နိုင်ငံ၏ ကုန်တင်သင်္ဘောတွေကို အလိုအလျှောက် စနစ်ဖြင့် ခုတ်မောင်းနိုင်အောင် လုပ်ဆောင်နေတဲ့ ဂျပန်နိုင်ငံ

News Tech

အလိုအလျှောက်မောင်းနှင်တဲ့ စနစ်တွေ ခေတ်စားလာတဲ့ အချိန်မှာ ဂျပန်ဟာ ၎င်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်မှု ကဏ္ဍကို ကြီးကြီးမားမား ပြောင်းလဲဖို့ရာ လုပ်ဆောင်နေပါတယ်။

ဂျပန်ဟာ လာမယ့် နှစ်တွေမှာ နိုင်ငံ၏ အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ လူမဲ့ ကုန်တင်သင်္ဘောများ ကဏ္ဍကို တိုးမြှင့်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ကမ္ဘာပေါ်မှာ ဦးဆောင်နိုင်ငံတခု ဖြစ်နိုင်ဖို့ ကြိုးစားနေပါတယ်။

၂၀၄၀ ခုနှစ်မှာ ဂျပန်နိုင်ငံတွင် အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ သင်္ဘောအရေအတွက်ဟာ ၅၀ ရာခိုင်နှုန်းလောက်အထိ ရှိလာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

ကမ္ဘာပေါ်တွင် ပထမဆုံး အလိုအလျှောက်ခုတ်မောင်းနိုင်သည့် ကုန်တင်သင်္ဘောများ၊ ကုန်ရေးနှစ်သွယ် သင်္ဘောများနှင့် ကူးတို့သင်္ဘောများကိုလည်း စမ်းသပ်ပြီးပြီလို့ သိရပါတယ်။

အနာဂါတ်အတွက် အပြည့်အဝ အလိုလျှောက် ခုတ်မောင်းနိုင်မယ့် သင်္ဘောများကို ဒီဇိုင်းဆွဲနိုင်ဖို့ DFFAS (Designing the Future of Full Autonomous Ship) ဆိုတဲ့ စီမံကိန်းကို လုပ်ဆောင်နေတာဖြစ်ပြီး စီးပွားရေးလုပ်ငန်း ၂၂ ခုလောက် ပါဝင်နေပါတယ်။

စီမံကိန်းမှ ၂၀၄၀ ခုနှစ်မှာ နိုင်ငံ သင်္ဘောများရဲ့ ၅၀ ရာခိုင်နှုန်းဟာ အလိုအလျှောက်စနစ် အသုံးပြုနိုင်မယ်လို့ ခန့်မှန်းထားပြီး အဲဒီ့အထဲက ၁၀ ရာခိုင်နှုန်းလောက်ဟာ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ပြီးစီးမယ်လို့ သိရပါတယ်။

စီမံကိန်းကို ဦးဆောင်တဲ့ Japan Marine Science Inc ကတော့ ကမ္ဘာ့ ပထမဆုံး မောင်းသူမပါတဲ့ သင်္ဘောကို ၂၀၂၅ ခုနှစ်မှာ ပထမဆုံး ပြသသွားမှာ ဖြစ်ပြီး ဂျပန်ပင်လယ်ထဲမှာ စမ်းသပ်သွားမယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီလို ပြည်တွင်း သင်္ဘောတွေကို အရင်ဆုံး လုပ်ဆောင်တာဟာ အဓိပ္ပါယ်ရှိပြီး ရင်းနှီးမြှုပ်နှံမှု သက်သာခြင်း၊ ထိခိုက်မှုနည်းခြင်း နှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာစရာ နည်းပါးခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဆိုပါတယ်။

သင်္ဘောတွေဟာ လေယာဉ်တွေထက် ကုန်ပစ္စည်းများ ပိုမို တင်ဆောင်နိုင်ကာ သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ် သက်သာပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အများကြီး သက်ရောက်စေပါတယ်။

ဒါ့အပြင် အခြား ယာဉ်များထက် သင်္ဘောတွင် အသုံးပြုသည့် လောင်စာများမှာ ဆာလ်ဖာဓာတ် ပိုမို များပြားသဖြင့် ပတ် ဝန်းကျင်ကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

ဒါ့ကြောင့် Nippon Foundation မှ အဆိုပါ ပြဿနာအား ဖြေရှင်းနိုင်ဖို့အတွက် ဒီလို အလိုအလျှောက် သင်္ဘောစနစ်တွေကို အသုံးပြုနိုင်ဖို့ စဉ်းစားနေတာပါ။

ပတ်ဝန်းကျင် ထိခိုက်မှု အပြင် ဂျပန်နိုင်ငံမှာ အခြား ပြဿနာများကိုလည်း ထည့်စဉ်းစားရပါသေးတယ်။

အဲဒါကတော့ မွေးဖွားနှုန်း ကျဆင်းလာမှုနှင့် အသက်အရွယ် ကြီးမြင့်သည့် လူဦးရေ မြင့်တက်လာခြင်းတို့ ဖြစ်ကြပါတယ်။

နိုင်ငံရဲ့ လုပ်သား ပမာဏဟာ အလျှင်အမြန်နှင့် သိသိသာသာ ကျဆင်းနေပြီး ဒါဟာ နိုင်ငံ စီးပွားရေးကို သိသိသာသာ ရိုက် ခတ်လာနိုင်ဖွယ် ရှိပါတယ်။

Misui OSK Lines Ltd ဟာလည်း အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ သင်္ဘောများဖြစ်တဲ့ Mikage နဲ့ Suzaku တို့ကို တည် ဆောက်ထားပါတယ်။

တကယ်တော့ ဂျပန်ဟာ အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ သင်္ဘောကို တည်ဆောက်နေတဲ့ ပထမဆုံး နိုင်ငံတော့ မဟုတ်ပါဘူး။

Yara-Birkeland

နော်ဝေနိုင်ငံဟာ The Yara Birkeland လို့ခေါ်တဲ့ အလိုအလျှောက် ခုတ်မောင်းနိုင်တဲ့ ကုန်တင် သင်္ဘောပေါ် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

အဆိုပါသင်္ဘော အကြောင်းကို “အလိုအလျှောက်ခုတ်မောင်းနိုင်မယ့် နော်ဝေနိုင်ငံ၏ ပထမဆုံး လျှပ်စစ်စွမ်းအင် ကုန်တင်သင်္ဘော” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ခုနှစ်က နာမည်ကြီး ကားကုမ္ပဏီ Rolls Royce နှင့် ကွန်ပျူတာ မိုက်ခရိုချစ်ပ် ထုတ်လုပ်သည့် Intel ကုမ္ပဏီ တို့ ပူးပေါင်းပြီး လူမလိုတဲ့ အလိုအလျှောက် သင်္ဘောခုတ်မောင်းစနစ် ဖန်တီးမယ်လို့ ကြေငြာခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *