တစက္ကန့်ကို ဇာတ်ကား ၈ သောင်းလောက် download ဆွဲနိုင်မယ့် ဂျပန်ရဲ့ အင်တာနက် စံချိန်သစ်

News Tech

အင်တာနက်ဟာ လုပ်ငန်းများနှင့် နေ့စဉ်လူနေ့မှု ဘဝအတွက် မရှိမဖြစ် အရေးပါသည့် ကဏ္ဍတွင် ရှိနေပြီ ဖြစ်လို့ အင်တာနက် မြန်နှုန်းဟာလည်း အရေးကြီးလာပါတယ်။

နည်းပညာတွေ အဆင့်မြင့်လာပြီး ဆင့်ကဲ တိုးတက်လာသည်နှင့် အမျှ အင်တာနက် အမြန်နှုန်းများဟာလည်း နောက်ကျ ကျန်မနေခဲ့ပါဘူး။

ဟုတ်ပါတယ်။ အမြန်ဆုံး အင်တာနက် ကို ဂျပန်မှ ထပ်မံ စံချိန်တင်လိုက်ပြန်ပြီ ဖြစ်ပါတယ်။

ဂျပန်က ဆိုတော့ အံ့အားသင့်ပါ့ မလားတော့ မသိပါဘူး။

319 Terabits per second or 319 Tbps ဆိုတာ

ဂျပန်နိုင်ငံရှိ အင်ဂျင်နီယာများဟာ တစက္ကန့်လျှင် 319 Terabits (319 Tbps) ပေးပို့နိုင်တဲ့ အင်တာနက် အမြန်နှုန်းဖြင့် ကမ္ဘာ့ အမြန်ဆုံး အင်တာနက်အဖြစ် စာရင်းဝင်သွားပါတယ်။

ဒီ အမြန်နှုန်းကို ဘယ်လောက်တောင် မြန်လဲဆိုတာ နားမလည်ဘူးဆိုပါက တစက္ကန့်အတွင်း 500MB လောက်ရှိတဲ့ ရုပ်ရှင် ပေါင်း ၈ သောင်းလောက် download လုပ်နိုင်တယ်လို့ အကြမ်းဖျင်းအားဖြင့် ယူဆလို့ရပါတယ်။

1GB လောက်ရှိတဲ့ ရုပ်ရှင်ဆိုရင်တော့ တစက္ကန့်အတွင်း ၃၉၈၇၅ ကားလောက် မျက်လှည့်ပြလိုက်သလို Download ဆွဲနိုင်မှာပါ။

ဒါဟာ အင်တာနက် အမြန်နှုန်းဖြစ်ပေမယ့် download ဆွဲပြီး သိမ်းမယ့် HDD/SSD က write speed က အဲလောက်မရှိရင်တော့ အထက် ကလို စက်ထဲကို ချက်ချင်းတော့ ရောက်လာမှာ မဟုတ်ပါဘူး။

ပြောရရင် သိမ်းဆည်းမယ့် စက်ကသာ လက်ခံနိုင်တဲ့ အမြန်နှုန်းရှိရင် အဲဒီလောက်အထိ ရနေပြီလို ဆိုလိုတာဖြစ်ပါတယ်။

319 Tbps အမြန်နှုန်းကို GB/s နှင့် ပြန်ဖွဲ့ပါက 39875 Gigabytes/Second ရှိပါတယ်။ ဆိုလိုတာကတော့ တစက္ကန့်ကို 39875 GB download ဆွဲနိုင်မယ်ကို ပြောတာပါ။

ကျွန်တော်တို့ အတွက်ကတော့ အင်တာနက်ဖိုး မတတ်နိုင်တာနဲ့ကို အဲဒီ့ အမြန်နှုန်းနဲ့ သုံးနိုင်မှာ မဟုတ်ပါဘူး။

စံချိန်ချိုးခဲ့ပုံ

ဒီလို စံချိန် ချိုးနိုင်ဖို့အတွက် ဂျပန်နိုင်ငံ၏ National Institute of Information and Communications Technology မှ သုတေသီများဟာ ပုံမှန် core တခုသာ ပါတဲ့ optic fiber ကြိုးအစား core လေးခုပါသည့် စမ်းသပ် ဖိုက်ဘာကြိုးကို တည်ထွင်ခဲ့ပါတယ်။

အဲဒီ့နောက် ၎င်းတို့ကို အကွာအဝေး မိုင် ၁၈၀၀ လောက် ဝေးကွာသည့် နေရာသို့ တစက္ကန့်လျှင် 319Tbps ဖြင့် ပေးပို့နိုင်သည့် လှိုင်းအလျားအမျိုးမျိုး နှင့် အချက်ပြ လှိုင်းချဲ့ပေးသည့် နည်းစနစ်သုံး လေဆာဖြင့် ဖိုင်ဘာကို ပေါင်းစပ်ထားပါတယ်။

ယခင် အလျှင်မြန်ဆုံး ရှိခဲ့သည့် အင်တာနက် အမြန်နှုန်း စံချိန်ဟာ 44.2 Terabits per second သာရှိခဲ့ပြီး အဆိုပါ အမြန်နှုန်းရောက်ရှိအောင် Micro-comb လို့ခေါ်တဲ့ စက်ပစ္စည်းအသစ်ကို အသုံးပြုခြင်းဖြင့် ဩစတြေးလျ သုတေသီများဟာ အောင်မြင်မှု ရရှိခဲ့တာပါ။

အဲဒီ့ စံချိန်ကို UCL အီလက်ထရောနစ်နှင့် လျှပ်စစ် စက်မှု ဌာနမှ ဒေါက်တာ Lidia Galdino ဟာ Xtera နှင့် KDDI Research ဆိုသည့် ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းပြီး တစက္ကန့်လျှင် 178 Terabits နှုန်းဖြင့် ထပ်မံ ချိုးဖျက်ခဲ့ပြန်ပါတယ်။

အခုတော့ အဆိုပါ စံချိန်များထက် အလွန်အမင်း သာလွန်တဲ့ အမြန်နှုန်းတခုကို ရောက်ရှိလာခဲ့ပြီး Netflix က ဇာတ်ကားတွေ အကုန်လုံး download ဆွဲပစ်ရင်တောင် ဘယ်လောက်မှ ကြာမယ် မထင်ပါဘူး။

အံ့ဖွယ်စံချိန်ကြောင့် ကမ္ဘာ့ပေါ်ရှိ အင်တာနက် အမြန်နှုန်းများပါ တိုးတက်လာမှာလား

ဒီ စံချိန်သစ်ဟာ ယခင်က စံချိန်တင်ထားတဲ့ အင်တာနက် အမြန်နှုန်းထက် ၂ ဆလောက်ရှိပြီး ဒါဟာ အမေရိကန်ရှိ ပျမ်းမျှ အိမ်သုံး အင်တာနက် အမြန်နှုန်းထက် အဆပေါင်း ၇.၆ သန်းလောက် မြန်ပါတယ်။

ဟုတ်ပါတယ်။

ဒီလို အမိုက်စား အင်တာနက် အမြန်နှုန်းရရှိဖို့ အသုံးပြုတဲ့ လေဆာနဲ့ လှိုင်းချဲ့ ကိရိယာတွေဟာ ဈေးသက်သာပြီး အိမ်သုံးအတွက် 300Tbps လောက် ရရှိမယ်ထင်နေရင်တော့ မေ့ပစ်လိုက်ပါ။

ဒီလိုဖြစ်လာဖို့ဆိုတာ အချိန်တွေများစွာလိုအပ်ပါသေးတယ်။

အခုကတော့ အင်တာနက်ကို ဘယ်လောက်အမြန်နှုန်းအထိ အမြင့်ဆုံး သွားနိုင်မလဲ ဆိုတာကို စမ်းသပ်တဲ့ စံချိန်ချိုးမှု သပ်သပ်ပါပဲ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *