သံ လုံးဝ မသုံးသည့် ဂျပန် ရိုးရာ ဆောက်လုပ်ရေး နည်းလမ်း အကြောင်း

History Knowledge

ယနေ့ခေတ်တွင် သစ်သား လုပ်ငန်းများတွင် အသားများကို တခုနှင့် တခု မပြုတ်အောင် ချိတ်ဆက်နိုင်ဖို့အတွက် အပို ပူးကပ်စေသည့် အရာ တခုခုကို အသုံးပြုနေရပါတယ်။

သစ်သားကော်ကို အထပ်သားများနှင့် အခြား သစ်သားများကို ဆက်ရာတွင် ရှေးယခင်ကတည်းက အသုံးပြုပေမယ့် သစ်သားတိုင် အဆက် များကိုတော့ ဘာမှ အသုံးပြုစရာမလိုဘဲ ချိတ်ဆက်တဲ့ ပြီးပြည့်စုံတဲ့ စနစ် တခု ရှိပါတယ်။

အဲဒါကတော့ scarf joint ဆက်နည်းလို့ခေါ်တဲ့ kanawa tsugi (金輪継) နည်းလမ်းပဲ ဖြစ်ပါတယ်။ မြန်မာ ရှေးဟောင်း အဆောက် အအုံ အချို့ မှာလည်း အလားတူ နည်းလမ်းများကို အသုံးပြုခဲ့ပေမယ့် တိမ်မြုပ်နေပါတယ်။

ရှုပ်ထွေးသည့် သစ်သားကော် များနှင့် ဝက်အူများ မရှိခင်က ဂျပန်နိုင်ငံတွင် အထူး လေ့ကျင့် ထားသည့် လက်သမား အတန်းအစား miyadaiku (宮大工) များဟာ ခိုင်ခံ့သည့် အဆောက်အအုံများကို တည်ဆောက်နိုင်ရန်အတွက် သစ်သားများကို ချိတ်ဆက်သည့် နည်းပညာကို အသုံးပြုခဲ့ကြပါတယ်။

Photo: Courtesy of YSD Yamada Noriaki Structural Design Office

ဒီနည်းပညာဖြင့် ဘုရားကျောင်းများနှင့် အထွတ်အမြတ်ထားရာ ဗိမာန်များကို တည်ဆောက်ခဲ့ပြီး kanawa tsugi ဟု သိကြသည့် နည်းပညာဖြင့် သစ်သားအပိုင်းများကို တိုက်ရိုက် ချိတ်ဆက်အသုံးပြုခဲ့ ကြပါတယ်။

နောက်ပိုင်းမှာတော့ လက်သမားဆရာများဟာ kanawa tsugi နည်းပညာကို အသုံးပြုပြီး ဂျပန်နိုင်ငံ၏ ကြာရှည်အခံဆုံး အဆောက်အဦး အချို့ကိုပါ ဆက်လက် တည်ဆောက်နိုင်ခဲ့ကြပါတယ်။

လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီကာလတုန်းက ဂျပန်နိုင်ငံရှိ လူများဟာ သံကို ရရှိနိုင်ဖို့ အခက်အခဲများ ရှိခဲ့ကြပါတယ်။

ဒါ့ကြောင့် ၎င်းတို့၏ ကျွမ်းကျင်မှုများကို အခြေခံပြီး နောက်ဆုံးမှာတော့ လှပသည့် အနုပညာ အစိတ်အပိုင်းများအဖြစ် ပြောင်းလဲပေးနိုင်ကာ ယခုလို နည်းပညာများကို ရရှိ လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒီ နည်းပညာနောက်ကွယ်မှာ အင်ဂျင်နီယာ ပညာကတော့ အဆက်နေရာများအား သပ်ကို အသုံးပြုပြီး အတိအကျ ကိုက်ညီသည့် အပေါက်အတွင်းသို့ ထည့်သွင်း ရိုက်ထည့်တာ ဖြစ်ပါတယ်။

ဒီနည်းလမ်းဟာ အသေးစိတ်ပြီး အလွန် တိကျဖို့ လိုအပ်ပေမယ့် ဝက်အူနှင့် ကော်များ မရှိသည့် အချိန်မှာတော့ ဒါဟာ ပြီးပြည့်စုံတဲ့ နည်းလမ်းတခု ဖြစ်ခဲ့ပါတယ်။

Photo: Courtesy of thehomestead.guru

တိကျစွာ သစ်သားများကို ချိတ်ဆက်ရတာ ဖြစ်တဲ့အတွက်ကြောင့် ယနေ့ခေတ် သစ်သားကော်ကို အသုံးပြုထားသည့် သစ်သားများကဲ့သို့ ပြတ်သွားတာမျိုး မဖြစ်နိုင်ပါဘူး။

ဒါ့ကြောင့် ခေါင်မိုး တလျှောက်တွင် ပိုမို ဝေးကွာစွာ ချိတ်ဆက်နိုင်ပြီး အခြား ပံ့ပိုးမှု မလိုဘဲ ပိုမို မြင့်မားသည့် အဆောက်အဦးများကို ဖန်တီးနိုင်စေမှာ ဖြစ်ပါတယ်။

အဲဒီလို တည်ဆောက်သည့် နည်းလမ်းဟာ ထိုခေတ်က ဂျပန် ဗိသုကာ ပညာတွင် အသုံးပြုသည့် ရိုးရာ နည်းလမ်း ဖြစ်ပါတယ်။

ခေတ်မှီလာသည့် စက်မှု ခေတ်ပြောင်း တော်လှန်ရေးကြောင့် တည်ဆောက်ခြင်း နည်းပညာများဟာ ပြောင်းလဲလာသော်လည်း သဘာဝနှင့် ထပ်တူကျသည့် လှပသော ဆောက်လုပ်ရေး နည်းလမ်းဟောင်းများကို ဆက်လက် တည်မြဲစေသည့် အဖွဲ့များလည်း ရှိနေသေးပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *