ရဟတ်ယာဉ်တင် ဖျက်သင်္ဘောမှ လေယာဉ်တင်သင်္ဘောသို့ ပြောင်းလဲတော့မယ့် Izumo သင်္ဘောများ

Military News

၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှု စင်တာ နှင့် အင်တာဗျူး တခုတွင်အမေရိကန် မရင်းတပ်ဖွဲ့၏ တပ်မှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး David Berger က ဂျပန် နှင့် ပတ်သက်သည့် အကြောင်းကို ပြောကြားခဲ့ပါတယ်။

အဲဒါကတော့ အမေရိကန် မရင်းတပ်ဖွဲ့၏ ပြေးလမ်းတို ပျံတက်နိုင်ပြီး ဒေါင်လိုက် ဆင်းသက်နိုင်တဲ့ F-35B STOVL (Short Take-off and Vertical Landing) တိုက်လေယာဉ်များဟာ ဂျပန်တို့၏ Izumo အတန်းအစား လေယာဉ်တင်သင်္ဘောပေါ်တွင်

ယခုနှစ် အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလ အတွင်းတွင် စတင်ပြီး ပျံသန်းမှုများ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အင်တာနက်ပေါ်တွင် ထုတ်ပြန်ခဲ့သည့် သတင်းအရ အမေရိကန် မရင်းတပ်ဖွဲ့ဟာ ၎င်းတို့ ကိုယ်ပိုင် F-35B များနှင့် Izumo အတန်းအစား လေယာဉ်တင်သင်္ဘော၏ ရေယာဉ်တပ်ဖွဲ့များတို့ အတူတကွ တွဲဖက်ကာ ဂျပန်ရေတပ်ကို F-35 များနှင့် စစ်ဆင်ရေးများ ဆောင်ရွက်နိုင်စွမ်းရှိအောင် လေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဟာ ၂၀၁၉ ခုနှစ်က F-35B မျိုးကွဲ စုစုပေါင်း ၄၂ စင်းကို မှာယူခဲ့ပြီး လက်ခံရရှိပါက မြေပြင် အခြေစိုက် လေတပ်စခန်းများတွင် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လတွင် F-35B မျိုးကွဲများကို ဝယ်ယူမည်ဖြစ်ကြောင်း သိရှိရပြီး ၂၀၂၃ ဘဏ္ဍာနှစ် တွင် ၁၈ စင်း၊ ၂၀၂၄ ဘဏ္ဍာနှစ်တွင် ၆ စင်း နှင့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ၂ စင်း အသီးသီး လက်ခံရရှိသွားမှာ ဖြစ်ပါတယ်။

ရရှိလာမယ့် လေယာဉ်များကို ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း မီယာကာဇီ စီရင်စုရှိ နျူတာဘာရူ လေတပ် အခြေစိုက်စခန်းတွင် လေယာဉ် အစင်း ၂၀ လျှင့် တအုပ်အဖြစ် ဖွဲ့စည်းပြီး တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။

Izumo အတန်းအစား ဘက်စုံသုံး ဖျက်သင်္ဘောများ သို့မဟုတ် 22DDH များဟာ ဂျပန် မရင်း ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ (JMSDF) အတွက် တာဝန်ထမ်းဆောင်နေတဲ့ ရဟတ်ယာဉ်တင် သင်္ဘောတစီး ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလောက်မှာ Reuters နှင့် Yomiuri Shimbun သတင်းဌာနများအပါအဝင် သတင်းရင်းမြစ်များက Izumo အတန်းစား ကို ဂျပန်အစိုးရက F-35B များတင်ဆောင်နိုင်ရန် ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ Yomiuri Shimbun သတင်းဌာနမှ ဂျပန်ဟာ F-35B အစင်း ၄၀ ကို Izumo အတန်းအစား လေယာဉ်တင် သင်္ဘောများနှင့် တွဲဖက် အသုံးပြုရန် မှာယူဖို့ စီစဉ်နေတယ်လို့ ထပ်မံ ဖော်ပြခဲ့ပါတယ်။

Izumo အတန်းအစား လေယာဉ်တင် သင်္ဘော တစီး စီတွင် F-35B မျိုးကွဲ တိုက်လေယာဉ် ၁၂ စင်း နှင့် အထက် တာဝန် ထမ်းဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ ဂျပန် အစိုးရအဖွဲ့မှ Izumo အတန်းအစား ရဟတ်ယာဉ်တင်သင်္ဘောကို လေယာဉ်တင်သင်္ဘော အဖြစ် အဆင့်မြှင့်တင်ဖို့ ခွင့်ပြုခဲ့ပါတယ်။

အဆင့်မြှင့်တင်မှုတွင် လေယာဉ်ပြေးလမ်း ကြမ်းပြင်ကို F-35B ၏ အလေးချိန်ကို ခံနိုင်အောင် ပြင်ဆင်ခြင်းနှင့် အိပ်ဇောမှ ထွက်သည့် အပူဒဏ်များခံနိုင်ရန် ပြင်ဆင်ခြင်း များပါဝင်ပါတယ်။

ရဟတ်ယာဉ်တင်သင်္ဘော Izumo အတန်းအစား ဆောက်လုပ်ခြင်းကို ၂၀၁၁ ခုနှစ်မှာ ယိုကိုဟားမား သင်္ဘောကျင်းတွင် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် မှ သင်္ဘောဧရာကို ရေချခဲ့ပြီး ၂၀၁၃ ခုနှစ် ဩဂုတ်လမှာတော့ စတင် အသုံးပြုခဲ့ပါတယ်။

လက်ရှိဂျပန်ရေတပ်တွင် JS Izumo (DDH-183) နှင့် Kaga (DDH-184) ဆိုပြီး Izumo အတန်းအစား သင်္ဘော ၂ စီး တာဝန် ထမ်းဆောင်လျှက် ရှိပါတယ်။

အရှည် ၂၄၈ မီတာ၊ အကျယ် ၃၈ မီတာ၊ ရေစူး ၇.၅ မီတာ၊ ကုန်းပတ်မှ အောက်ခြေအထိ အမြင့် ၃၃.၅ မီတာ ရှိတဲ့ ဒီသင်္ဘော၏ အလေးချိန်ဟာ ဝန်မပါ ၁၉,၅၀၀ တန် နှင့် ဝန်အပြည့်တွင် ၂၇,၀၀၀ တန် ရှိမှာ ဖြစ်ပါတယ်။

ရဟတ်ယာဉ်သင်္ဘောအဖြစ်နှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေး ရဟတ်ယာဉ် (ASW) ၇ စင်းနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ် ၂ စင်း အပါအဝင် စုစုပေါင်း ရဟတ်ယာဉ် ၉ စင်းအထိ တာဝန် ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

သင်္ဘောကို GE/IHI LM2500IEC ဓာတ်ငွေ့တာဘိုင် လေးလုံး ပါဝင်တဲ့ ပေါင်းစပ် ဓာတ်ငွေ့ တာဘိုင်နှင့် ဓာတ်ငွေ့တာဘိုင် (COGAG) တွန်းကန်စနစ်ဖြင့် မောင်းနှင်တာ ဖြစ်ပါတယ်။

အမြင့်ဆုံး တနာရီလျှင် ရေမိုင် ၃၀ နှုန်းအထိ မောင်းနှင်နိုင်ပြီး ရေတပ်အဖွဲ့သားများနှင့် လေယာဉ်အမှူထမ်းများအပါအဝင် စုစုပေါင်း လူ ၉၇၀ ခန့် တာဝန် ထမ်းဆောင်နိုင်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *