ဝေဟင်မှ ပစ်ခတ်နိုင်သည့် စွမ်းအားမြင့် လေဆာ စနစ် စမ်းသပ်မှုများကို အောင်မြင်စွာ ပြုလုပ် နိုင်ခဲ့ပြီ ဖြစ်တယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာန နှင့် Elbit Systems တို့က ဇွန်လ ၂၁ ရက်နေ့က ကြေငြာခဲ့ပါတယ်။
ဒီလို စမ်းသပ်မှုတွေကို အစ္စရေး ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (DDR&D)၊ အစ္စရေး အခြေစိုက် နိုင်ငံတကာ ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ Elbit Systems နှင့် အစ္စရေး လေတပ်တို့ ပူးပေါင်း ပြုလုပ်ခဲ့တာပါ။
အဲဒီ့ စမ်းသပ်မှုအတွင်း မောင်းသူမဲ့လေယာဉ် unmanned aerial vehicle (UAV) များကို ပစ်မှတ်အဖြစ် အသုံးပြုခဲ့ပြီး အကွာအဝေးနှင့် အမြင့် မျိုးစုံမှာ ကြားဖြတ် ပစ်ချမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဝေဟင်မှနေပြီး ဝေဟင် လာတဲ့ ပစ်မှတ်တွေကို ကြားဖြတ်မှုဟာ ယခင်က မရှိခဲ့တဲ့အတွက် ယခုလို လုပ်ဆောင်နိုင်မှုဟာ အစ္စရေး ကာကွယ် ရေး စွမ်းရည်ရဲ့ နည်းဗျူဟာ အပြောင်းအလဲတခုကို ပေးစွမ်းနိုင်မှာ ဖြစ်တယ်လို့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် “အစ္စရေးဟာ ဝေဟင်မှ ပစ်ခတ်နိုင်သည့် စွမ်းအားမြင့် လေဆာစနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ပြီး သရုပ်ပြနိုင်တဲ့ ကမ္ဘာ့ပေါ်ရှိ ပထမဆုံးနိုင်ငံတွေထဲမှာ ပါဝင်လာပြီ ဖြစ်တယ်” လို့လည်း ဖော်ပြထားပါတယ်။

စာနယ်ဇင်းသမားများနှင့် ကွန်ဖရန့် လုပ်နေချိန်မှာ အစ္စရေး ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန၏ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ် Yaniv Rotem နှင့် Elibit Systems မှ အထွေထွေ မန်နေဂျာ Oren Sabag မှ
၁၀၀ ကီလိုဝပ် ရှိတဲ့ solid-state လေဆာစနစ်ဟာ ၂၀ ကီလိုမီတာ အကွာအဝေးကို ပေ ၃ ထောင် အမြင့်ကနေ Cessna 208 Carravan လေယာဉ်ဖြင့် ပျံသန်းခဲ့ကြောင်း၊
ထို့နောက် မောင်းသူမဲ့လေယာဉ်များကို ခြေရာကောက်နိုင်ခဲ့ပြီး ပစ်မှတ်ကို လေဆာရောင်ခြည်ဖြင့် တိုက်ရိုက်ထိုးကာ လေပေါ်မှ ပြုတ်ကျသွားသည်အထိ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုဖြင့် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောပါတယ်။
ဒီ စမ်းသပ်မှုဟာ လက်ရှိ ထုတ်လုပ်နေတဲ့ ၁၀၀ ကီလိုဝပ် လေဆာလက်နက်၏ ရှေ့ပြေးပုံစံ အတွက် ပထမအဆင့် စမ်းသပ်မှု ဖြစ်ပြီး အနာဂါတ်မှာ ဒီထက်ပိုပြီး စွမ်းအားကောင်းတဲ့ မျိုးကွဲများကို ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဝေဟင်ပစ် လေဆာ လက်နက်တွေ တီထွင်နေတာ အစ္စရေး တနိုင်ငံထဲတော့ မဟုတ်ပါဘူး။

အမေရိကန် လေတပ်၏ သုတေသန ဓာတ်ခွဲခန်းကလည်း ၎င်းတို့၏ Self-Protect High Energy Laser Demostrator (SHiELD) စနစ်ကို ထုတ်လုပ်ဖို့ ဆောင်ရွက်နေပါတယ်။
SHiELD ရဲ့ ရည်ရွယ်ချက်ကတော့ ဝေဟင်ပစ် လေဆာလက်နက်ကို လေယာဉ်ပေါ်တွင် ချိတ်ဆွဲနိုင်သည့် စနစ်အနေဖြင့် မြေပြင်မှ ဝေဟင် နှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များကို တားဆီး ဖို့ရာ အသုံးပြုဖို့ ဖြစ်ပါတယ်။
၂၀၀၀ ခုနှစ်များမှာ ဘိုးအင်းနှင့် အမေရိကန် ဒုံးကျည်ကာကွယ်ရေး အေဂျင်စီတို့ဟာ ဝေဟင်ပစ် လေဆာစနစ်တခုကို YAL-1 လို့ခေါ်တဲ့ ပြုပြင်ထားတဲ့ Boeing 747-400 testbed လေယာဉ်ကြီးမှာ တပ်ဆင် စမ်းသပ်ခဲ့ပါသေးတယ်။
အဲဒီ့အစီအစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ တိုက်ချင်းပစ်ဒုံးကျည်များကို ကြားဖြတ်ဖို့ ဖြစ်ပြီး ၂၀၁၂ မှာတော့ စီမံကိန်းကို ဖျက်သိမ်းခဲ့ပါတယ်။
Knowledgeworms Copyright © 2021