ဂျက်အင်ဂျင် ကျောပိုးပြီး ပျံသန်းခဲ့မှုတွေထဲက လူတွေ အမှတ်ရစေမယ့် ပျံသန်းမှု တခု ရှိခဲ့ပါတယ်။ အဲဒါကတော့ ယူအေအီးနိုင်ငံ ဒူဘိုင်းမှာ သရုပ်ပြ ပျံသန်းခဲ့တာပါ။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ယူအေအီးနိုင်ငံမှာ ယခင်က မပျံသန်းဖူးသေးတဲ့ ပုံမှန်မဟုတ်တဲ့ ပျံသန်းမှုမျိုးကို ပြုလုပ်ခဲ့ပါတယ်။
အဲဒါကတော့ Emirates လေကြောင်းလိုင်းမှ A380 ခရီးသည်တင် လေယာဉ်ကြီးနှင့် ဂျက်အင်ဂျင် ကျောပိုးကို အသုံးပြုပြီး သတ္တိကောင်းတဲ့ Jetman Dubai အဖွဲ့မှ သူတွေနဲ့ တွဲဖက်ပြီး ပျံသန်းခဲ့တာပါ။

A380 လေယာဉ်ကြီးဟာ ပေ ၄ ထောင်လောက်မှာ ပုံမှန်ပျံသန်းနေချိန် ဂျက်အင်ဂျင်ကျောပိုးသုံး ဂျက်လူသားများမှ ပေ ၅,၅၀၀ အမြင့်ရှိသည့် ရဟတ်ယာဉ်ပေါ်မှ ခုန်ချကာ လေယာဉ်ကြီးနှင့် တွဲဖက် ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
ဂျက်လူသားများနှင့် လေယာဉ်ကြီးတို့ဟာ ပုံစံအမျိုးမျိုး ပုံဖော် ပျံသန်းခဲ့ပြီးနောက် ဒူဘိုင်း မိုးမျှော်တိုက်များ နှင့် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်ကြီးဖြစ်တဲ့ Burj Khalifa အဆောက်အအုံကြီးကို နောက်ခံထားပြီး ပျံသန်းခဲ့ပါတယ်။
အခုလို ကြီးမားတဲ့ လေယာဉ်ကြီးနဲ့ ဂျက်လူသားတို့ တွဲဖက် ပျံသန်းသည့်အခါ အန္တရာယ်ရှိမယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် အဆိုပါ ပျံသန်းမှုကို အသေးစိတ် အချက်အလက်က အစ သေချာ စီမံခဲ့တာ ဖြစ်ပါတယ်။

ပျံသန်းမှုတွင် Emirates လေကြောင်းလိုင်းမှ လေယာဉ်မှူးများ၊ လေကြောင်း ထိန်းချုပ်သူများ၊ ပျံသန်းမှု လုပ်ငန်းစဉ် မန်နေဂျာများ က လေ ယာဉ် လမ်းကြောင်း၊ လေတိုက်ခတ်နိုင်မည့် အခြေအနေနှင့် ရာသီဥတုတို့ကို အသေးစိတ်ကအစ ကြိုတင် တွက်ချက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တွဲဖက် ပျံသန်းမှုကို သေချာစေရန် အောက်တိုဘာလ ၁၂ ရက် ၂၀၁၅ ခုနှစ်မှာ လက်တွေ့ စမ်းသပ်ပျံသန်းမှုပြုလုပ်ခဲ့ပြီး အောက် တိုဘာလ ၁၃ ရက် ၂၀၁၅ မှာတော့ နောက်ဆုံး တွဲဖက်ပျံသန်းမှုနှင့် ရိုက်ကူးရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပါတယ်။
“လူနှင့် စက်ပစ္စည်းတို့ လွန်ခဲ့တဲ့ နှစ် တရာကျော်လောက်က မဖြစ်နိုင်တဲ့ အိပ်မက်တခုအဖြစ် ထင်ခဲ့ရတဲ့ ဒီလိုတွဲဖက် ပျံသန်းပြသမှုဟာ မှော်ဆန်တဲ့ အလှတရား တခုဖြစ်ပါတယ်” လို့
Emirates လေကြောင်း၏ အမှုဆောင် ဒုတိယဥက္ကဌနှင့် လေယာဉ်ပျံသန်းမှု အရာရှိချုပ်ဖြစ်တဲ့ Adel Al Redha က ပြောခဲ့ပါတယ်။

Jetman Dubai ကို ဆွစ်လူမျိုး Yves Rossy မှ တည်ထောင်ခဲ့တာဖြစ်ပြီး ဂျက်အင်ဂျင်ကျောပိုးတွင် အင်ဂျင် ၄ လုံးပါရှိကာ carbon-kevlar တောင်ပံကို နောက်ကျောမှာ တပ်ဆင်ထားပါတယ်။
ဒီ ဂျက်အင်ဂျင် ကျောပိုးဟာ အမြင့် ပေ ၆,၁၀၀ အထိ တက်ရောက်နိုင်ကာ အမြန်ဆုံး တနာရီ ၂၄၈ မိုင်နှုန်းဖြင့် မိုင် ၃၀ လောက်အထိ ပျံသန်းနိုင်ပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာတော့ Jetman Dubai ၏ အဖွဲ့ဝင် ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ပြင်သစ်လူမျိုး Vincent Reffet ဟာ လေ့ကျင့် ပျံသန်းနေစဉ် ပျက်ကျပြီးကွယ် လွန်ခဲ့ပါတယ်။
Vincent Reffet ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်မှုမှာ ပေ ၈၀၀ ခန့်အမြင့်မှ ထိန်းချုပ်လို့ မရတော့ဘဲ ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

၎င်းဟာ အတွေ့အကြုံရင့်ကျက်တဲ့ skydiver တဦးဖြစ်ပေမယ့် အရေးပေါ် လေထီးကို ဘာကြောင့် မဖွင့်ခဲ့သလဲဆိုတာ မေးခွန်းနေဆဲ ဖြစ်ပါတယ်။
ဒီလို အလွန်အမင်း အန္တရာယ်များတဲ့ အားကစားနည်း ကို XDubai မှ ထောက်ပံ့ပေးတာဖြစ်ပြီး ဒူဘိုင်း၏ အိမ်ရှေ့မင်းသားနှင့် ဆက်စပ်နေပါတယ်။
ကမ္ဘာပေါ်တွင် ရှားပါးတဲ့ ဒီလို စွန့်စားမှုနှင့် အလှပြ ပျံသန်းမှုမျိုးကို သတိရနေစေရန် Knowledgeworms မှ ပြန်လည် ဖော်ပြပေးလိုက်ရပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။