ဂျပန်၏ ဆဌမမျိုးဆက် တိုက်လေယာဉ် F-X အကြောင်း အပြည့်အစုံ (ဆောင်းပါးရှည်)

Article Military

မနှစ်က ဒီဇင်ဘာလတုန်းက ဂျပန်နိုင်ငံ Nikkei သတင်းစာမှ ဂျပန်နိုင်ငံ၏ ဆဌမ မျိုးဆက် တိုက်လေယာဉ် ဖြစ်လာနိုင်သည့် လေယာဉ် အကြောင်းကို ဖော်ပြခဲ့ပါတယ်။

အဲဒီ့ လေယာဉ်ကို ပြည်တွင်းမှာ ထုတ်လုပ်မှာ ဖြစ်ပြီး စီမံကိန်း၏ ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာ ယန်း ၅ တြီလီယံ (အမေရိကန် ဒေါ်လာ ၄၈ ဘီလီယံ) လောက် ရှိမှာ ဖြစ်ပါတယ်။

လေယာဉ်သစ်၏ နာမည်ကို F-X သို့မဟုတ် F-3 လို့ အမည်ပေးထားပြီး အဆိုပါလေယာဉ်ဟာ တရုတ်နှင့် ရုရှားတို့၏ နောက်ဆုံးပေါ် တိုက် လေယာဉ်များထက် သာလွန်ဖို့ မျှော်လင့်ရပါတယ်။

လက်ရှိ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာ၏ တွက်ချက်မှုအရ တရုတ်နိုင်ငံတွင် လိုသလို အသုံးပြုနိုင်သည့် စတုတ္ထမျိုးဆက် တိုက်လေယာဉ်ပေါင်း ၁ ထောင်ကျော် ရှိနေပါတယ်။

ပိုဆိုးတာက ဂျပန်နိုင်ငံ၏ ရှုထောင့်မှ ကြည့်လျှင် ဒီ အရေအတွက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကထက် ၃ ဆလောက် ပိုများလာတာ ဖြစ်ပါတယ်။

တိုကျိုရဲ့ စိုးရိမ်မှုတွေကို ပိုတိုးလာစေတာကတော့ ဘေဂျင်းဟာ J-20 လို ရေဒါပျောက်စွမ်းရည်ရှိတဲ့ ပဥ္စမမျိုးဆက် တိုက်လေယာဉ်တွေ ရှိလာတာပဲ ဖြစ်ပါတယ်။

ရုရှားဟာလည်း လက်ရှိမှာ Su-57 ပဥ္စမမျိုးဆက် တိုက်လေယာဉ်တွေ ထုတ်လုပ်နေပြီး နောက်ထပ် လေယာဉ်သစ် Checkmate အပြင် ကြီးမားတဲ့ မောင်းသူမဲ့လေယာဉ်တွေပါ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဂျပန်ရဲ့ အမြင်အရတော့ အခြေအနေ မကောင်းပါဘူး။ ဒီ တိုက်လေယာဉ်ထုတ်မယ့် သတင်းကတော့ လုံးဝထင်မှတ်မထားဘဲ ထွက်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန် အစိုးရဟာ ၂၀၁၈ ခုနှစ်မှာ ကိုယ်ပိုင် မျိုးဆက်သစ် တိုက်လေယာဉ်များကို ထုတ်လုပ်ရန် ၎င်း၏ အလယ်အလတ်ကာလ အစီအစဉ်များကို အသေးစိတ် ဖော်ပြခဲ့ပါတယ်။

အခု သတင်းသစ်ကတော့ စီမံကိန်းရဲ့ အမှန်တကယ် အသေးစိတ် အချက်အလက် အချို့ကို ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

ယခင် သတင်းနှင့် ပတ်သက်ပြီး Knowledgeworms တွင် “နည်းပညာမြင့် ကာကွယ်ရေးပစ္စည်းသစ်များနှင့် ဂျပန် မျိုးဆက်သစ် တိုက်လေယာဉ်” ဆိုပြီး ဖော်ပြခဲ့ပါသေးတယ်။

တိုက်လေယာဉ်သစ်ကို ဘယ်သူဆောက်မှာလဲ

နည်းပညာအားဖြင့် အဆင့်မြင့်ပြီး တီထွင်မှုတွေရှိတဲ့ နိုင်ငံဖြစ်နေပေမယ့် ဂျပန်ဟာ တိုက်လေယာဉ်သစ်ကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့အတွက် ဦးမဆောင်ခဲ့တာ နှစ် ၄၀ လောက်ရှိပါပြီ။

ဒီအကြောင်းပြချက်ကြောင့် ဂျပန်ဟာ ၎င်း၏ မဟာမိတ်နိုင်ငံများဖြစ်တဲ့ အမေရိကန်နှင့် ဗြိတိန်တို့၏ နည်းပညာ အကူအညီရယူဖို့ အရမ်းကို စိတ်ဝင်စားနေခဲ့ပါတယ်။

နိုင်ဝင်ဘာ ၂၀၂၀ ခုနှစ် Nikkei သတင်းစာတွင် ဖော်ပြခဲ့သည့် သတင်းအရ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနဟာ အမေရိကန်၏ Lockheed နှင့် Boeing၊ ဗြိတိန်၏ BAE systems တို့နှင့် အလားအလာကောင်းများကို ကျဉ်းမြောင်းစေခဲ့ပါတယ်။

အဆိုပါ ကုမ္ပဏီများကို ရေဒါနှင့် ဒုံးကျည်ကဲ့သို့ စနစ် ပေါင်းစပ်မှု စွမ်းရည်၊ ရေဒါပျောက်နိုင်စွမ်း မြင့်မားမှုနှင့် လှုပ်ရှားနိုင်မှု စွမ်းရည် နှင့် ထိရောက်ပြီး ကုန်ကျစရိတ်သက်သာသည့် နည်းပညာ စသည့် ကဏ္ဍ ၃ ခုအပေါ် မူတည်ပြီး အကဲဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သီအိုရီအရ တိုက်လေယာဉ်သစ်ဟာ ပူးတွဲ စစ်ဆင်ရေးများ ပြုလုပ်ရန် နှင့် အရေးကြီးတာက ပိုမို လုံခြုံစိတ်ချမှုရှိစေရန် မဟာမိတ် ဖြစ်တဲ့ အမေရိကန်လေယာဉ် F-22၊ F-35 များနှင့် အချက်အလက် မျှဝေနိုင်ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Lockheed Martin လို အမေရိကန် ကုမ္ပဏီများနှင့် ပူးပေါင်းတာဟာလည်း ဂျပန် တိုက်လေယာဉ် ဒီဇိုင်းအဖွဲ့အတွက် စိတ်ဝင်စားဖွယ်ရာ အကျိုးရလဒ်တွေ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

ပဥ္စမ မျိုးဆက် တိုက်လေယာဉ်များ

Lockheed ၏ ထူးခြားတဲ့ လေယာဉ်ဒီဇိုင်း အတွေ့အကြုံများအပြင် ဂျပန် ကုမ္ပဏီများဟာ Northrop Grumman ကုမ္ပဏီမှ နည်းပညာအဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်ဦးမှာ ဖြစ်ပါတယ်။

Northrop Grumman ဟာ အထူးသဖြင့် တိုက်လေယာဉ်များအတွက် အာရုံခံ ကိရိယာများနှင့် အချက်အလက် ကွန်ယက် ချိတ်ဆက်မှု နည်းပညာများကို ဒီဇိုင်းဆွဲရာတွင် အထူးကျွမ်းကျင်ပါတယ်။

ဒီလိုအကြောင်းပြချက်ကြောင့် Lockheed နှင့် ပူးပေါင်းခြင်းဟာ Mitsubishi Heavy စက်မှု ကုမ္ပဏီ အနေဖြင့် Northrop ၏ နည်းပညာ အထောက်အပံ့ကိုပါ ရရှိဖို့ လွယ်ကူစေမှာ ဖြစ်ပါတယ်။

ရန်သူ့ တိုက်ခိုက်မှုများကို အီလက်ထရိုမဂ္ဂနက်တစ် လှိုင်းကို အသုံးပြုပြီး ကာကွယ်နိုင်တဲ့ အီလက်ထရောနစ် စစ်ပွဲ နည်းပညာ အတွင် အထူး ကျွမ်းကျင်တဲ့ ဗြိတိန် ကုမ္ပဏီ BAE Systems ဟာလည်း ဂျပန်အတွက် ကောင်းမွန်တဲ့ ရွေးချယ်မှုဖြစ်ပါတယ်။

ဒီ အီလက်ထရောနစ် စစ်ပွဲသုံး စနစ်ဟာ ဂျပန်၏ ပြည်တွင်းဖြစ် တိုက်လေယာဉ် အတွက် မရှိမဖြစ် လိုအပ်နေတဲ့ စနစ်တခုလည်း ဖြစ်ပါတယ်။

ဒီ ကုမ္ပဏီကြီးတွေအပြင် အခြား ကုမ္ပဏီပေါင်း ၁ ထောင်လောက်ဟာလည်း ဒီ စီမံကိန်းမှာ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါဟာ တိုက်လေယာဉ်တစင်း ထုတ်လုပ်ဖို့အတွက် ပုံမှန် လိုအပ်တဲ့ ကုမ္ပဏီ အရေအတွက်ပဲ ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာများ၊ ပေါ့ပါးသည့် လေယာဉ် ကိုယ်ထည်များနှင့် သတင်း အချက်အလက် စနစ်များကိုတော့ ပြည်တွင်း ကုမ္ပဏီများမှာ မှာယူဖို့ မျှော်လင့်ရပါတယ်။

တိုက်လေယာဉ်သစ်၏ ဖြစ်နိုင်မည့် ပုံစံ

ကျွန်တော်တို့ လက်ရှိ ဂျပန်တိုက်လေယာဉ်သစ်၏ ဒီဇိုင်းနှင့် ပတ်သက်ပြီး အယူအဆ ဒီဇိုင်းကိုသာ သိရှိထားပါတယ်။ ဒါ့ကြောင့် တကယ့်နောက်ဆုံးမှာတော့ အလွန်ကွဲပြားနိုင်ပါတယ်။

အချို့ကတော့ F-22 ထက် ကြီးနိုင်မယ်လို့ ထင်ကြီးပေးနေကြပြီး နောက်ကွယ်မှာ နာမည်ပြောင် “ဂေါ်ဇီလာ” လို့တောင် အမည် ပေးထားကြပါတယ်။

သို့ပေမယ့် F-X လို့ သိထားကြတဲ့ တိုက်လေယာဉ်သစ်ဟာ အီလက်ထရောနစ်အားဖြင့် လုပ်ဆောင်ချက်များကို ထိန်းချုပ်သည့် မျက်နှာပြင်ပုံစံဖြင့် လာမှာ ဖြစ်ပါလိမ့်မယ်။

ရေဒါပျောက်နိုင်စွမ်းကို ထိန်းထားဖို့အတွက် လေယာဉ်အတွင်းမှာ နေရာလွတ် မရှိသလောက် ဖြစ်နေမှာ ဖြစ်ပြီး သမားရိုးကျ ဟိုက်ဒရောလစ် စနစ်များကို အနည်းငယ်သာ အသုံးပြုနိုင်မှာပါ။

၎င်းတွင် ဖိုက်ဘာ အော့ပတစ် ပျံသန်းမှု ထိန်းချုပ်စနစ် (Fly by light system လို့ခေါ်) အပြင် ရေဒါပျောက်စွမ်းရည်ကို ထိန်းသိမ်းပြီး အပူထွက်ရှိမှုကို လျှော့ချဖို့ လေယာဉ် လေဝင်ပေါက် ဒီဇိုင်းကို မြွေလိမ်မြွေကောက်ပုံစံ တည်ဆောက်ဖွယ်ရှိပါတယ်။

F-X ကို အပူကာနှင့် ပေါင်းစပ် ဖွဲ့စည်းမှုများကို ပေါင်းစပ်သတ္တုများဖြင့် ပြုလုပ်ဖွယ်ရှိကာ ၎င်းဟာ လေယာဉ်၏ အလေးချိန်ကို လျှော့ချပေးပြီး ပျံသန်းနိုင်တဲ့ အကွာအဝေးကို တိုးမြှင့်စေမှာ ဖြစ်ပါတယ်။

တွန်းအားပေး အင်ဂျင်စနစ်နှင့် ပတ်သက်ပြီး အဓိက ကုမ္ပဏီများထဲမှ တခုဖြစ်တဲ့ IHI ကော်ပိုရေးရှင်းမှ ပါဝင်မှာ ဖြစ်ကာ ၂၀၁၈ ခုနှစ်ကတည်းက XF9-1 low-bypass turbofan အင်ဂျင်ကို စမ်းသပ်နေတာ ဖြစ်ပါတယ်။

အဆိုပါ အင်ဂျင်ဟာ အပူချိန် ၁,၈၀၀ ဒီဂရီ စင်တီဂရိတ်အထိ မြှင့်တင်နေတဲ့ တချိန်ထဲမှာ လေယာဉ်၏ အလေးချိန်ကျဆင်း နေစေတဲ့ ထူးခြားဆန်းပြားတဲ့ စိတ်ဝင်စားစရာ ပစ္စည်းအချို့ ပါဝင်မှာ ဖြစ်ပါတယ်။

အင်ဂျင်ဟာ afterburner ဖွင့်ပြီး တွန်းကန်စေတဲ့ အခါမှာတော့ တွန်းကန်အား ၁၆.၅ တန်လောက် ပေးစွမ်းနိုင်ပါတယ်။ ဒီဟာ အထင်ကြီးစရာကောင်းပေမယ့် F-22 Raptor အင်ဂျင်ဖြစ်တဲ့ F119 ထက် အနည်းငယ် နိမ့်နေပါသေးတယ်။

ဂျပန် အင်ဂျင်နီယာများဟာ ထိုအင်ဂျင်ကို thrust vectoring နော်ဇယ်များနှင့် စမ်းသပ်နေပြီး အောင်မြင်ပါက F-X ဟာ ပျံသန်းနေချိန်မှာ ထိပ်တန်းလေယာဉ်များဖြစ်တဲ့ F-22 နှင့် ရုရှား Su-27/30/35/57 များကဲ့သို့ လေယာဉ်ကို လိုသလို အထူး လှုပ်ရှား ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။

Toshiba နှင့် Fujitsu အပါအဝင် အခြား အဖွဲ့ဝင် ကုမ္ပဏီများကတော့ F-X ၏ Gallium-Nitride လို့ခေါ်တဲ့ Active Electronically Scanning Array (ခေတ်သစ် တိုက်လေယာဉ်တွေရဲ့ AESA ရေဒါများ အကြောင်း တွင် ဖတ်ရှုပါ) ကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။

အဲဒီ့ ရေဒါစနစ်ဟာ ပုံစံကို ၂ ဆတိုးမြှင့်ပြီး ပျံသန်းနေချိန်မှာ ဝင်ရောက်လာမည့် ဒုံးကျည်များကို မိုက်ခရိုဝေ့ဖ် လှိုင်းဖြင့် တားဆီးနိုင်မည့် စနစ်အဖြစ် ကိုပါ အသုံးချနိုင်ဖွယ်ရှိပါတယ်။

အဆိုပါရေဒါတွင် အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာနှင့် လျှပ်စစ် သံလိုက်လှိုင်း အာရုံခံ ကိရိယာ (ESM) များကိုပါ တပ်ဆင်မှာ ဖြစ်ပါတယ်။

F-X တိုက်လေယာဉ်ဟာ ဘာတွေ စွမ်းဆောင်နိုင်မှာလဲ

လက်ရှိမှာတော့ F-X တွင် ပါဝင်နိုင်မယ့် ပစ္စည်းများ၏ ဖြစ်နိုင်ချေ အနည်းငယ်ကို သိပြီ ဖြစ်ပေမယ့် နည်းပညာ အချက်အလက်များကိုတော့ မရရှိနိုင်သေးပါဘူး။

တိုက်လေယာဉ်ဟာ အဆင့်မြင့် နည်းပညာများနှင့် အင်ဂျင် ၂ လုံးတပ် လေယာဉ် ဖြစ်နိုင်ဖွယ်ရှိပြီး၊ ဒရုန်းများကို ထိန်းချုပ်နိုင်သည့် စနစ်၊ မြင်ကွင်းတုပါဝင်သည့် ဦးဆောင်း နှင့် မိုက်ခရိုဝေ့ဖ် လက်နက်ပုံစံ ရေဒါ (အထက်တွင် ဖော်ပြခဲ့သလို) များ ပါဝင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် ခေတ်မှီသော စစ်ဆင်ရေး စနစ်များနှင့် အီလက်ထရောနစ် စစ်ပွဲ စွမ်းရည်များပါဝင်ဖွယ် ရှိပါတယ်။ ဒီ ကဏ္ဍကိုတော့ Mitsubishi Electric က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

စနစ်တွင် မိမိ ရေဒါလှိုင်းအား ဖိဖျက်ခံရမှု ကာကွယ်ခြင်းများ၊ ဥပမာအားဖြင့် တိုက်လေယာဉ်တွင် အခြား အမေရိကန်အပါအဝင် မိတ်ဖက်လေယာဉ်များ၏ အာရုံခံကိရိယာ နှင့် ဒုံးကျည် ပစ်မှတ်ရှာ စွမ်းရည်တို့ကို

ပေါင်းစပ်ပြီး မြင်ကွင်းလွန် ဒုံးကျည်ပစ်ခတ်မှု၏ တိကျမှုကို မြှင့်တင်ပေးနိုင်သည့် တိုက်လေယာဉ် ပေါင်းစပ် ပစ်ခတ်မှု ထိန်းချုပ်ရေးစနစ် (IFCF) ကို တပ်ဆင်ထားဖွယ်ရှိပါတယ်။

F-X တိုက်လေယာဉ်၏ ဆင်းသက်မှု စနစ်ကို ဂျပန် ကုမ္ပဏီ Subaru က တာဝန်ယူ ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။

ကားထုတ်လုပ်သည့် Subaru ဟာ လေယာဉ်အတွက် ဌာနခွဲ မရှိပေမယ့် လက်ရှိမှာ Boeing 777 လေယာဉ်များအတွက် အဆင်းဂီယာ စနစ်နှင့် တောင်ပံများကို ထုတ်လုပ်ပေးနေပါတယ်။

သိရသလောက်တော့ F-X ဟာ “Loyal wingmen” သို့မဟုတ် “တိုက်ခိုက်ရေး ထောက်ပံ့မှု မောင်းသူမဲ့လေယာဉ်” ၃ စင်းအထိ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒီ မောင်းသူမဲ့လေယာဉ်များဟာ အာရုံခံကိရိယာများ သယ်ဆောင်နိုင်ပြီး ကင်းထောက်လေယာဉ်အဖြစ် အသုံးပြုနိုင်သလို အပို လက်နက်များလည်း တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ မောင်းသူမဲ့လေယာဉ်စနစ်ကို နားလည်စေရန် Knowledgeworms မှ “F-22၊ F-35 တို့နှင့်တွဲဖက် ပျံသန်းခဲ့တဲ့ XQ-58 Valkyrie UCAV နှင့် အနာဂါတ်နည်းပညာများ” ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။

မည်သည့် မောင်းသူမဲ့ လေယာဉ် အမျိုးအစားမဆို F-X ၏ ထိုးစစ်စွမ်းရည်ကို သိသိသာသာ တိုးတက်စေပြီး လူလိုက်ပါသည့် ဂျက်လေယာဉ်အား ရန်သူမှ တိုက်ခိုက်မှုကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပါတယ်။

Lockheed Martin ကုမ္ပဏီဟာ F-X လေယာဉ်ကိုယ်ထည် ထုတ်လုပ်မှုအတွက် ရေဒါပျောက်စနစ် ထည့်သွင်းရာတွင် Mitsubishi ကုမ္ပဏီကို ကူညီပေးမည့်အပြင် စနစ်ပေါင်းစပ်ခြင်းကိုပါ အကူအညီပေးဖွယ် ရှိပါတယ်။

အလွန်အဆင့်မြင့်သည့် စနစ်များကို ပေါင်းစပ်ခြင်းဟာလည်း အလွန် ခေါင်းခဲစရာတခု ဖြစ်ပြီး လေယာဉ်ဟာ လုံးဝ ရေဒါပျောက် ဖြစ်ဖို့အတွက် လေယာဉ် ကိုယ်ထည်ဒီဇိုင်းနှင့် သတ္တုပစ္စည်း ရွေးချယ်မှုဟာ အလွန်အရေးကြီးပါတယ်။

တိုက်လေယာဉ်သစ်ကို ဘက်စုံသုံး တိုက်လေယာဉ်အဖြစ် အသုံးပြုဖွယ်ရှိပြီး မြေပြင်၊ ရေပြင်နှင့် ဝေဟင် အားလုံးရှိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိကာ အီလက်ထရောနစ် လှိုင်းအနှောင့်အယှက်များရှိသည့်တိုင် မိမိ မိတ်ဖက်များနှင့် ဆက်သွယ်ရန် နောက်ထပ် ကွန်ယက်စနစ်များ ပါဝင်မှာပါ။

လက်နက်အတွက် ဝမ်းဗိုက်အတွင်းတွင် ဝေဟင်မှ ဝေဟင်ပစ်၊ မြေပြင်မှ မြေပြင်ပစ် နှင့် သင်္ဘောဖျက်ဒုံး အပါအဝင် မည်သည့် ဒုံးကျည်အမျိုးအစားကိုမဆို ၆ လုံးအထိ တင်ဆောင်နိုင်ဖွယ်ရှိပါတယ်။

သတင်းထုတ်ပြန်ချက်များအရ ဂျပန်ဟာ F-X လေယာဉ်သစ်ကို အစင်း ၉၀ လောက်အထိ တည်ဆောက်ဖွယ်ရှိပြီး လက်ရှိ သက်တမ်းကြာရှည်နေပြီဖြစ်တဲ့ F-2 တိုက်လေယာဉ် ၉၈ စင်း နေရာမှာ အစားထိုးဖွယ်ရှိနေပါတယ်။

လေယာဉ်ကို ၂၀၃၅ ခုနှစ်တွင် အဆင်သင့် ဖြစ်ဖို့ မျှော်လင့်ရပြီး ၂၀၂၄ ခုနှစ်တွင် ရှေ့ပြေးပုံစံထွက်ရှိကာ ၂၀၂၈ တွင် ပထမဆုံး စတင် ပျံသန်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

X-2 “Shinshin”

F-X ကို အများအပြား ထုတ်လုပ်မှုကိုတော့ ၂၀၃၁ ခုနှစ်တွင် စတင်နိုင်ဖွယ်ရှိပြီး သတ်မှတ်ထားသည့် အချိန်ဖြစ်သည့် ၂၀၃၅ ခုနှစ်တွင် အားလုံး တာဝန် ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီဂျပန် ဦးဆောင်တဲ့ တိုက်လေယာဉ်ဟာ တကယ်ပဲ အကောင်အထည်ဖော်နိုင်ခဲ့ပါက Mitsubishi Heavy မှ ၁၉၇၀ နှစ်များအတွင်း ထုတ်လုပ်ခဲ့တဲ့ F-1 တိုက်လေယာဉ်များကို အမှတ်ရမိမှာ ဖြစ်ပါတယ်။

တိုကျိုမှ အဆိုပြုထားတဲ့ အချိန်ဇယားဟာ အမေရိကန်၏ F-35 တိုက်လေယာဉ်များကဲ့သို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင် နှောင်နှေးကြန့်ကြာမှုများကြောင့် လက်တွေ့တော့ မကျလှပါဘူး။

သို့ပေမယ့် ဂျပန်ဟာ ရေဒါများ၊ အင်ဂျင်များ၊ ကွန်ယက်စနစ်များတွင် စမ်းသပ်မှုများဟာ အောင်မြင်မှုများရရှိနေပြီ ဖြစ်ပြီး thrust vectoring စနစ်ပါတဲ့ အင်ဂျင်များ တပ်ဆင်ထားတဲ့ X-2 “Shinshin” လို့ခေါ်တဲ့ ရေဒါပျောက် တိုက်လေယာဉ်ကိုတောင် အောင်မြင်စွာ သရုပ်ပြနိုင်ပြီး ဖြစ်ပါတယ်။

ဒီလို စမ်းသပ် ရရှိထားတဲ့ နည်းပညာများဟာ နောင်လာမည့် နှစ်များမှာ တိုက်လေယာဉ်သစ်အတွက် အမှန်တကယ်ကို အသုံးတင်လာမှာ ဖြစ်ပါတယ်။

ဆဌမ မျိုးဆက် တိုက်လေယာဉ်ဆိုတာ ဘယ်လို လေယာဉ်လဲ

သင်ဟာ တိုက်လေယာဉ်များအကြောင်းကို စိတ်ဝင်စားလျှင် ၎င်းတို့၏ မျိုးဆက် အသုံးအနှုန်းများဖြစ်သည့် 1st generation၊ 2nd generation စသည်တို့ကို မြင်ဖူးမှာပါ။

ဒါမှမဟုတ် နားမလည်သေးပါက ကျွန်တော်တို့ ဖော်ပြဖူးတဲ့ “ဂျက်တိုက်လေယာဉ် မျိုးဆက်များ အကြောင်း” တွင် အသေးစိတ် ဖတ်ရှုလေ့လာ နိုင်ပါတယ်။ ပထမမျိုးဆက်မှ ပဥ္စမ မျိုးဆက်အထိ အစအဆုံး ရှင်းလင်းပြထားတာ ဖြစ်ပါတယ်။

အခုတော့ ဆဌမ မျိုးဆက် အကြောင်းကိုသာ ဆက်လက် ဖော်ပြသွားမှာပါ။

ဂျပန် မှ ထုတ်လုပ်မည့် F-X ကဲ့သို့ ဆဌမ မျိုးဆက် တိုက်လေယာဉ်များဟာ အခုအချိန်အထိ မမြင်ရသေးပေမယ့် လက်ရှိမှာ အဓိကအားဖြင့် သုသေသန အဆင့် သို့မဟုတ် ဒီဇိုင်းဆွဲသည့် ခုံပေါ်မှာပဲ ရှိပါသေးတယ်။

ပဥ္စမမျိုးဆက်မှ ရရှိခဲ့တဲ့ အနည်းငယ်သော အားသာချက် အားနည်းချက် များကို အခြေခံပြီး လေယာဉ်ဒီဇိုင်း ဆွဲသူများဟာ မည်သည့် အင်္ဂါရပ်နှင့် စွမ်းရည်သစ်များ မျိုးဆက်သစ် တိုက်လေယာဉ်တွင် ထည့်သွင်းသင့်သည်ကို ငြင်းခုံနေကျဆဲ ဖြစ်ပါတယ်။

မျိုးဆက်သစ်တိုက်လေယာဉ်တွင် လူသား မလိုသည့် အလိုအလျှောက်စနစ်ဖြင့် ဆောင်ရွက်နိုင်သော မောင်းသူမဲ့လေယာဉ်ပါဝင်သည့် “အနာဂါတ် တိုက်ခိုက်ရေး လေယာဉ်စနစ်” ကို ထည့်သွင်းဖို့ ရှိနေပါတယ်။

ဗြိတိန် Tempest စီမံကိန်းပုံစံ

ဥပမာအားဖြင့် အမေရိကန်၏ F/A-XX စီမံကိန်းနှင့် ဗြိတိန် ဦးဆောင်သည့် BAE Systems မှ လက်ရှိ ထုတ်လုပ်ဖို့ လုပ်ဆောင်နေသည့် Tempest တိုက်လေယာဉ် စီမံကိန်းတို့ ပုံစံ ဖြစ်ပါတယ်။

ဗြိတိန်လုပ် Tempest အနာဂါတ် တိုက်လေယာဉ်အကြောင်းကို “ဗြိတိန်၏ အနာဂါတ် တိုက်လေယာဉ် Tempest FCAS ထုတ်လုပ်ဖို့ နောက်တဆင့်ရောက်လာ”တွင် ဖတ်ရှုနိုင်ပါတယ်။

ဂျပန်တွင် ၎င်းတို့၏ နောက်ထပ် တိုက်လေယာဉ်ကို ပြည်တွင်းတွင် ထုတ်လုပ်ခြင်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး ဒီစီမံကိန်းအောင်မြင်ပါက

ကမ္ဘာပေါ်တွင် ခေတ်အမှီဆုံး တိုက်လေယာဉ် ဖြစ်လာမှာဖြစ်ပြီး ဂျပန် ပြည်တွင်း စက်မှုစွမ်းရည်ကိုပါ သိသိသာသာ တိုးတက်လာစေရန် ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက အခြားနိုင်ငံ တော်တော်များများဟာလည်း ဆဌမ မျိုးဆက်တိုက်လေယာဉ်များကို ပြည်တွင်းမှာ ထုတ် လုပ်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

ဒါတွေအားလုံးရဲ့ အဓိပ္ပါယ်ကတော့ အနာဂါတ် လေကြောင်းတိုက်ခိုက်ရေးဟာ လူမောင်းနှင်တဲ့ တိုက်လေယာဉ်များကို မှီခိုမှု လျှော့ချပြီး တိုက်လေယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်စနစ်များကို ပူးတွဲ လုပ်ဆောင်ဖို့အတွက် ရည်ရွယ်နေတာဖြစ်ပါတယ်။

ဘယ်လိုနည်းနှင့်မဆို ကုန်ကျစရိတ် သက်သာဖွယ်မရှိပေမယ့် အစိုးရတော်တော်များများဟာ‌ နောက်ဆုံးပေါ် ကာကွယ်ရေးနည်းပညာအတွက် အမေရိကန် တနိုင်ငံထဲကိုသာ အားကိုးနေမယ့်အစား

ဒီလိုစီမံကိန်းမျိုးကို ကာကွယ်ရေးအတွက်သာမက ပြည်တွင်း လေကြောင်း ပျံသန်းမှုကိုပါ ခိုင်ခံ့စေရေးအတွက် လိုအပ်မယ်လို့ တွက်ချက်ထားပုံရပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.