တရုတ်၏ နျူလက်နက် တိုးချဲ့မှုနှင့် ဂျပန်၏ ကန်အား ပုလဲဆိပ်ကမ်းလို ထပ်မဖြစ်စေရန် သတိပေးမှု

Article

ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး ယာဆူဟေဒေး နာကာယားမား က အမေရိကန်ကို ဒုတိယကမ္ဘာစစ်အတွင်း ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရသကဲ့သို့ အလစ်အငိုက် တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို သတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။

၎င်းက “စစ်ရေးလေ့ကျင့်မှုတွေ အတူတကွ ပြုလုပ်နေတဲ့အတွက် ကျွန်တော်တို့ဟာ တရုတ်ကိုသာမက ရုရှားကိုပါ တားဆီးမှုတွေပြုလုပ်ရမှာ ဖြစ်ပါတယ်” လို့ ဒီ တပတ်ထဲမှာ ပြောကြားခဲ့တာပါ။

“လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ်တုန်းက ကျွန်တော်တို့ ဂျပန်တွေဟာ ပုလဲဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် ယနေ့မှာတော့ အမေရိကန်နှင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး မဟာမိတ်တွေ ဖြစ်နေပါပြီ။”

“ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ် ခုနှစ်ဆယ်က အကြောင်းကို ပြန်မပြောချင်ပါဘူး။ ဒါပေမယ့် ရုရှားတို့ရဲ့ ဟာဝိုင်အီကျွန်းစု ဟိုနိုလူလူမြို့ အနောက်ဖက်မှာ စစ်ရေးလေ့ကျင့်ခဲ့တာဟာ သတိထားရမယ့် ကိစ္စဖြစ်တယ်” လို့ ပြောပါသေးတယ်။

ရုရှားတို့ဟာ ဇွန်လထဲက ရေငုပ်သင်္ဘောတစီးနှင့် ထောက်ပံ့ သင်္ဘောများအပါအဝင် စစ်သင်္ဘောပေါင်း ၂၀ ခန့်ဖြင့် ဟာဝိုင်အီကျွန်းစု အနောက်ဖက် မိုင် ၄၀၀ လောက်အကွာမှာ အကြီးစား စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာပါ။

ဒါဟာ ပစိဖိတ် ရေတပ်အုပ်စု အတွက် ပထမဆုံး ဝေးကွာတဲ့ ပင်လယ်ပြင်အတွင်း စစ်ရေးလေ့ကျင့်မှု ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။

အဆိုပါ စစ်ရေး လေ့ကျင့်မှုအတွင်း လေယာဉ် ၂၀ လောက်ပါဝင်ပြီး တာဝေးသွား ရေငုပ်သင်္ဘော တိုက်ဖျက်ရေး လေယာဉ် Tu-142M3 နှင့် II-38၊ ကြားဖြတ်တိုက်လေယာဉ် MiG-31BM နှင့် ရေငုပ်သင်္ဘော တိုက်ဖျက်ရေးနှင့် ကယ်ဆယ်ရေး ရဟတ်ယာဉ် Ka-27 များ ပါဝင်ပါတယ်။

ရုရှား အာဏာပိုင်တွေကတော့ ပစိဖိတ် သမုဒ္ဒရာအတွင်း ပြုလုပ်ခဲ့တဲ့ ဒုံးကျည်နှင့် အမြောက်တွေ ပစ်ခတ်လေ့ကျင့် ခဲ့တာဟာ တပ်ဆင်ထားတဲ့ လက်နက်တွေ ပူပြင်းတဲ့ ရာသီဥတုမှာ အလုပ် လုပ်မလုပ် စိတ်ချရအောင် စစ်ဆေးဖို့ ဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

အလားတူ မကြာသေးမီက တရုတ်နိုင်ငံ၏ မြောက်ပိုင်း ယွီမင်မြို့အနီး သဲကန္တာရထဲမှာ တိုက်ချင်းပစ် ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ ဒုံးကျည် ပစ်လွှတ်စင် ၁၀၀ ကျော်လောက် ဆောက်လုပ်နေတယ်လို့ ဝါရှင်တန် သတင်းစာမှာ ဖော်ပြထားပါတယ်။

တရုတ် သဲကန္တာရအတွင်းရှိ ဒုံးကျည်ပစ်စင် တည်နေရာများ

အချို့ ကျွမ်းကျင်သူများက ဒါဟာ တရုတ်နိုင်ငံ၏ နျူကလီးယား လက်နက် တိုးချဲ့မှု ဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

အများစုကို လိပ်ခုံးပုံစံ အမိုးများဖြင့် ဖုံးအုပ်ထားပြီး တခြားနေရာများ နှင့် အဆိုပါ ဧရိယာအတွင်း တည်ဆောက်နေသည့် ဒုံးကျည်ပစ်စင်များအပါအဝင် လက်ရှိ ဆောက်လက်စ ပစ်စင်ပေါင်း ၁၄၅ ခုလောက် ရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံတွင်း နျူကလီးယား လက်နက် ၂၅၀ မှ ၃၅၀ လောက်အထိ ရှိလိမ့်မယ်လို့ ခန့်မှန်းထား ကြပါတယ်။

အမေရိကန်နှင့် ရုရှား ၂ နိုင်ငံပေါင်း နျူကလီးယား ထိပ်ဖူး ၁,၁၀၀၀ ကျော် ရှိနေတဲ့အချိန်မှာ တရုတ်ရဲ့ အရေအတွက်ဟာ မှေးမှိန်နေပေမယ့် လက်ရှိပိုင်ဆိုင်ထားတဲ့ ပမာဏဟာ နည်းတယ်လို့တော့ မဆိုနိုင်ပါဘူး။

စစ်အေးကာလက အမေရိကန်နှင့် ဆိုဗီယက်တို့ နျူကလီးယားဒုံးကျည်များ အပြိုင်အဆိုင် နေရာချထားပြီး စစ်ရေး ကစားခဲ့သလို့ တရုတ်နိုင်ငံဟာလည်း လုပ်လာလေမလား စဉ်းစားစရာပဲ ဖြစ်ပါတယ်။

လိပ်ခုံးပုံ အမိုးများဖြင့် ဖုံးအုပ်ထားသော အဆောက်အအုံ

ဒီပစ်လွှတ်စင်များဟာ တရုတ်တို့၏ မိုင် ၉၃၀၀ အထိ ပျံသန်းနိုင်ပြီး၊ နျူကလီးယား ထိပ်ဖူးများစွာ တင်ဆောင်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည် DF-41 ဖြင့် အသုံးပြုသွားဖွယ်ရှိပါတယ်။

ဂျပန်ကာကွယ်ရေး ဒုဝန်ကြီးက နျူကလီးယား လက်နက်များနှင့် ပတ်သက်ပြီး ယနေ့ခေတ် နျူလက်နက်များဟာ ဟီရိုရှီးမားတွင် အသုံးပြုခဲ့သည့် လက်နက်ထက် အဆ ၂၀၀ လောက် ရှိတဲ့အတွက် တရုတ်နှင့် ရုရှား တနိုင်ငံကသာ နျူကလီးယား လက်နက် အသုံးပြုပါက ဟာဝိုင်အီကျွန်းစုရှိ ဟိုနိုလူလူမြို့ဟာ မြေပုံပေါ်က ပျောက်သွားနိုင်တယ်လို့ သတိပေးခဲ့ပါသေးတယ်။

ဒါ့ကြောင့် ဂျပန်၏ သတိပေးမှုနှင့် အတူ အနာဂါတ်ကာလမှာ တရုတ်၊ ရုရှား နှင့် အမေရိကန်၊ မဟာမိတ်များ မည်သည့် ဗျူဟာများဖြင့် ပါဝါ ယှဉ်ပြိုင်ကြမယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *