ဂျပန်နိုင်ငံရဲ့ မျိုးဆက်သစ် တိုက်လေယာဉ်ကို ကာကွယ်ရေးပစ္စည်းထုတ်လုပ်သူ Lockheed Martin ကုမ္ပဏီ၏ အကူအညီဖြင့် ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီ့တိုက်လေယာဉ်ဟာ ဝေဟင်မှဝေဟင် ရန်သူ့လေယာဉ်များကို တိုက်ခိုက်နိုင်ရုံသာမက မြေပြင်ပစ်မှတ်များကိုလည်း ခြေမှုန်းနိုင်မှာပါ။
ဂျပန်ဟာ Lockheed နှင့်အတူပူးပေါင်းပြီး အမေရိကန်တို့တောင် မမြင်ဖူးသေးတဲ့ အဆင့်မြင့်နည်းပညာများဖြစ်တဲ့ Virtual Reality ပုံစံ (မြင်ကွင်းတု) ခေါင်းဆောင်းနှင့် မိုက်ခရိုဝေ့ဖ် လက်နက်များကို ယခုလေယာဉ်မှာ တပ်ဆင်သွားမယ်လို့ သိရပါတယ်။
Forbes မဂ္ဂဇင်းရဲ့အာဘော်အရ ဒီတိုက်လေယာဉ်ရဲ့ ရှေ့ပြေးပုံစံကို ၂၀၂၄ ခုနှစ်မှ ပြသဖွယ်ရှိပြီး ၂၀၂၈ ခုနှစ်တွင် ပထမဆုံးပျံသန်းကာ ၂၀၃၁ ခုနှစ်တွင် ထုတ်လုပ်မှုများ အပြည့်အဝလုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်။ ဂျပန်ဟာ ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံလောက် အကုန်ကျခံမှာဖြစ်ပြီး ဒီစီမံကိန်းထဲမှာ လေယာဉ်သစ် အစီး၉၀ ထုတ်လုပ်ဖို့ ကုန်ကျစရိတ်တွေ ပါဝင်မှာဖြစ်ပါတယ်။
F-X သို့မဟုတ် F-3 လို့ နာမည်ရတဲ့ ဒီလေယာဉ်သစ်ကို လက်ရှိ ဂျပန်မှာအသုံးပြုနေတဲ့ F-2 တွေနေရာမှာ အစားထိုးသွားဖြစ်ပါတယ်။ F-2 တွေဟာလည်း Lockheed Martin နှင့် အတူပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ပိုကြီးပြီး ပိုဈေးကြီးတဲ့ F-16 Fighting Falcon မျိုးကွဲ တစ်မျိုးပဲ ဖြစ်ပါတယ်။
F-2 ကို ၁၉၉၀ ဝန်းကျင်နှစ်များမှာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂၀၃၀-၄၀ လောက်မှာ လေယာဉ်သစ်များနှင့် အစားထိုးသွားမှာပါ။

F-X ဟာ အကဲသာမှုအတွက် ထုတ်လုပ်မယ့် တိုက်လေယာဉ်ဖြစ်ပြီး ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက ဝေဟင်မှာ ကမ္ဘာ့အဆင့် တိုက်ခိုက်ရေးဂျက်လေယာဉ်တွေ လိုအပ်နေခဲ့တာပါ။
၁၉၄၄-၄၅ က ဟီရိုရှီးမား နှင့် နာဂါဆာကီ အဖြစ်ဟာ နိုင်ငံရဲ့ လေကြောင်းစိုးမိုးနိုင်မှု အားနည်းခဲ့တာကြောင့်ဆိုတာကို ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်တွေက ကောင်းကောင်းသိကြပါတယ်။ ခေတ်သစ်လေယာဉ်များ၏ ကုန်ကျစရိတ်မှာ ကြီးမားသော်လည်း ဝေဟင်မှဝေဟင် သို့မဟုတ် ဝေဟင်မှမြေပြင် ဆိုပြီးသီးခြားမရှိတဲ့အတွက် ဒီ F-X ဟာ ၂ မျိုးလုံးကို စွမ်းဆောင်နိုင်မှာပါ။
Forbes မဂ္ဂဇင်းအဆိုအရ F-X မှာပါတဲ့ နည်းပညာများဟာ ယနေ့ခေတ်ပျံသန်းနေတဲ့ လေယာဉ်များမှာ မပါရှိသေးတဲ့ မောင်းသူမဲ့လေယာဉ်ကို Virtual Reality ပုံစံဖြင့် ခေါင်းဆောင်းမှတဆင့် ထိန်းချုပ်နိုင်သောစနစ် နှင့် မိုက်ခရိုဝေ့ကို ၂ ဆ ထုတ်လွှင့်ပြီး ရန်သူ့ မစ်ဇိုင်းများကို ပျက်စီးစေတဲ့ ရေဒါစနစ်တို့ ပါဝင်နိုင်ဖွယ် ရှိပါတယ်။
အားပြင်းတဲ့ ရေဒါများဟာ အီလက်ထရောနစ်ပစ္စည်းတွေကို ထိခိုက်စေရုံသာမက၊ လူနှင့် တိရစ္ဆာန်များကိုပါ သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိပေမယ့် လက်နက်အဖြစ်တော့ အသုံးမချခဲ့ကြပါဘူး။ F-X ရဲ့ မိုက်ခရိုဝေ့ဖ် လက်နက်ဟာ လေယာဉ်နှုတ်သီးအတွင်းမှာ တပ်ဆင်ထားတဲ့ ရေဒါရဲ့ function တစ်ခုဖြစ်လာနိုင်ပြီး ရန်သူပစ်ခတ်လိုက်တဲ့ မစ်ဇိုင်းတွေကို ဖျက်ချပြီး ရန်သူ့ဆီကို ချဉ်းကပ်နိုင်မှာဖြစ်ပါတယ်။
ဒီတိုက်လေယာဉ်ဟာ အမေရိကန်တပ်တွေနှင့် ဂျပန်တပ်ကြားမှာ Link 16 secure data transfer system ကိုအသုံးပြုပြီး အချက်အလက်တွေ ပေးပို့နိုင်ဦးမှာပါ။ အမေရိကန် F-22 လို ဝမ်းဗိုက်အတွင်းတွင် အနည်းဆုံး လက်နက် ၆ မျိုးလောက်ထည့်နိုင်တဲ့ internal weapons bay တစ်ခုလည်းပါရှိမှာဖြစ်ပြီး F-35 ဟာဆိုရင် မစ်ဇိုင်း ၄ လုံးလောက်ပဲ ထည့်သွင်းစစ်ဆင်နိုင်ပါတယ်။
ဒီလို အဆင့်မြင့် လက်နက်တွေ တပ်ဆင်လာနိုင်ဖွယ်ရှိတဲ့ ဂျပန်နိုင်ငံရဲ့ F-X မျိုးဆက်သစ် တိုက်လေယာဉ်ကို အတူတူ စောင့်မျှော် ကြည့်ကြတာပေါ့ဗျာ။