလက် သန်းထောင် ပေါင်းများစွာ ပိုမို လိုအပ်ပါတယ်။

ထိုကဲ့သို့ ပို့ဆောင်နိုင်မည့် မြင်သာသော နည်းလမ်းကတော့ binary ဂဏန်း အသုံးပြုသည့် ကိန်းလုံး (0 နှင့် 1 digital ကိန်း) များကို အသုံးပြုရမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ် စနစ်ဖြင့် ပို့လွှတ်သည့်အခါ အချက်အလက် အများအပြား ပို့လွှတ်ရမည် ဖြစ်သဖြင့် အလွန့် အလွန်ကို မြင့်မားတဲ့ အလင်း စွမ်းအင်ကို လိုအပ်ပါတယ်။

Star Trek ဇာတ်လမ်းကို ရေးသားသည့် စာရေးဆရာ Arthur C Clarke ကတော့ လိုအပ်တဲ့ စွမ်းအင်ဟာ ဂလက်ဆီ တခုထဲမှာ ရှိနေတဲ့ ကြယ်တွေအားလုံး စွမ်းအင်ထက် ပိုတယ်လို့ ဆိုပါတယ်။

ပုံရိပ်မဟုတ်ဘဲ လူကို ပို့လွှတ်ခြင်း

ဒါဆို ပုံရိပ်ကို မပို့ဘဲ လူတွေရဲ့ အက်တမ်တွေကို ခွဲပြီး လူတကိုယ်လုံးကို ပို့ဖို့ရော ဘာတွေ လိုအပ်မလဲဆိုတာ တွက်ချက်မှုတွေ ရှိပါသေးတယ်။

လူတယောက်လုံးကို ပို့ဆောင် နိုင်ဖို့ အတွက် ကတော့ အချက်အလက်များဟာ 2.6 x 10^42 (၂.၆ နောက်မှ သုည ၄၂ လုံး) လောက်အထိ လိုအပ်တယ်လို့ Guardian မှာ ဖော်ပြဖူးပါတယ်။

စွမ်းအင် လိုအပ်မှုဟာ ဗြိတိန် တနိုင်ငံလုံး စွမ်းအင် သုံးစွဲမှု အတွက် နှစ် တသန်းလောက် ဖူလုံမယ့် ပမာဏလောက် ရှိပြီး အချိန်အားဖြင့် စကြာဝဠာ ရှိခဲ့သည့် အချိန်ထက် အစပေါင်း ၃ သိန်းခွဲလောက် လိုအပ်မယ်လို့ Guardian မဂ္ဂဇင်းက ထောက်ပြပါတယ်။

တကယ်လို့ ပို့လို့ ရခဲ့ရင်တောင်မှာ လူတွင် ပါဝင်သည့် အာရုံကြောများ၊ မှတ်ဥာဏ်များ အပါအဝင် လူ၏ ခန္ဓာကိုယ် တခုလုံးကို နေရာတကျ ပြန်လည် ပုံဖော်ဖို့ဆိုတာ လုံးဝမလွယ်ကူတဲ့ အတွက် ရှင်ချင်မှတောင် ရှင်နိုင်မှာပါ။

ဒါ့ကြောင့် လူသားတွေကို Teleportation နည်းဖြင့် ပို့ဆောင်ဖို့ ဆိုတာဟာ လက်ရှိ သိထားသမျှ သိပ္ပံနှင့် နည်းပညာများအရ လုံးဝ မဖြစ်နိုင်ပါဘူး။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *