ပိုမို တပ်ဖြန့် လိုသည့်အတွက် F-35 များကို ထပ်မံမှာယူမည့် ဂျပန်

News

ဂျပန်ကာကွယ်ရေးဝန်ကြီးဟာ နောက်ထပ် သမားရိုးကျ အဆင်းအတက်ပြုလုပ်နိုင်သည့် F-35A အမျိုးအစား ၄ စီးနှင့် ပြေးလမ်းတိုပျံတက်နိုင်ပြီး ဒေါင်လိုက်ဆင်းသက်နိုင်သည့် F-35B ၂ စီး ထပ်မံဝယ်ယူချင်နေတယ်လို့ သိရပါတယ်။ တကယ်တော့ ဂျပန်နိုင်ငံက ဝယ်ယူခဲ့တဲ့ F-35 တွေဟာ ဈေးနှုန်းတော့ မသေးလှပါဘူး။

ဂျပန်ဟာ တရုတ်နှင့်မြောက်ကိုရီးယားနိုင်ငံတို့၏ ဖိအားများကို ကြုံတွေ့နေရတဲ့အတွက် စစ်ရေးကိုတိုးချဲ့သည့်အစီအစဉ်ထဲက တစ်ခုဖြစ်သည့် F-35 တွေဝယ်ယူမှုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံလောက် ကျသင့်မှာပါ။

ဒီအပတ်ထဲမှာပဲ ဂျပန်ကာကွယ်ရေးဝန်ကြီးက F-35A Lightning II လေယာဉ်များကို ဂျပန်ကျွန်းတွေမှာရှိတဲ့ ကာကွယ်ရေးအခြေစိုက်စခန်းတွေမှာ ထပ်ပြီး တပ်ဖြန့်ဖို့ရှိတယ်လို့ ကြေငြာခဲ့ပါတယ်။

ဒါဟာ ဂျပန်နိုင်ငံရဲ့ ကျွန်းမကြီးဖြစ်တဲ့ ဟွန်ရှူကျွန်းမြောက်ဘက် ဒိုးဟိုးကုဒေသ အိုးမော့ရီ စီရင်စု မှာရှိတဲ့ မီဆာဝါ လေတပ်အခြေစိုက်စခန်း အပြင် နောက်ထပ်ဖြစ်ပါတယ်။

ဝန်ကြီးဌာနက ဒေါ်လာ ၃၀၈.၅ သန်းခန့်ကုန်ကျမည့် လက်ရှိအမေရိကန်က အသုံးပြုနေတဲ့ အမျိုးအစားတူ F-35A လေးစင်း နှင့် ဒေါင်လိုက်ဆင်းသက်နိုင်တဲ့ F-35B တွေကို ဝယ်ယူရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။

F-35B

ဂျပန်လေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ (JASDF) ဟာ ဂျပန်ကာကွယ်ရေးတပ်များ၏ လေကြောင်းစစ်ဆင်ရေးဌာနခွဲ ဖြစ်ပြီး ဂျပန်လေပိုင်နက် ကာကွယ်ရေးနှင့် အခြား လေကြောင်းဆိုင်ရာစစ်ဆင်ရေးများအတွက် တာ၀န်ရှိပြီး F-35A ဂျက်လေယာဉ် ၁၇ စင်းဖြင့် ဖွဲ့စည်းထားကာ လာမည့် နွေဦးရာသီမှာ အစင်း ၂၀ အထိ ရှိလာမှာဖြစ်ပါတယ်။

စမ်းသပ် စစ်ဆင်ရေးတွေလုပ်ပြီးတာနဲ့ ဒီလေယာဉ်တွေကို ဟွန်ရှူးကျွန်းမကြီးနှင့် တခြားကျွန်းများမှာ တပ်ဖြန့်ထားမှာဖြစ်ပြီး အရေးပေါ်တုန့်ပြန်တဲ့ စစ်ဆင်ရေးတွေအတွက် တာဝန်ချထားမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက F-35 တွေရဲ့ အရေအတွက်မြင့်တက်လာတဲ့အခါမှာ မီဆာကာ အခြေစိုက်စခန်းအပြင် တခြားလေတပ်စခန်းများမှာပါ တာဝန်ချထားမှာဖြစ်ပြီး ဘယ်အခြေစိုက်စခန်းတွေကို တပ်ဖြန့်မယ်ဆိုတာကတော့ ဒေသတွင်း အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်လိုဦးမယ်လို့ Japan Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျပန် ဝန်ကြီးဌာနက လက်ရှိ ဟိုကိုင်းဒိုးစီရင်စုရှိ ချိတို့ဆဲ အခြေစိုက်စခန်းနှင့် အီရှိကာဝါ စီရင်စုရှိ ကိုမတ်စုအခြေစိုက်စခန်းများမှာရှိတဲ့ အဆင့်မြှင့်တင်လို့မဖြစ်နိုင်တော့တဲ့ F-15 များနေရာမှာ အစားထိုးဖို့ F-35 လေယာဉ်ပေါင်း ၁၄၇ စီး ဝယ်ယူဖို့ရာ စီစဉ်ထားပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ F-15 တွေကိုတော့ အိုကီနာဝါ စီရင်စုရှိ နာဟာအခြေစိုက်စခန်းမှာ တရုတ်နိုင်ငံလေတပ် ကျူးကျော်မှုကိုကာကွယ်ဖို့ရာ အရေးပေါ်စစ်ဆင်ရေးများအတွက် ဆက်လက်ထားရှိသွားမှာ ဖြစ်ပါတယ်။

F-35B အမျိုးအစားများကိုတော့ လက်ရှိပြန်လည်ပြင်ဆင်မှုများ ပြုလုပ်နေသည့် အီဇူမို အတန်းအစား ရဟတ်ယာဉ်တင် ဖျက်သင်္ဘောမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ အဲဒီ့ လေယာဉ်တွေဟာ ဝေးလံတဲ့ကျွန်းတွေနဲ့ ပစိဖိတ်ကမ်းရိုးတန်းဒေသများပါဝင်တဲ့ ကျယ်ပြောတဲ့ လေပိုင်နက်ကို ကာကွယ်သွားမယ်လို့ သိရပါတယ်။

မီယာကာဇီစီရင်စုရှိ နျူတာဘာရူ အခြေစိုက်စခန်းဟာ F-35B များတပ်ဖြန့်ထားဖို့ အကောင်းဆုံးနေရာအဖြစ် သတ်မှတ်ထားပြီး ၎င်းဟာ ပထဝီအနေအထားအရ အီဇူမိုအတန်းအစား ရဟတ်ယာဉ်တင်ဖျက်သင်္ဘော ၂ စီးမှ ကာဂါ အမည်ရှိ သင်္ဘော အခြေစိုက်ရာ ဟီရိုရှီးမားစီရင်စုရှိ ဂျပန်ကမ်းခြေစောင့်တပ်၏အခြေစိုက်စခန်းနှင့်လည်း အနီးစပ်ဆုံးတည်ရှိပါတယ်။

ယခုတောင်းဆိုထားတဲ့ ဘတ်ဂျက်ထဲမှာ F-35B များဆင်းသက်သည့်အခါ အိတ်ဇောကို အောက်စိုက်ရသဖြင့် သင်္ဘောကြမ်းပြင်အား အပူဒဏ်ခံနိုင်သည့် ဆေးများ ဝယ်ယူဖို့ရာ အတွက်လည်း ပါဝင်တယ်လို့သိရပါတယ်။

ZawGyi















Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *