မြို့ပြ ဆောက်လုပ်ရေး အင်ဂျင်နီယာများဟာ အဆောက်အဦးများအတွက် တင့်တယ်မှုနှင့် ခိုင်ခံမှု ရှိစေရန် ဒီဇိုင်း ဖန်တီးနေချိန်မှာပဲ အ ဆောက်အဦးအား လေဝင်လေထွက်နှင့် လုံလောက်သော အလင်းရောင်ပါ ရရှိစေဖို့ ခက်ခဲတဲ့ စိန်ခေါ်မှုများနှင့် ကြုံတွေ့ရလေ့ ရှိပါတယ်။
ဒါ့အပြင် အဆိုပါ ခိုင်ခံမှုကို ရေရှည် ရပ်တည်နိုင်စွမ်း ရှိရန်ကိုပါ ထပ်မံ ထည့်သွင်းတွက်ချက် လုပ်ဆောင်ရသည့် အခါမှာတော့ ကြီးမားတဲ့ အခက်အခဲ ဖြစ်လာပါတယ်။
ဂျပန်မှ အင်ဂျင်နီယာများဟာ ဒီလို ခေါင်းစားရတဲ့ ပြသနာကို ရိုးရှင်းပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတခုဖြစ်တဲ့ အကွက်ပုံစံ သစ်သားတုံး များဖြင့် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ အိုလံပစ် အားကစားပြိုင်ပွဲများအတွင်း အဖိုးတန် သတ္တုများကို ပြန်လည်အသုံးပြုခြင်းကို တီထွင်ပြသပြီးနောက်မှာ ဂျပန် အင်ဂျင်နီယာများဟာ ငလျင်ဒဏ်ခံနိုင်တဲ့ သစ်သား ဘလောက်တုံး နံရံများအတွက် မူပိုင်ခွင့် တင်လိုက်ပြီ ဖြစ်ပါတယ်။
ဒီဇိုင်နာများဖြစ်တဲ့ ကန်ဂို ကူးမားနှင့် ၎င်း၏ အဖွဲ့ဝင်များဟာ ကလေးများအတွက် သူငယ်တန်း ကျောင်းဆောင် အဆောက်အဦး စီမံကိန်း ဆောက်လုပ်ဖို့ရာအတွက် ဒီဇိုင်းရေးဆွဲပေးရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပါတယ်။
၎င်းတို့ဟာ အမျှော်အမြင်ရှိတဲ့ အနာဂါတ် အဆောက်အဦးများကို အားပေး ထောက်ခံတဲ့ Kozo Keikaku Engineering Inc မှ အဆောက် အဦး ဖွဲ့စည်း တည်ဆောက်မှု အစီအမံ လက်တွေ့စမ်းသပ်ခန်း နှင့် ပူးပေါင်းခဲ့ပါတယ်။
အဖွဲ့ဟာ အထပ်သားများနှင့် ဆင်တူပေမယ့် အဲဒီ့ထက် အများကြီး ပိုမို ထူထဲတဲ့ အစိတ်အပိုင်းများ ပါဝင်တဲ့ Cross-Liminated Timber (CLT) အသားကို ဖန်တီးခဲ့ပါတယ်။
ကာဗွန် ထုတ်လွှတ်မှုတွေကို အဓိက ဖြစ်စေတဲ့ သမားရိုးကျ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် မတူတာကတော့ CLT ကို ပြန်လည် ပြည့် ဖြိုးမြဲ အရင်းအမြစ်တခုအနေဖြင့် သတ်မှတ်နိုင်ပြီး ထုတ်လုပ်တဲ့ အချိန်မှာ ကာဗွန် ထုတ်လွှတ်မှု မရှိဘူးလို့ သိရပါတယ်။

၂၀၁၉ ခုနှစ်တုန်းက နော်ဝယ် နိုင်ငံမှ အင်ဂျင်နီယာများဟာ ဤပစ္စည်းမျိုးကို အသုံးပြုပြီး ပေ ၂၈၀ အမြင့်ရှိသည့် သစ်သား အအောက်အအုံကို ဆောက်လုပ်ခဲ့ပါသေးတယ်။
ဒီ သစ်သား အဆောက်အအုံထဲတွင် ကလေးများ ရှိနေချိန်မှာ အလင်းရောင်နှင့် လေပြေ လေညှင်းလေးများ ရရှိစေဖို့ ဒီဇိုင်း ရေးဆွဲသူများဟာ ထည့်သွင်း စဉ်းစား ခဲ့ကြပါတယ်။
ဒါ့ကြောင့် ဒီဇိုင်းရေးဆွဲသူများဟာ “ichimatsu” လို့ခေါ်တဲ့ လေဝင်လေထွက်နှင့် အလင်းရောင် ရရှိစေသည့် ကျားကွက်ပုံစံ ဒီဇိုင်း ဖြင့် တီ ထွင်ဆန်းသစ်စွာ တည်ဆောက်ပေးခဲ့ပါတယ်။
အဆောက်အဦးကို ငလျင်ဒဏ် ခံနိုင်မှု ရှိစေရန်အတွက် အဖွဲ့ဟာ သံမဏိပြားများနှင့် draft pin များကို အဆောက်အဦး တည်ဆောက် ရာ တွင် အသုံးပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်ဂျင်နီယာ အဖွဲ့ဟာ နံရံ ဖွဲ့စည်း တည်ဆောက်မှုကို စက်ပိုင်းဆိုင်ရာ စမ်းသပ်မှုများဖြင့် ကျယ်ကျယ် ပြန့်ပြန့် စမ်းသပ်ပြီး နောက်ပိုင်းမှာ အတည်ပြု ခဲ့ပါတယ်။
သူငယ်တန်းကျောင်း အဆောက်အဦး တည်ဆောက်မှု ကို ၂၀၂၁ ခုနှစ် မတ်လက ပြီးစီးခဲ့တာ ဖြစ်ပြီး အဆိုပါ ဒီဇိုင်း အတွက် မူပိုင်ခွင့် လျှောက် လွှာ တင်ထားပြီး ဖြစ်ပါတယ်။
ကုမ္ပဏီမှ ၎င်း၏ ဒီဇိုင်းဟာ ရေရှည်တည်တံ့သည့် အဆောက်အအုံများကို တည်ဆောက်ဖို့ရာအတွက် အင်ဂျင်နီယာများကို ပိုမို လှုံ့ဆော် ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။