အမေဇုံကို တည်ထောင်သူ အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖ်ဘီဇို့စ်ဟာ သူ၏ အာကာသခရီးသွား ကုမ္ပဏီ Blue Origin ရဲ့ New Shepard ဒုံးပျံဖြင့် အာကာသသို့ သွားရောက်ခဲ့ပြီး ဘီလျံနာ အာကာသယာဉ်မှူး ဖြစ်လာခဲ့ပါတယ်။
ဒါဟာ ၎င်း၏ ပြိုင်ဘက်ဖြစ်တဲ့ ရစ်ချတ်ဘရန်ဆင် ပထမဆုံး ဘီလျံနာ အာကာသယာဉ်မှူး ဖြစ်လာပြီးနောက် ကိုးရက်အကြာမှာ ဖြစ်ပါတယ်။
ဘီဇို့စ်၏ ဘဝက စိတ်ဝင်စား အတုယူဖို့ကောင်းပါတယ်။ သူ့အကြောင်းကို လေ့လာကြည့်ရအောင်ဗျာ။
သူဟာ အီလက်ထရွန်နစ် စီးပွားရေးလုပ်ငန်းကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ ဆင်ခြေဖုံးရှိ ကားဂိုဒေါင်တစ်ခုမှ စတင်ခဲ့ပြီး အာကာသထဲသို့ သွားရောက်ခဲ့သူပါ။ သူ ၅ နှစ်အရွယ်ကတည်းက စွန့်ဦးတီထွင်သူအိပ်မက်တစ်ခု တကယ်ဖြစ်လာခဲ့တာပါ။

၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ဂျက်ဖရီ ပရက်စတန် ဂျော့ဂျင်ဆင် (Jeffrey Preston Jorgensen) ကို အမေရိကန်နိုင်ငံ၊ နယူးမက္ကစီကို၊ အယ်ဘူကွာကွီတွင် ဂျက်လင်း နှင့် တက် ဂျော့ဂျင်ဆင် တို့မှ မွေးဖွားခဲ့ပြီး နောက်ပိုင်းတွင် မီဂူးလ် ဘီးဇို့စ်မှ မွေးစားခဲ့ပါတယ်။ သူရဲ့အမည်ကိုလည်း ဂျက်ဖ်ဘီဇို့စ် လို့ပြောင်းလဲခဲ့ပါတယ်။
၁၉၈၆ ခုနှစ်တွင် ပရင့်စ်တန် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံ ဘွဲ့ ရရှိခဲ့ပါတယ်။
၁၉၉၀ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုဖြစ်တဲ့ D.E. Shaw & Co တွင် ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ၎င်းကုမ္ပဏီရဲ့ အသက်အငယ်ဆုံး အကြီးတန်း ဒုတိယဥက္ကအထိ တာဝန်ယူဆောင်ရွက်ခဲ့သူပါ။
၁၉၉၃ ခုနှစ်တွင် D.E.Shaw &Co တွင် တွေ့ဆုံခဲ့တဲ့ မက်ကင်ဇီး တီ့ထ် ဆိုသူအမျိုးသမီးနှင့်လက်ထပ်ခဲ့ပါတယ်။
၁၉၉၄ ခုနှစ်တွင် D.E. Shaw & Co ကနေ အလုပ်ထွက်ခဲ့ပြီး ဆီယက်တဲလ်သို့ ပြောင်းရွှေ့နေထိုင်ကာ ကားဂိုဒေါင်ထဲမှ အွန်လိုင်းစာအုပ်ဆိုင် တစ်ခု ဖွင့်ခဲ့ပါတယ်။ ဘီဇို့စ်ဟာ ငယ်ငယ်ကတည်းက သူ့ကိုယ်သူ “ ကားဂိုဒေါင်တီထွင်သူ” လို့ ခေါ်ခဲ့တာပါ။

၁၉၉၅ ခုနှစ်တွင် အမေဇုံမှာ ၎င်း၏ပထမ ဦးဆုံးစာအုပ်ရောင်းချခဲ့ပြီး လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။
၂၀၀၀ ခုနှစ်တွင် ဘီဇို့စ်ဟာ အာကာသခရီးသွားလုပ်ငန်းဝန်ဆောင်မှုအတွက် Blue Origin ဒုံးပျံ တည်ဆောက်ရေးကို စတင်ခဲ့ပါတယ်။
၂ဝဝ၆ ခုနှစ်တွင် အမေဇုံ မှ Cloud computing ဝန်ဆောင်မှု၊ Amazon Web Services (AWS) နှင့် Amazon Unbox ကို မိတ်ဆက်ခဲ့ပါတယ်။ မူလ ဗီဒီယို အစီအစဉ် ဝန်ဆောင်မှုကို နောက်ပိုင်းတွင် Amazon Prime Video ဟုအမည်ပြောင်းပေးခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ်တွင် အမေဇုံမှ သယ်ဆောင်ရလွယ်ကူသော ဒစ်ဂျစ်တယ် စာဖတ်ကိရိယာ Kindle ကို ထုတ်လုပ်ခဲ့ပါတယ်။
၂၀၁၂ ခုနှစ်တွင် Blue Origin ရဲ့ New Shepard ဒုံးပျံကို စတင်စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်တွင် ၂၅ နှစ်အကြာ လက်တွဲခဲ့သည့် ဇနီးဖြစ်သူ မက်ကင်ဇီး နှင့် ကွာရှင်းခဲ့ပါတယ်။ သူတို့စုံတွဲတွင် ကလေးလေးယောက်ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဘီဇို့စ်ဟာ အမေဇုံ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ အမှုဆောင် ဥက္ကဌ အဖြစ် ရာထူးမှ ဆင်းခဲ့သော်လည်း ဒေါ်လာဘီလျံ ၂၀၆ ဘီလီယံကျော်ပိုင်ဆိုင်သည့် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ SpaceX ၏ သူဌေးဖြစ်သူ Elon Musk က ကျော်တက်သွားပြီး ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။