Iron Dome လေကာစနစ် ကဲ့သို့ အစွမ်းထက်မည့် အစ္စရေး ၏ C-Dome လေကာစနစ်သစ်

Military News

အစ္စရေး၏ ဝေဟင်ကာကွယ်ရေး စနစ်တခုဖြစ်သည့် Iron Dome ဟာ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများကို ထိရောက်စွာ တားဆီးနိုင်သည့်အတွက် လူသိများပြီး ဖြစ်ပါတယ်။

အခုတော့ အစ္စရေး ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ Rafael ဟာ ၎င်း၏ အဆင့်မြင့် လေကြောင်း ကာကွယ် ရေး စနစ်သစ်ဖြစ်တဲ့ C-Dome ကို စမ်းသပ်နေပါတယ်။

C-Dome ဟာ Iron Dome ၏ ရေတပ်သုံး မျိုးကွဲဖြစ်ပြီး အစ္စရေးရေတပ်၏ Sa’ar 6 ကော်ဗက် ရေယာဉ် (INS) များနှင့် အတူ တွဲဖက်ကာ ပစ်မှတ်များစွာကို ချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်က ပထမဆုံး စတင်အသုံးပြုခဲ့သည့် Iron Dome ဟာ ရော့ကတ်ဖြင့် တိုက်ခိုက်မှုများကို ၉၀ ရာခိုင်နှုန်းနှင့် အထက် တိကျစွာ ကာကွယ် နိုင်ပြီး ဖြစ်ပါတယ်။

ကမ္ဘာကျော် Iron Dome လေကာ စနစ်

၎င်းတို့ဟာ သီးခြား သို့မဟုတ် အခြား Iron Dome စနစ်များနှင့် တွဲဖက်ပြီး သို့မဟုတ် ရေဒါများနှင့် သီးခြားခွဲကာ အလုပ်လုပ် နိုင်စွမ်း ရှိပါတယ်။

ဒီစနစ်ဟာ ဝင်ရောက်လာမယ့် ဒုံးကျည်၊ ရော့ကတ်များ၏ တိုက်ခိုက်မှုများကို ကြားဖြတ်နိုင်ရုံသာမက ဒုံးကျည်၏ လမ်း ကြောင်းများကိုပါ တွက်ချက်နိုင်ပါတယ်။

ဒါ့ကြောင့် ပစ်မှတ်ကို ထိရောက်မှု မရှိဘဲ ဘေးကင်းရာ နေရာကို ကျရောက်နိုင်မယ့် ဒုံးကျည်များကို လစ်လျူရှုနိုင်တဲ့အ တွက် အချိန်၊ ကုန်ကျစရိတ်နှင့် ကျည်ကို အကျိုးရှိရှိ အသုံးချနိုင်စေပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ Rafael ကုမ္ပဏီဟာ သင်္ဘောများတွင် တပ်ဆင်နိုင်သည့် Iron Dome ၏ ရေတပ် မျိုးကွဲ အယူအဆ ဒီဇိုင်းကို ပြသခဲ့ပါတယ်။

အဆိုပါ မျိုးကွဲတွင် ပစ်လွှတ်စနစ် ၁၀ ခုပါဝင်ပြီး ဒေါင်လိုက်ပစ်လွှတ် စနစ်ဖြင့် ပစ်လွှတ်ရသည့် Tamir ကြားဖြတ်ဒုံးကျည်များကို တပ်ဆင်ထားပါတယ်။

Image: Courtesy of Rafael

မြေပြင်သုံး Iron Dome ထက် C-Dome ၏ အားသာချက်ကတော့ ၃၆၀ ဒီဂရီ လှည့်နိုင်တာ ဖြစ်ပါတယ်။

နောက်ထပ် ပိုမို ကောင်းမွန်လာတာကတော့ C-Dome စနစ်ဟာ Iron Dome များကဲ့သို့ ရေဒါစနစ်ဖြင့် တွဲဖက်ထားစရာ မလိုအပ်ပါဘူး။

အဲဒီ့အစား ၎င်းဟာ သင်္ဘောတွင် ပါဝင်ပြီးသား စောင့်ကြည့်ရေး ရေဒါကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုများမှာ C-Dome စနစ်ကို အစ္စရေး ရေတပ်၏ ပင်လယ်ပြင်သုံး AESA ရေဒါ အမျိုးအစားဖြစ်တဲ့ Magen’s Adir ရေဒါကို အသုံးပြုခဲ့ပါတယ်။

Rafael ကုမ္ပဏီ၏ အဆိုအရ စမ်းသပ်မှုတွင် Sa’ar 6 ကော်ဗက် စစ်သင်္ဘော မှ C-Dome စနစ်ကို အသုံးပြုကာ ရော့ကတ်များ၊ ခရုစ်ဒုံးကျည်များနှင့် ဒရုန်းများ အစုလိုက်ဖွဲ့လာတာကိုပါ ကြားဖြတ်ခြင်းများ ပြလုပ်ခဲ့တယ်လို့ သိရပါတယ်။

Sa’ar 6 ကော်ဗက် စစ်သင်္ဘော Image: Courtesy of Rafael

စမ်းသပ်မှုများဟာလည်း အောင်မြင်ခဲ့ပြီး အားလုံးဟာ အဆင်ပြေ ချောမွေ့ခဲ့ကာ ယခု စနစ်သစ်ဟာ အစ္စရေး ရေတပ်ကို စွမ်းဆောင်ရည် ပိုမို မြင့်တက်လာစေမယ်လို့ Rafael ကုမ္ပဏီမှ ဆိုပါတယ်။

ဒါ့ကြောင့် C-Dome ဟာလည်း Iron Dome ကဲ့သို့ အောင်မြင်မှုရှိတဲ့ ဝေဟင်ကာကွယ်ရေး စနစ်တခု ဖြစ်လာမလားဆိုတာ မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *