အစ္စရေးဟာ ၎င်း၏ Iron Dome လေကြောင်း ကာကွယ်ရေး စနစ်ကြောင့် နာမည်ကောင်းများ ရရှိထားသလို လက်ရှိမှာလည်း ထိုထက် ကောင်းတဲ့ လေကာစနစ်များကို ဖန်တီးလိုနေပါတယ်။
အဲဒီကတော့ Laser Wall လို့ခေါ်တဲ့ လေဆာရောင်ခြည်သုံး လေကြောင်းကာကွယ်ရေး စနစ်ဖြစ်ပြီး အဲဒီ့စနစ်ကို လာမယ့်နှစ်မှာ အသုံးပြုနိုင်မယ်လို့ အစ္စရေး ဝန်ကြီးချုပ် Naftali Bennett က ပြောပါတယ်။
အစ္စရေးဟာ Tactical High Energy Laser system (Nautilus လို့လည်း သိကြ) လို့ခေါ်တဲ့ လေကာစနစ်ကို ၁၉၉၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ် အစောပိုင်းအထိ ထုတ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရပ်ဆိုင်းခဲ့တာပါ။
ဒါပေမယ့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ ကာကွယ်ရေး ဝန်ကြီးဌနမှ ကြေငြာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့်အတူ လေဆာရောင်ခြည်သုံး ကာကွယ်ရေး စနစ်ကို ပူးပေါင်း ထုတ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၀၂၁ ခုနှစ်မှာတော့ အစ္စရေး၏ ဒုံးကျည်ကာကွယ်ရေး အဖွဲ့အစည်း၏ အကြီးအကဲမှ မြေပြင် အခြေစိုက် Iron Dome နှင့် တွဲဖက်အသုံးပြုနိုင်သည့် လေဆာစနစ် ရှိနေပြီလို့ ပြောပါတယ်။
Iron Dome စနစ်ကို ဖန်တီးခဲ့တဲ့ Rafael Advanced Defense Systems ဟာ ဒရုန်းငယ်များကိုလည်း လေဆာဖြင့် စမ်း သပ် ကာကွယ်ပြနိုင်ခဲ့ပါတယ်။
လေဆာကာကွယ်ရေး လက်နက် ထုတ်လုပ်မှုတွင် Rafael မှ မြေပြင်အခြေစိုက် လေဆာစနစ်ကို လုပ်ဆောင်တာဖြစ်ပြီး Elbit Systems မှ ဝေဟင်တွင် တင်ဆောင်အသုံးပြုနိုင်တဲ့ လေဆာစနစ်ကို ထုတ်လုပ်နေတာပါ။
စမ်းသပ်မှုများတွင်တော့ အခုအချိန်အထိ အောင်မြင်မှုများ ဆက်တိုက် ရရှိခဲ့ပြီးဖြစ်ပြီး Elbit Systems မှလည်း ၎င်း၏ လေဆာစနစ်ကို သရုပ်ပြပြီး ဖြစ်ပါတယ်။
ဒီအကြောင်းကို “ဝေဟင်မှ ပစ်ခတ်နိုင်သည့် လေဆာစနစ် အစ္စရေး စမ်းသပ်အောင်မြင်” ခေါင်းစဉ်ဖြင့် ဖော်ပြပြီး ဖြစ်ပါတယ်။

လေဆာလက်နက်များဟာ ရာသီဥတုကြောင့် ထိရောက်မှု အားနည်းနိုင်ပေမယ့် ဝေဟင်တင် လေဆာလက်နက်များက ဒီကိစ္စကို ကျော်လွှားနိုင်ပါတယ်။
ဒါပေမယ့် အစ္စရေး နယ်နမိတ်ကို အပြည့်အဝ ကာကွယ်နိုင်ရန်အတွက် အချိန်ပြည့် ပျံသန်းနိုင်သည့် လေယာဉ်များကို ထားရှိရမှာ ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကတော့ မသေးလှပါဘူး။
အားနည်းချက်တခုကတော့ လေဆာစနစ်တခုဟာ ဒုံးကျည်တခုကို တားဆီးနိုင်ဖို့ အချိန် ၂ စက္ကန့်မှ ၃ စက္ကန့်အထိ လိုအပ်တဲ့အတွက် တစက္ကန့်ကို ရန်သူမှ ၄ လုံးလောက် ပစ်လွှတ်ပါက ၃ လုံးလောက် လွတ်သွားနိုင်တဲ့ သဘောဖြစ်နေပါတယ်။
၂၀၂၁ ခုနှစ် မေလက ဖြစ်စဉ်တွင် Iron Dome စနစ်ဟာ အလုံး ၂၀ ပစ်လျှင် ၂၀ လုံးကို နောက်ယောင်ခံနိုင်၊ တားဆီးနိုင်ပေမယ့် လေဆာကတော့ ပစ်မှတ်များလာရင် ပြဿနာရှိပါတယ်။

လေဆာရဲ့ သက်ရောက်မှုကလည်း ၅ မိုင်မှ ၆ မိုင်ကြားသာ ရှိတဲ့အတွက် လေဆာများကို သီးသန့်အနေဖြင့် မထားရှိနိုင်ဘဲ Iron Dome များဖြင့်သာ တွဲဖက်နိုင်ချေ ရှိပါတယ်။
လက်ရှိမှာ Iron Dome နှင့် လေဆာလက်နက် တွဲဖက်စနစ်ဟာ အဆင်သင့်တော့ မဖြစ်သေးပါဘူး။
အစ္စရေးအနေဖြင့် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းမှာ မောင်းသူမဲ့လေယာဉ်တွေနဲ့ လေယာဉ်တွေမှာပါ စွမ်းအားမြင့် လေဆာလက် နက်တွေ တင်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
အဓိကအားဖြင့် လေဆာလက်နက်များကို တားဆီးနေသည့် အတားအဆီးများမှာ ပစ်မှတ်အရေအတွက် အများအပြားကို တချိန်ထဲမှာ သုတ်သင်ဖို့ ခက်ခဲခြင်း၊ တာတိုခြင်း နှင့် ကုန်ကျစရိတ်များပြားခြင်းတို့ ဖြစ်နေပါတယ်။

အစ္စရေးဟာ လေဆာလက်နက်များကို မြေပြင် အခြေစိုက်ရော ဝေဟင်ပစ်ပါ အောင်မြင်စွာ စမ်းသပ်ပြီး ဖြစ်သည့်အတွက် သေချာတာကတော့ ဒီနည်းပညာကို ကောင်းကောင်း အသုံးချနိုင်နေပါပြီ။
ဒါပေမယ့် လေဆာလက်နက်ကိုသာ သီးသန့် အသုံးပြုမည့် Laser Wall စနစ်ကတော့ ကုန်ကျစရိတ်အရ တွက်ခြေကိုက်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။