သေမင်းတမန် စက်ရုပ်များ
အစ္စရေးစစ်တပ်ဟာ ၎င်း၏ အဝေးထိန်းစနစ်နှင့် ထိန်းချုပ်နိုင်ရုံတင်မကဘဲ အလိုအလျှောက်စနစ်များပါ ပါရှိနိုင်မည့် စက်ရုပ် သံချပ်ကာယာဉ် တစီးကို ပြသခဲ့ပါတယ်။
အဆိုပါ စက်ရုပ်ယာဉ်ဟာ ၁.၃ တန် အလေးချိန်ရှိကာ ၇.၆၂ နှင့် ၀.၅ ကာလီဘာ ရှိတဲ့ စက်ကလေးကို တပ်ဆင်နိုင်တဲ့ အကြောင်းကို CBS သတင်းဌာန၏ သတင်းများ အရ သိရှိရပါတယ်။
တစိတ်တပိုင်း အလိုအလျှောက် စနစ်များ ပါရှိတဲ့ ဒီ စက်ရုပ်ယာဉ်ကို နိုင်ငံပိုင် အစ္စရေး လေကြောင်းစက်မှုထုတ်လုပ်ရေးမှ စစ်သည်များကို တိုက်ပွဲ ဖြစ်ရာနေရာတွင် ကင်းလှည့်နေစဉ် အကာအကွယ်ပေးရန် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ဒီလို စက်တွေ သုံးတာကို ဆန့်ကျင် ဝေဖန်သူတွေကတော့ ဒီစီမံကိန်းနှင့် ပတ်သက်ပြီး ကန့်ကွက်မှုတွေ လုပ်ဆောင်နေကြပါတယ်။
အလိုအလျှောက်စနစ်ဖြင့် ကင်းလှည့်စနစ်
REX MKII လို့ခေါ်တဲ့ ဒီစက်ရုပ်ယာဉ်ဟာ Jaguar မျိုးကွဲထက် ပိုကြီးတဲ့ အမျိုးအစား ဖြစ်ပါတယ်။ Jaguar စက်ရုပ်ယာဉ်ကိုတော့ အန္တရာယ်များတဲ့ ဂါဇာ ကမ်းမြောင်ဒေသမှာ ကင်းလှည့်ဖို့ အသုံးပြုနေပြီ ဖြစ်ပါတယ်။
ဒီလို လက်နက်တပ်ဆင်ထားသည့် စက်ရုပ်ယာဉ်များနှင့် အတူ အစ္စရေးဟာ ဒရုန်းများ၊ ပဲ့ထိန်း ဒုံးကျည်များကိုလည်း အသုံးပြုနေပြီး ၂၀၀၇ ခုနှစ်တွင် ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ခဲ့သည့် ဟားမက်စ်အဖွဲ့အပေါ် ကြီးမားတဲ့ နည်းဗျူဟာ အသားစီး ရစေခဲ့တယ်လို့ CBS မှ ဆိုပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်မှု အကြီးတန်း သုတေသီ Bonnie Docherty မှ “စက်တွေဟာ လူ့ဘဝတွေရဲ့ တန်ဖိုးကို နားမလည်တဲ့ အတွက် အနှစ်သာရအားဖြင့် လူ့ဂုဏ်သိက္ခာကို ထိခိုက်စေပြီး လူ့အခွင့်အရေးကို ချိုးဖောက်တယ်” လို့ ပြောပါတယ်။

စောင့်ကြည်ခြင်းနှင့် လှုပ်ရှားမှုများအပြင် REX MKII ဟာ ၎င်းကို တက်ဘလက် တခုမှ ထိန်းချုပ်မောင်းနှင်ဖို့ လူတယောက်လိုအပ်နေသေးပေမယ့် နောက်ပိုင်းမှာ အပြည့်အဝ အလိုအလျှောက်အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
အစ္စရေး လေကြောင်းစက်မှု ထုတ်လုပ်ရေး၏ အလိုအလျှောက်စနစ်များ ဌာနခွဲမှ လက်ထောက်အကြီးအကဲ Rani Avni က “ဒီလက်နက်ကို အလိုအလျှောက်စနစ်ဖြင့် အလုပ်လုပ်နိုင်ဖို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အသုံးပြုမည့်သူ၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက ဆက်ပြီး “လက်ရှိမှာတော့ စနစ်၏ ရင့်ကျက်မှု သို့မဟုတ် အသုံးပြုမည့်သူ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ဒီလို တိုက်ခိုက်နိုင်တဲ့ အလိုအလျှောက် လက်နက်စနစ်များကို အဆုံးသက်ရန် ပိုမို ကြီးမားတဲ့ လှုပ်ရှားမှုတခုလည်း ရှိခဲ့ပြီး ဖြစ်ပါတယ်။
မကြာသေးမီက အစီအရင်ခံစာတခုအရ ကမ္ဘာ့နိုင်ငံအများအပြားဟာ ဒီလို လူ့အသက်ကို ဆုံးဖြတ်ပေးနိုင်တဲ့ ဒရုန်းတွေအပါအဝင် သေမင်း တမန် စက်ရုပ်စနစ်တွေကို နိုင်ငံအများအပြားမှာ လုပ်ဆောင်နေပြီးဖြစ်တယ်ဆိုတာကို ကုလသမ္မဂက တွေ့ရှိခဲ့ပါတယ်။
ဒါဟာ လက်တလော နိုင်ငံများတွင် ခေတ်စားနေသည့် စစ်ဘက်ဆိုင်ရာ နည်းပညာဖြစ်ပြီး ကမ္ဘာ့အရှည်ကြာဆုံးသော ပဋိပက္ခဇုန်များတွင် အဆိုပါ လက်နက်တပ်ဆင်ထားသည့် စက်ရုပ်များကို စစ်ပွဲဆင်နွဲရန် အသုံးပြုဖွယ်ရှိပါတယ်။
လက်ရှိအချိန်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်နှင့်အတူတကွ ပူးပေါင်းပြီး စစ်မြေပြင်တွင် အလိုအလျှောက် မောင်းနှင်နိုင်သည့် စက်ရုပ်များကို အဆုံးသတ်ရန် သဘောတူဆောင်ရွက်ဖို့ အချိန်ကောင်းပဲဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။