အစ္စရေးတွင် အမှတ်မထင် တွေ့ရှိခဲ့သည့် စက်ရုပ် သံချပ်ကာယာဉ်သစ် အကြောင်း

Knowledge Military

အစ္စရေးဟာ အဝေးထိန်းစနစ်နှင့် ထိန်းချုပ်နိုင်ရုံသာမက အလိုအလျောက် စနစ်များပါ ပါဝင်သည့် စက်ရုပ် သံချပ်ကာ ယာဉ်ကို ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်က ပြသဖူးပါတယ်။

အဆိုပါ သံချပ်ကာယာဉ်ဟာ အလေးချိန် ၁.၃ တန် ရှိပြီး ၇.၆၂ နှင့် ၀.၅ ကာလီဘာ ရှိတဲ့ စက်ကလေးကို တပ်ဆင်နိုင်ပါတယ်။

REX MKII လို့ခေါ်တဲ့ ဒီသံချပ်ကာယာဉ်ဟာ ယခင် Jaguar မျိုးကွဲ သံချပ်ကာယာဉ်များထက် ပိုကြီးပြီး Jaguar များကိုတော့ ဂါဇာကမ်းမြောင် ဒေသတွင်း ကင်းလှည့်ယာဉ်အဖြစ် အသုံးပြုနေတာပါ။

အဆိုပါ သံချပ်ကာယာဉ်အကြောင်းကို “အစ္စရေးမှ နည်းပညာမြင့် အလိုအလျှောက်စနစ်သုံး စက်ရုပ် ကင်းလှည့်ယာဉ်ကို ပြသ” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ပိုမို စွမ်းဆောင်ရည်မြင့်လာမည့် စက်ရုပ် သံချပ်ကာယာဉ်သစ်

မကြာသေးမီ ရက်ပိုင်းအတွင်းမှာတော့ အစ္စရေး နိုင်ငံအတွင်းမှာ နောက်ထပ် အဆင့်မြင့် အလိုအလျှောက်စနစ်သုံး သံချပ်ကာယာဉ် တစင်းကို တွေ့ရှိခဲ့ပြန်ပါတယ်။

၂၀၂၁ ခုနှစ်က ပြသခဲ့သည့် REX MKII သံချပ်ကာယာဉ်ငယ်

ယခု သံချပ်ကာယာဉ်ဟာ ရှေ့ပြေးပုံစံ တခု ဖြစ်နိုင်ဖို့ အလားအလာရှိနေပြီး ၎င်းကို သယ်ယူနေစဉ် လူမြင်ကွင်းတွင် ထွက်ပေါ်လာခဲ့တာပါ။

ဒီအကြောင်းကို Twitter လူမှု ကွန်ယက် အသုံးပြုသူ တယောက်ဖြစ်တဲ့ Caesar ဆိုသူဟာ ထူးဆန်းတဲ့ သံချပ်ကာယာဉ် အ ကြောင်းကို ၎င်း၏ စာမျက်နှာတွင် တင်လိုက်သည့်အခါတွင် လူအများ သိရှိလာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သံချပ်ကာယာဉ်ကို ယာဉ်တင်သည့် တွဲကားတစင်းမှ လူအများသွားလာနေသည့် လမ်းပေါ်တွင် သယ်ယူသွားချိန်မှာ Caesar က ဓာတ်ပုံ ရိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသစ်တွေ့ရှိခဲ့သည့် ဒီသံချပ်ကာယာဉ်ဟာ BLR Mk2 ဘီးတပ် မောင်းသူမဲ့ မြေပြင်သွား သံချပ်ကာယာဉ် တစင်းဖြစ်မယ်လို့ Defence Blog မှ ဆိုပါတယ်။

၎င်းတွင် ၁၂.၇ မီလီမီတာ စက်လေးတလက် နှင့် ၃၀ မီလီမီတာ ရှိတဲ့ အတွဲလိုက်ပစ် စက်အမြောက်ငယ် တလက်တို့ကို တပ်ဆင်ထားပါတယ်။

Twitter တွင် ဖော်ပြခဲ့သည့် ပုံ Image: Courtesy of Caesar Via Defence Blog

ဒီဇိုင်းအရ BLR Mk2 ဟာ အခြား သံချပ်ကာယာဉ်များနှင့် မတူဘဲ ထူးခြားကာ အဆင့်မြင့်သည့် တိုက်ခိုက်ရေးယာဉ် တစင်းဖြစ်တာ ပေါ်လွင်နေပါတယ်။

အဝေးမှ ထိန်းချုပ်နိုင်သည့် တိုက်ခိုက်ရေး စက်ရုပ်ယာဉ် BLR ကို BL Advanced Ground Support Systems ကုမ္ပဏီ မှ တည်ဆောက်ပေးထားတာ ဖြစ်နိုင်ပါတယ်။

အကြောင်းကတော့ BLR ဟာ ၎င်းတို့ ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုများ လက်ရှိ လုပ်ဆောင်နေသည့် မောင်းသူမဲ့ မြေပြင်သွားယာဉ် စီမံကိန်း တခုဖြစ်တယ်လို့ ကြေငြာဖူးလို့ ဖြစ်ပါတယ်။

BLR ဟာ မြေမျက်နှာပြင် အမျိုးမျိုးတွင် ကောင်းမွန်စွာ သွားလာနိုင်ပြီး drive by wire နည်းပညာကို အသုံးပြုထားကာ ယာဉ်၏ လှုပ်ရှား သွားလာမှုများကို ကွန်ပျူတာ စနစ်မှ တဆင့် ထိန်းချုပ်နိုင်ပါတယ်။

ဒီနည်းပညာဟာ လေယာဉ်များ၏ Fly-by-wire နည်းပညာမှ ဆင်းသက်လာဖွယ်ရှိပြီး Fly-by-wire နည်းပညာဟာ လေ ယာဉ်မှူးမှ ကိုယ်တိုင် အရာရာကို ထိန်းချုပ် မောင်းနှင်ရခြင်းကို ကျော်လွှားနိုင်ပြီး ကွန်ပျူတာစနစ်ဖြင့် လေယာဉ်အား တည် ငြိမ်စေရန် ထိန်းချုပ် ပျံသန်း နိုင်စေပါတယ်။

6×6 ၆ ဘီးတပ် စနစ်ဖြင့် ယာဉ်ကို မောင်းနှင်စေပြီး အရည်ဖိအားမှ လည်ပတ်စေသည့် hydro-static hub motor များကို တပ်ဆင်ထားသည့်အတွက် မမျှော်မှန်းနိုင်သည့် အတားအဆီးများကို ဖြတ်ကျော်နိုင်ပါတယ်။

Image: Courtesy of Defence Blog

ဒီစနစ်ကြောင့် မညီညာသည့် မြေမျက်နှာပြင် သို့မဟုတ် အတားအဆီးများ ကဲ့သို့သော အရာများဟာ အမြင့် ၁.၅ သို့မဟုတ် အနက် ၁ မီတာလောက် ရှိသည့်တိုင်အောင် ယာဉ်ကို အနှောင့်အယှက်မဖြစ်စေဘဲ ချောမွေ့စွာ မောင်းနှင်စေနိုင်မှာပါ။

၆၁၀ မီလီမီတာ ရှိတဲ့ Hydro-pneumatic suspension စနစ်များကိုလည်း တပ်ဆင်ထားသဖြင့် ဘီးအမြင့်များကို လိုသလို ပြောင်းလဲနိုင်ပါတယ်။

ဒီလို လက်နက်တပ်ဆင်ထားသည့် စက်ရုပ်ယာဉ်များနှင့် အတူ အစ္စရေးဟာ ဒရုန်းများ၊ ပဲ့ထိန်း ဒုံးကျည်များကိုလည်း အသုံး ပြု နေပြီး ၂၀၀၇ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ခဲ့သည့် ဟားမက်စ် အဖွဲ့အပေါ် ကြီးမားတဲ့ နည်းဗျူဟာ အ သားစီး ရစေခဲ့တယ်လို့ CBS မှ ဆိုပါတယ်။

အစ္စရေးဟာ မကြာခင်မှာဘဲ ၎င်း၏ နည်းပညာမြင့် အလိုအလျှောက်စနစ်သုံး စက်ရုပ် သံချပ်ကာယာဉ်၏ အသေးစိတ် အ ချက်အလက်များကို တရားဝင် ဖော်ပြနိုင်ဖွယ် ရှိနေပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.