အစ္စရေးမှ Shaldag Mk V ဒုံးတင် အမြန်သွား ကင်းလှည့်ရေယာဉ်များ ထပ်မံမှာယူ

News

အစ္စရေး သင်္ဘောကျင်းများ လီမီတက်မှ အစ္စရေးရေတပ်အတွက် Shaldag MK V အမျိုးအစား အမြန်သွား ကင်းလှည့်ရေယာဉ်များ ထုတ်လုပ်ပေးဖို့ စာချုပ် ချုပ်ဆိုလိုက်ကြောင်း ကြေငြာခဲ့ပါတယ်။

ကုမ္ပဏီမှ ရေတပ်၏ ဖွဲ့စည်းမှု လိုအပ်ချက်များနှင့် လိုက်ဖက်အောင် ပြုလုပ်ထား ပြီးသားဖြစ်တဲ့ အဆိုပါ ရေယာဉ် ၄ စီးကို ထုတ်လုပ်ပေးသွားမှာပါ။

အစ္စရေး ရေတပ်ဟာ ၎င်းကုမ္ပဏီမှ ထုတ်လုပ်သည့် Saar 4 နှင့် Saar 4.5 ဒုံးတင် အမြန်သွား ရေယာဉ်များ အပါအဝင် မျိုးစုံသော စစ်ရေယာဉ်များကို နှစ်ပေါင်းများစွာ အစ္စရေး ရေပြင် နယ်နမိနတ် လုံခြုံရေး တာဝန်များအတွက် အသုံးပြုခဲ့ပါတယ်။

မကြာသေးမီကပဲ အစ္စရေးဟာ ၎င်း၏ရေတပ်အတွက် အဆင့်မြှင့်တင်ထားတဲ့ အမြန်သွား ကင်းလှည့်ယာဉ်များကို ပုံမှန် လုံခြုံရေးတာဝန်များ ထမ်းဆောင်တဲ့နေရာမှာ ပိုမို စွမ်းဆောင်နိုင်ရန် အသစ်များ ထပ်မံ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Shaldag MK V ဟာ စစ်မြေပြင် သက်သေပြပြီး စိတ်ချရတဲ့ အမြန်သွား ကင်းလှည့်ရေယာဉ်ဖြစ်ပြီး အလူမီနီယံ သတ္တုကိုယ်ထည်ကို အသုံးပြုထားကာ ၎င်း၏ ပထမဆုံးမျိုးကွဲကို ၁၉၈၉ ကတည်းက အစ္စရေး ရေတပ်တွင် အသုံးပြု‌နေတာ ဖြစ်ပါတယ်။

ပေါ့ပါးမြန်ဆန်ကာ အားကောင်းတဲ့ waterjet ကို အသုံးပြု မောင်းနှင်တာဖြစ်ပြီး လက်နက်ကိရိယာများ တင်ဆောင်နိုင်စွမ်း မြင့်မားပြီး ကောင်းစွာ စစ်ကစား လှုပ်ရှားနိုင်ပါတယ်။

ပစ်အားကောင်းမွန်ပြီး ပင်လယ်ပြင် လုံခြုံရေး စစ်ဆင်ရေးများမှာ အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတာဖြစ်ကာ သီးသန့် စီးပွားရေးဇုံများနှင့် ကမ်းခြေအနီးရေပြင်များကို ကာကွယ်နိုင်တဲ့ ထိပ်တန်း ရေယာဉ်တစီးအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။

ဒီ ကင်းလှည့်ရေယာဉ်ဟာ တနာရီကို ရေမိုင် ၄၀ နှုန်းဖြင့် မောင်းနှင်နိုင်ပြီး သုည ရေမိုင်မှ ၄၀ ရေမိုင် အမြန်နှုန်းကို တမိနစ်အတွင်း အရှိန်မြှင့်တင် နိုင်ပါတယ်။

ပြုပြင်ထိန်းသိမ်းရ လွယ်ကူပြီး ရေတိမ်နေရာများမှာ ကောင်းစွာ စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ကာ အဆင့်မြင့် အပေါ့စား လက်နက်စနစ်များ၊ လမ်းပြစနစ်များနှင့် တိုက်ခိုက်ရေး စီမံခန့်ခွဲမှု စနစ်များ တပ်ဆင်ထားပါတယ်။

ဒီ ရေယာဉ်အသစ် ၄ စီးကို အဝေးမှ ထိန်းချုပ်ပစ်ခတ်သည့် လက်နက်စနစ်နှင့်အတူ ပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်သွားမယ်လို့ သိရပါတယ်။

Shaldag MK V ဟာ အလျား ၃၂.၆၅ မီတာ အကျယ် ၆.၂ မီတာရှိပြီး အလေးချိန် ၉၅ တန် ရှိပါတယ်။ ရေယာဉ်ပေါ်တွင် ယာဉ်အဖွဲ့သား ၁၄ ယောက်အထိ လိုက်ပါစစ်ဆင်နိုင်ပါတယ်။

တနာရီလျင် ၁၂ ရေမိုင်နှုန်း အရှိန်မှန်မှန်ဖြင့် ရေမိုင် ၁ ထောင်လောက်အထိ စစ်ဆင်နိုင်ပြီး ပင်လယ်ပြင်အတွင်းမှာ ၆ ရက်လောက် ဆက် တိုက် တာဝန်ထမ်းဆောင် နိုင်ပါတယ်။

Shaldag MK V ကို Typhoon အမျိုးအစား ၂၀ သို့မဟုတ် ၂၅ မီလီမီတာ အတွဲလိုက်ပစ် စက်အမြောက်၊ ၁၂.၇ မီလီမီတာ သို့မဟုတ် ၇.၆၂ မီလီမီတာ စက်ကလေး နှင့် တာတိုပစ် သင်္ဘောဖျက် ဒုံးကျည်များအပါအဝင် လက်နက်စနစ် မျိုးစုံတပ်ဆင်နိုင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလတုန်းက ဖိလစ်ပိုင် သတင်းအေဂျင်စီများ၏ ဖော်ပြချက်အရ ဖိလစ်ပိုင်ရေတပ်ဟာ Shaldag Mk V အမျိုးအစား ကင်းလှည့်ရေယာဉ် ၈ စီးကို ဝယ်ယူခဲ့ပါသေးတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *