ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုကြောင့် လျှပ်စစ်စွမ်းအင်သုံး ကားများရဲ့ ကဏ္ဍဟာ အလွန် အရေးပါသည့် နေရာတွင် ရောက်ရှိလာသည့်အတွက် နိုင်ငံတော်တော်များများမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကားကုမ္ပဏီကြီးများမှာလည်း အပြိုင်အဆိုင် လျှပ်စစ်စွမ်းအင်သုံး ကားများကို ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေကြပြီး Elon Musk ၏ Tesla လျှပ်စစ်စွမ်းအင်သုံး ကားများ၏ ဈေးကွက်ကို လုယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။
အဲဒီ့အထဲတွင် ထူးခြားမှု တခုကတော့ ဂျပန် နည်းပညာ ကုမ္ပဏီကြီး တခုဖြစ်တဲ့ Sony ပါ ပါဝင်လာတာ ဖြစ်ပါတယ်။
မကြာသေးမီကပဲ Sony ဟာ Honda ကားကုမ္ပဏီ နှင့် ပူးပေါင်းပြီး လျှပ်စစ်စွမ်းအင်သုံး ကားများကို တည်ဆောက်တော့မယ်လို့ ကြေငြာခဲ့တာပါ။

နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ Sony ကတော့ အရေးကြီးပြီး အလိုအလျှောက် မောင်းနှင်စနစ်တွင် အရေးကြီးသည့် ရှုပ်ထွေး ဆန်းပြားသည့် နည်းပညာများ အသုံးပြုထားသည့် အာရုံခံ ကိရိယာများ ကဲ့သို့ အရာများကို ထုတ်လုပ်ပေးမှာပါ။
Honda ကတော့ ပထမဆုံး ကားမော်ဒယ်ကို ဒီဇိုင်းဆွဲပေးမှာ ဖြစ်တယ်လို့ ၎င်းတို့ ကုမ္ပဏီ နှစ်ခု၏ နားလည်မှု စာချုပ် ချုပ်ဆိုသည့် အချက်များမှ သိရပါတယ်။
လက်ရှိအချိန်အထိတော့ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက် ပါဝင်မလဲ ဆိုတဲ့ ဘဏ္ဍာရေးနှင့် ဆိုင်သည့် အချက်အလက်များကိုတော့ မသိရှိရ သေးပါဘူး။
ပူပေါင်း ထုတ်လုပ်မှုတွင် လျှပ်စစ် စွမ်းအင်သုံး ကားများကို ဒီဇိုင်းဆွဲ၊ စီမံကိန်းများချမှတ်ကာ ရောင်းချမည် ဖြစ်ပေမယ့် အဲဒီ့အတွက် စက်ရုံကတော့ သီးသန့် မထားရှိဘဲ Honda ၏ စက်ရုံများထဲက တခုကိုသာ အသုံးပြုသွားမှာပါ။
၎င်းတို့မှ ပထမဆုံး မော်ဒယ်ကို ယခုနှစ်အတွင်း ဖန်တီးနိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပြီး ၂၀၂၅ ခုနှစ်မှာတော့ ပထမဆုံးအနေဖြင့် တင်ပို့ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အဆိုပါ ကားများဟာ Tesla နှင့် တရုတ် လျှပ်စစ်ကား ထုတ်လုပ်သည့် ကုမ္ပဏီများနှင့် ယှဉ်ပြိုင်မည့် အပြင် ပြည်တွင်း ပြိုင်ဘက်တွေဖြစ်တဲ့ Toyata နှင့် Nissan တို့ကလည်း ၂၀၂၁ ခုနှစ် နှစ်ကုန်လောက်က ဘီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပါပြီ။
Sony ၏ CEO ဖြစ်တဲ့ Kenichiro Yoshida ကတော့ “Sony ရဲ့ ရည်ရွယ်ချက်ဟာ တီထွင်ဆန်းသစ်မှု နှင့် နည်းပညာတို့မှ ရလာတဲ့ စိတ်ခံစားမှုမှတဆင့် ကမ္ဘာကြီးကို ဖြည့်စည်းပေးနိုင်ဖို့ ဖြစ်တယ်” လို့ ပြောပါတယ်။
Honda ၏ CEO ဖြစ်တဲ့ Toshihiro Mibe ကတော့ ကုမ္ပဏီသစ်ဟာ တီထွင်ဆန်းသစ်မှုများ၊ ဆင့်ကဲပြောင်းလဲမှုများနှင့် ကမ္ဘာအနှံ့ ချဲ့ထွင်ခြင်းများတွင် ရှေ့တန်းက မားမားမတ်မတ် ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းမှ Sony နှင့် Honda ဟာ သမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အချက်များတွင် ဆင်တူပေမယ့် နည်းပညာ နယ်ပယ်တွင်တော့ အလွန်ကွဲပြားကြောင်း
ထို့ကြောင့် ယခုလို မတူညီတဲ့ ကုမ္ပဏီနှစ်ခု၏ ပေါင်းစည်းမှုနှင့် အနာဂါတ် ကားလောကတွင် ကြီးမားတဲ့ ခွန်အားကိုဖြစ်စေနိုင်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

Honda ဟာ Sony နှင့် ပူးပေါင်း ထုတ်လုပ်သည့် လျှပ်စစ်စွမ်းအင်သုံး ကားများသာမကဘဲ ၎င်း၏ ကိုယ်ပိုင် လျှပ်စစ် စွမ်း အင် သုံး ကားများကိုလည်း ဆက်လက် ဒီဇိုင်းဆွဲ ထုတ်လုပ်သွားမယ်လို့ ပြောပါသေးတယ်။
ဒီလို ကြေငြာချက်ဟာ ကားကုမ္ပဏီများ ကာဗွန် ကင်းစင်သည့် ကားများကို ထုတ်လုပ်ဖို့ ဖိအားပေး ခံနေရစဉ်အတွင်းမှာ ထွက်ပေါ်လာတာပါ။
ဒါပေမယ့် အလိုအလျှောက်စနစ် ပါဝင်တဲ့ လျှပ်စစ်ကားများဟာ လမ်းသွားလမ်းလာများ ဘေးကင်းမှု အတွက် တင်းကျပ်သည့် ဘေးကင်းရေး စည်းမျဉ်းများ၏ စိတ်ခေါ်မှုများ ရှိနေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။