အလွန် လျှင်မြန်တဲ့ လေယာဉ်ပေါ်က ခုန်ထွက်တာဟာ အန္တရာယ် မကင်းတဲ့အကြောင်း

Military Tech

F-35 တစင်း မြေထဲပင်လယ်ထဲသို့ ပျက်ကျခဲ့ပြီးနောက် ဗြိတိန်ဟာ ပေါင် သန်း ၁၀၀ (အမေရိကန် ဒေါ်လာ သန်း ၁၃၀) လောက် ဆုံးရှုံးခဲ့ရပြီး ကံကောင်းစွာနဲ့ပဲ လေယာဉ်မှူးကတော့ အောင်မြင်စွာ ခုန်ထွက်နိုင်ခဲ့ပါတယ်။

ဒီအကြောင်းကို “ဗြိတိန်ပိုင် F-35 တစင်း ပျက်ကျမှု နှင့် F-35 ကြုံတွေ့ဖူးသည့် ပြသနာများ” ခေါင်းစဉ်ဖြင့် ဖော်ပြပေးခဲ့ပါတယ်။

တိုက်လေယာဉ်များဟာ အလွန် တန်ဖိုးကြီးမားလှတဲ့အတွက် လေယာဉ်မှူးများဟာ အသက်အန္တရာယ်ကို တကယ်ပဲ အာမခံချက် မရှိတော့မှသာ နောက်ဆုံး အနေဖြင့် လေယာဉ်ကို ခုန်ထွက် စွန့်ခွာဖို့ လေ့ကျင့်ပေးထားတာပါ။

Sydney Morning Herald အစီရင်ခံစာအရ လေယာဉ်မှူးတယောက်ဟာ လေယာဉ်မှ ခုန်ထွက်ဖို့ မောင်းတံ ဆွဲလိုက်တိုင်းမှာ ၎င်း၏ ကျော်ရိုးကျိုးသွားနိုင်ချေ ၃ ပုံ ၁ ပုံ ရှိပါတယ်။

ဒါပေမယ့် အဲဒါဟာ မြေပြင်ပေါ် ပြုတ်ကျတာ သို့မဟုတ် လေထုထဲမှာ ပေါက်ကွဲတာထက်စာရင် ပိုမို ကောင်းမွန်တဲ့ အခွင့်အလမ်းပါလို့ ဩစတေးလျနိုင်ငံ Swinburne တက္ကသိုလ်မှ လေကြောင်း ဆေးပညာဆိုင်ရာ သုတေသီ David Newman က ပြောပါတယ်။

Newman ဟာ တော်ဝင် ဩစတေးလျ လေတပ်မှ ဆရာဝန်ဟောင်းတဦး ဖြစ်ပြီး အရပ်ဘက် လေကြောင်းလိုင်းများတွင် ပျံသန်းခဲ့ဖူး သော ကြောင့် ၎င်းအတွက် ခုန်ထွက်သည့် မောင်းတံကို ဆွဲခြင်းဟာ “နောက်ဆုံးအားကိုးရာ ဖြစ်တဲ့ လွတ်မြောက်ရေး ယန္တရားဖြစ်တယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်လေယာဉ်မှ Ejecting ခေါ် ခုန်ထွက်ခြင်းမှာ အဆင့် ၂ ဆင့်ရှိ

ခေတ်သစ် ejection seat ခေါ် လေယာဉ်မှ ခုန်ထွက်သည့် ထိုင်ခုံများဟာ အဆင့် ၂ ဆင့်ဖြင့် လုပ်ဆောင်သည့် စနစ်တခု ပါဝင်ပါတယ်။

ပထမဆုံးကတော့ ခုန်ထွက်သည့် ဂန်းစနစ်ပါ။ ၎င်းက လေယာဉ်မှူးမှ မောင်းတံကို ဆွဲလိုက်တာနဲ့ အစပြုပေးတာ ဖြစ်ပါတယ်။

၄ ပေမှ ၆ ပေ (၁ မီတာ မှ ၂ မီတာ) အထိ ရောက်ရှိသွားသောအခါ ဒုတိယ အဆင့် စတင်ပါတယ်။

ကနဦး အဆင့်အပြီး ခုံအောက်တွင် တပ်ဆင်ထားသည့် ဒုံးကျည် အသေးစားလေးဟာ စတင် အလုပ်လုပ်လာပါတယ်။

ပုံမှန်အားဖြင့် ၎င်းကို အဖြူရောင် ပြွန်ငယ်များဖြင့် ပြုလုပ်ထားပြီး တခုစီမှာ အိပ်ဇောပေါက်များအဖြစ် လုပ်ဆောင်နိုင်တဲ့ သေးငယ်သည့် နော်ဇော်များ ပါဝင်ပြီး ၎င်းတို့ တခုစီဟာ အကြမ်းဖျင်းအားဖြင့် ၀.၂ စက္ကန့်ခန့် လောင်ကျွမ်းနိုင်သည့် ဒုံးကျည် လောင်စာများ ပါရှိပါတယ်။

အဲဒီ့ကနေ ထွက်လာတဲ့ အသံဟာ ပေါက်ကွဲသံ အသေးစားလေးသာဖြစ်ပေမယ့် လေယာဉ်မှူးကို လေယာဉ်အနေအထား နှင့် ခုံအမျိုးအစားအပေါ် မူတည်ပြီး လေယာဉ်၏ အထက် ပေ ၁၀၀ (မီတာ ၃၀) လောက် အထိ မြှောက်တင်ပေးနိုင်ပါတယ်။

အဲဒီ့ အဆင့် ၂ ဆင့် ပြီးဆုံး ပြီးနောက် လေထီးဟာ ထိုင်ခုံ ထိပ်မှ ထွက်လာပါတယ်။ ကနဦး လေထီးဟာ လေယာဉ်မှူးနှင့် ထိုင်ခုံကို‌ မြေပြင်ပေါ် အန္တရာယ်ကင်းစွာ ရောက်ရှိနိုင်လောက်အောင် နှေးကွေး မသွားစေပေမယ့် လည်ထွက်သွားတာမျိုး နှင့် စိတ်ပျက်စရာ ကောင်းလောက်အောင် ယိမ်းထိုးသွားတာမျိုး မဖြစ်အောင် ရွေ့လျားမှုကို တည်ငြိမ်စေပါတယ်။

အလွန်မြင့်သည့် အမြင့်မှာ ခုန်ထွက်ခြင်းဟာ အသက်ရှူကျပ်စေနိုင်

အမြင့်ပေ ၁ သောင်း အောက် (၃,၀၅၀ မီတာ) တွင် လေထီးအသေးဟာ ထိုင်ခုံမှ လေယာဉ်မှူး၏ ဆိုင်းကြိုးကို ဆွဲဖြုတ်ကာ ထိုင်ခုံကို ပြုတ်ကျသွားစေပြီး လေထီးအကြီးကို ပွင့်စေပါတယ်။

ဒီ လုပ်ငန်းစဉ် တခုလုံးဟာ ကြာမြင့်ချိန် ၃ စက္ကန့် အောက်သာ ရှိပါတယ်။

ဒီလိုဖြစ်စဉ်ဟာ မြန်ဆန်ပေမယ့် လေယာဉ်မှူးကို ထိခိုက်နိုင်သည့် အနေအထားရှိသဖြင့် ပုံမှန်အားဖြင့် လေယာဉ်မှူးများဟာ အဲဒီ့ အခြေအနေအားလုံးကို ရှင်းလင်း ပြတ်သားစွာ မှတ်မိနေကြပါတယ်လို့ Newman ကို ပြောပါတယ်။

ပြောရရင် အလွန် စိတ်ဖိစီးစေတဲ့ အခိုက်အတန့် တခုပေါ့။

F-35 လေယာဉ်မှူးခန်း သရုပ်ပြ Courtesy of forcesdotnet

အမြင်ပေ ၂ သောင်း မှ ၃ သောင်းကြားမှာ ပင်မ လေထီးကို ရုတ်တရက် ဖွင့်လိုက်ရမယ်ဆိုတဲ့ ခံစားချက်ဟာ လုံးဝ ကောင်းမှာ မဟုတ်ပါဘူး။

အကြောင်းကတော့ လေထီး မပွင့်မှာ ကြောက်လို့ မဟုတ်ဘဲ အဲဒီ့ အမြင့်ကနေ လေထီးဖွင့်ရရင် မြေပြင်ကို ရောက်ဖို့က မိနစ် ၂၀ လောက် ကြာမြင့်မှာ ဖြစ်လို့ပါ။

ဒါ့ကြောင့် အသက်ရှူရန် အောက်ဆီဂျင် အလုံအလောက်ရှိမှာ မဟုတ်တဲ့အတွက် ထိုင်ခုံမှာ အောက်ဆီဂျင်ဘူးတွေ ချိတ်ထားရတာ ဖြစ်ပါတယ်။

Barametric ဖိအားကိရိယာဟာ လေယာဉ်မှူး အမြင့်ပေ ၁ သောင်းအောက်ကို ရောက်လာတာနဲ့ အလိုအလျှောက် သိရှိပြီး အလုပ်လုပ်မှာ ဖြစ်ပါတယ်။

ဗြိတိန်၏ F-35 လေယာဉ်မှူးဟာ အမြင့်ပေ ဘယ်လောက်မှ ခုန်ထွက်ခဲ့တာလဲ မသိရသေးပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်အလွန် ကာလ အ တွင်း လေယာဉ်မှ ခုန်ထွက်မှုပေါင်းရဲ့ ၉၂ ရာခိုင်နှုန်းဟာ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလို လွတ်မြောက် အောင်မြင်နိုင်ဖိုဆိုတာ အသက်တော့ ရင်းရပါသေးတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.