ရှာဖွေတွေ့ရှိမှုကို ကမ္ဘာတစ်ဝှမ်း သတင်းခေါင်းကြီးပိုင်းတွေမှာ ထွက်ပေါ်ခဲ့သော်လည်း ယခုအခါ အဆိုပါ အကြောင်းအရာနဲ့ပတ်သတ်ပြီး မည်သူမျှ ဆက်လက်ပြောကြားခြင်း မရှိတော့ပါဘူး။
ပိရမစ်တွေကို ကမ္ဘာ တစ်ဝှမ်းလုံး နီးပါး တည်ဆောက် ထားကြပြီး လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်း များစွာက ရှေးဟောင်း ယဉ်ကျေးမှုတွေရဲ့ ပုံသဏ္ဍာန်နှင့် အရွယ်အစားအားလုံးကို ပိရမစ်များဖြင့် ပုံဖော်တည်ဆောက်ခဲ့ကြပါတယ်။
၎င်းတို့ထဲကမှ အချို့က ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပြီး အချို့ကတော့ ဒဏ္ဍာရီများထဲမှာသာ ဖုံးလွှမ်းနေကာ အချို့ကတော့ ကမ္ဘာမြေပြင်ကနေ ပျက်စီး ပျောက်ကွယ်ကုန်ကြပါပြီ။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က Azores ကျွန်းတွေရဲ့ ကမ်းရိုးတန်းအနီးမှာ ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှု တစ်ခု အကြောင်း သတင်းများ ထွက်ပေါ် လာ ခဲ့ပါတယ်။
စတုရန်းမီတာ ၈,၀၀၀ ၀န်းကျင်ရှိပြီး အမြင့် မီတာများစွာရှိတဲ့ ပိရမစ်ပုံသဏ္ဍာန်ကို ရေအောက် ရှာဖွေသူများ တွေ့ရှိခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ကြတာပါ။

အေသင် အတွေးအခေါ် ပညာရှင်ကြီး ပလေတိုရဲ့ ပြောပြချက်တွေကို ကိုးကား ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ထောင်ပေါင်း များစွာက Atlantis နစ်မြုပ်သွားခဲ့ပြီး Atlantis ရဲ့စိတ်ကူးကလည်း ဒဏ္ဍာရီတစ်ခုမျှသာမဟုတ်ကြောင်း ၊ ယနေ့ Azores များတည်ရှိရာ သမုဒ္ဒရာမှာ Atlantis တိမ်မြုပ် ပျောက်ကွယ် သွားကြောင်း ရေးသား ဖော်ပြထားခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။
ပြင်းထန်တဲ့ငလျင်နှင့်ရေကြီးမှုတွေကြောင့် အတ္တလန်တစ်ကျွန်းတစ်ခုလုံးဟာ ပင်လယ်နက်ထဲသို့ တိမ်မြုပ်သွားခဲ့တယ်ဟု ပလေတို က ဆိုခဲ့ပါတယ်။
ပေါ်တူဂီမီဒီယာတွေရဲ့ ဖော်ပြချက်အရ Azores ရှိ Sao Miguel နှင့် Terceira ကျွန်းတွေအနီးမှာ ပိရမစ်ပုံစံ ရေအောက်ဖွဲ့စည်းပုံတစ်ခုကို Diocleciano Silva လို့ခေါ်တဲ့ လူတစ်ယောက်က တွေ့ရှိခဲ့တယ်ဟု သိရပါတယ်။
Silva ရေအောက် ရှာဖွေရေး သင်္ဘောရဲ့ bathymetric ကိရိယာကနေ အချက်ပြမှု မှတဆင့် အဆိုပါ ရေအောက် ဖွဲ့စည်း တည်ဆောက်ပုံကို တွေ့ရှိခဲ့တယ်ဟု ဆိုပါတယ်။ ရှာဖွေတွေ့ရှိမှုကို TV မှာတောင် ထုတ်လွှင့်ခဲ့တယ်ဟုလည်း သိရပါတယ်။
အဆိုပါ ပိရမစ်ပုံစံ တည်ဆောက်ပုံဟာ Sao Miguel နှင့် Terceira ကျွန်းများကြားရှိ မျက်နှာပြင်အောက် မီတာ ၄၀ တွင် တည်ရှိကြောင်း YouTube မှာ တင်ထားတဲ့ ဗီဒီယို တခုမှာ ရှင်းပြထားပါတယ်။

ရှာဖွေတွေ့ရှိခဲ့သူ Diocleciano Silva က အင်တာဗျူး တစ်ခုမှာ ဖွဲ့စည်းပုံရဲ့ ပုံစံက အထင်ကြီးစရာကောင်းပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ ပိရမစ်တစ်ခုဖြစ်တယ် ဟု ဆိုပါတယ်။
ပြီးပြည့်စုံတဲ့ ပိရမစ်ပုံစံကြောင့် အံ့သြစရာကောင်းကြောင်း၊ ဒါတွေအပြင် ၎င်းဟာ အီဂျစ်ရှိ Giza ပိရမစ်တွေကဲ့သို့ မြောက်နှင့်တောင်ကို ဦးတည်နေကြောင်း Silva မှ ပေါ်တူဂီသတင်းဝက်ဘ်ဆိုက် Terra သို့ ပြောကြားခဲ့ပါတယ်။
အဆိုပါ တွေ့ရှိမှုကို ကမ္ဘာ တစ်ဝှမ်းလုံးက အာရုံစိုက် နေသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံက လျှို့ဝှက် ဆန်းကြယ် နေတာကို တွေ့ရပါတယ်။
တစ်ချို့ပညာရှင်တွေကတော့ ပိရမစ်ရဲ့ သက်တမ်းဟာ လွန်ခဲ့တဲ့ ရေခဲခေတ် ကုန်ဆုံးချိန်အထိ နှစ်ပေါင်း ၁၂,၀၀၀ မှ ၂၀,၀၀၀ ကြား ရှိတယ်ဟု ခန့်မှန်းနေကြတာပါ။
ပေါ်တူဂီရေတပ်ကတော့ အဆိုပါ ပိရမစ် တည်ရှိမှုဟာ ဆိုနာ အချက်ပြ အချို့အပေါ် အခြေခံပြီး ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝတောင်တစ်လုံးဖြစ်တယ်ဟု ဆိုခဲ့ပါတယ်။
သို့သော်လည်း သမုဒ္ဒရာအောက် မီတာ ဆယ်ဂဏန်းရှိတဲ့ အဆိုပါနေရာ အတိအကျကို စုံစမ်းဖော်ထုတ်ဖို့ မည်သူမှ သွားရောက်ခဲ့ခြင်း မရှိပါဘူး။
အဆိုပါ ဖွဲ့စည်း တည်ဆောက်ပုံနှင့် ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ် အနည်းငယ်က ရှားရှားပါးပါး အင်တာဗျူး တစ်ခုမှာ Azores ပင်လယ် ရေ ကြောင်း ဇုန်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Fernando Pires က ယခုအချိန်မှာ ပိရမစ် ဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး အတိအကျပြောဖို့ လုံလောက်တဲ့အချက်အလက်မရှိဘူးဟု ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျွန်တော်တို့ဟာ လမ်းကြောင်းရှာဖို့ အန္တရာယ်ရှိနိုင်တဲ့ စူးစမ်းလေ့လာမှုတွေကို ရှာဖွေခဲ့ပြီး ဘာမှမတွေ့ခဲ့ရပါဘူးဟု Sapo သို့ ပြောကြားခဲ့ပါတယ်။
Pires က “အဆိုပါ ပိရမစ်ဟာ မီးတောင်ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတာ ဖြစ်နိုင်တယ် ဟု ဆိုပြီး Azores ရဲ့ ကျွန်းစုတွေဟာ မီးတောင်ကျွန်းများဖြင့် ဖွဲ့စည်းထားတယ်” ဟု ရှင်းပြခဲ့ပါတယ်။
လေ့လာမှုတွေအရလည်း Azores သို့မဟုတ် အနီးနား ဧရိယာဝန်းကျင်မှာ ပိရမစ်တည်ဆောက်မှု ယဉ်ကျေးမှုကို ခိုအောင်းထားကြောင်း မည်သည့်သမိုင်း အထောက်အထားမျှ မတွေ့ရပါဘူး။
Azores ကျွန်းများကို စူးစမ်းလေ့လာနေတဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေကတော့ ရောမခေတ်မှ ရုပ်ပုံလွှာတစ်ခုရဲ့အကြွင်းအကျန်တွေ၊ လှိုဏ်ဂူအနုပညာနှင့် သေးငယ်တဲ့ အဆောက်အအုံတွေကို ရှာဖွေတွေ့ရှိခဲ့တယ်ဟု ဆိုပါတယ်။
သို့သော်လည်း မကြာသေးမီအချိန်က တွေ့ရှိမှုနှင့်ပတ်သက်ပြီး မည်သည့်အရာမျှ မကြားရသေးတဲ့ အတွက်ကြောင့် သမိုင်းကို ပြောင်းလဲစေမယ့် ရှာဖွေတွေ့ရှိမှုအဖြစ် ခေါ်ဆိုခဲ့တဲ့ ပိရမစ်ရဲ့ ယူဆချက် ဖွဲ့စည်းတည်ဆောက်ပုံဟာ

ပေါ်တူဂီရေတပ်မှ အစပိုင်းတုန်းက ပြောထားတဲ့အတိုင်း ထူးထူးခြားခြား ပုံသဏ္ဍာန်ရှိတဲ့ ပင်လယ်ထဲ ဖြစ်ပေါ်နေသော တောင်တစ်လုံးသာ ဖြစ်တယ်ဟု ကောက်ချက်ချရမှာပဲ ဖြစ်ပါတယ်။
Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။