Kawasaki ရဲ့ မောင်းသူမဲ့လေယာဥ်နှင့် တွဲဖက် အသုံးပြုမည့် သယ်ယူ ပို့ဆောင်ရေး စက်ရုပ်

Innovation Tech

Kawasaki Heavy Industries Limited ဟာ ၎င်းတို့ရဲ့ မောင်းသူမဲ့​ လေယာဉ်နဲ့ တွဲဖက်ကာ အသုံးပြုမည့် သယ်ယူပို့ဆောင်ရေး စက်ရုပ်ရဲ့ စမ်းသပ်မှုကို အောင်မြင်စွာ ပြီးစီးကြောင်း ကြေငြာ လိုက်ပါတယ်။

၎င်းတို့ရဲ့ မောင်းသူမဲ့​လေယာဥ်ကို Kawasaki Researching Autonomic Compound to Exceed Rotorcraft (K-RACER) X1 ဟု အမည်ပေးထားပြီး ဒေါင်လိုက် အတက်အဆင်းပြုလုပ်နိုင်တဲ့ (VTOL)​ လေယာဥ်တစ်စင်း ဖြစ်သည့်အပြင် ၎င်းနှင့်အတူ အကူပို့ဆောင်ရေး စက်ရုပ်တစ်ရုပ်လည်း ပါရှိပါတယ်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေမှာ လုပ်သား ရှားပါးမှုကဲ့သို့ ပြဿနာအမျိုးမျိုးကို ကူညီဖြေရှင်းဖို့အတွက် အဆိုပါ စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ်ဟုလည်း သိရပါတယ်။

Kawasaki အဖွဲ့ဟာ ၎င်းတို့ရဲ့ “Group Vision 2030” ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ K-RACER ဟာ အနာဂတ်အတွက် မျှော်မှန်းချက်​တွေကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးမှာဖြစ်တယ်ဟု ဆိုပါတယ်။

Image: Courtesy of Kawasaki

အဆိုပါ မောင်းသူမဲ့ယာဥ်မှာဆိုရင် လုံခြုံမှုရှိပြီး အလိုအလျောက် လုပ်ဆောင်နိုင်မှုတွေ ၊ စွမ်းအင် နှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းချက်တွေ ပါဝင်တယ်ဟု ဆိုပါတယ်။

ဒါဟာ သယ်ယူပို့ဆောင်ရေးအတွက် အစစအရာရာ အဆင်ပြေစေမယ့် အလားအလာ ကောင်းတွေပဲ ဖြစ်ပါတယ်။

K-RACER ဟာ အပြည့်အဝ အလိုအလျောက် သယ်ယူပို့ဆောင်နိုင်ဖို့အတွက် ပထမဆုံး ခြေလှမ်းတစ်လှမ်း ဖြစ်ကြောင်း

ကုမ္ပဏီဟာ ၂၀၂၀တုန်းက စမ်းသပ်ပျံသန်းခဲ့တဲ့ K-RACER ရဲ့ ဆက်လက်တိုးတက်မှုများစွာကို မြင်တွေ့ခဲ့ရပြီး အလေးချိန် ပေါင် ၂၂၀ (၁၀၀ ကီလိုဂရမ်) ဝန်းကျင်ကိုသယ်ဆောင်နိုင်သည့်အပြင် သယ်ယူပို့​ဆောင်ခြင်းဆိုင်ရာ တခြားအရာတွေကိုပါ သယ်ဆောင် နိုင်တယ်ဟု ဆိုပါတယ်။ ​

မောင်းသူမဲ့လေယာဥ်တွင် Kawasaki Motors Limited မှ တည်ဆောက်ထားတဲ့ Ninja H2R မော်တော် ဆိုင်ကယ်ရဲ့ စူပါအင်ဂျင်ကို တပ်ဆင်ထားတယ် ဟုဆိုပါတယ်။

Image: Courtesy of Kawasaki

Kawasaki မှ ပြောကြားချက်အရ မောင်းသူမဲ့ VTOL ​​လေယာဥ် နှင့် တွဲသုံးတဲ့ ပို့ဆောင်ရေး စက်ရုပ်ကို Kawasaki ရဲ့ စက်ရုပ်နှင့် နည်းပညာဆိုင်ရာ အသိပညာများကို အသုံးချပြီး ကြမ်းတမ်းတဲ့ လမ်းတွေမှာတောင် ချောမွေ့တည်ငြိမ်စွာ သွားလာနိုင်ဖို့အတွက် ဒီဇိုင်းထုတ်ထားပါတယ်။

ဒါ့အပြင် မောင်းသူမဲ့ VTOL ​​လေယာဥ်ပေါ်သို့ တက်နိုင်ဖို့အတွက် အဆိုပါ ပို့ဆောင်ရေးစက်ရုပ်ကို အဆင့်မြှင့်တင်ထားတယ် ဟုလည်း ဆိုပါတယ်။

လက်ရှိစမ်းသပ်မှုမှာဆိုရင် မောင်းသူမဲ့ယာဥ်နဲ့တွဲဆက်ပြီး ပို့ဆောင်မှု လုပ်ငန်းဆောင်တာများကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်မည့် လုပ် ငန်း စဉ်တစ်ခုကို ပုံဖော်ထားပြီး ပို့ဆောင်ရေး စက်ရုပ်အနေနဲ့ ကုန်စည် တင်ဆောင်ကာ မောင်းသူမဲ့ယာဥ်ပေါ်သို့ အလိုအလျောက် တက်နိုင်အောင်တီထွင်ထားတယ် ဟု ဆိုပါတယ်။

ဒါတွေအပြင် အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ပို့ဆောင်ရေး စက်ရုပ်ကို အတူခေါ်ဆောင်ကာ အလိုအလျောက် သယ်ယူခြင်းတွေ၊ဆင်းသက်ခြင်းတွေ နှင့် နောက်ဆုံး သွားမည့်နေရာသို့ ကုန်ပစ္စည်းများ ပို့ဆောင်ခြင်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်ဟု သိရပါတယ်။

Image: Courtesy of Kawasaki

ယခင်က မျှော်မှန်းထားတဲ့အတိုင်း စမ်းသပ်မှုမှာဆိုရင် လူသားအကူအညီလုံးဝ မပါဝင်ပဲ အပြည့်အ၀ အလိုအလျောက် လုပ်ဆောင်နိုင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်တယ် ဟု ဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ လုပ်သားရှားပါးမှုနှင့် လူ့အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ အခြား စိန်ခေါ်မှု​တွေကို တုံ့ပြန်တဲ့အနေနဲ့ Kawasaki က ၎င်းတို့ရဲ့နောက်ဆုံးပေါ် PoC စမ်းသပ်မှုမှ ရရှိလာတဲ့ ရလဒ်​တွေနှင့် သတင်းအချက်အလက်တွေကိုအသုံးပြုပြီး လမ်းသွားလာမှုအခြေအနေ ဒါမှမဟုတ် မြေမျက်နှာသွင်ပြင်လက္ခဏာတွေကို သုံးသပ်ပြီး လျင်မြန်တဲ့ကုန်တင်သယ်ယူပို့ဆောင်ရေးစနစ်ကို ရရှိအောင် လုပ်ဆောင်မှာ ဖြစ်တယ်ဟု သိရပါတယ်။

တောင်တန်းတွေ ဒါမှမဟုတ် ဝေးလံ ခေါင်သီတဲ့ ကျွန်းများပေါ်ရှိ နေရာတွေ ကိုတောင် ယုံကြည် စိတ်ချရတဲ့ ထောက်ပံ့ ပို့ဆောင်ရေး ဝန် ဆောင်မှုများ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ် ဟုလည်း သိရပါတယ်။

Image: Courtesy of Kawasaki

ယခုစမ်းသပ်မှုရဲ့ ရလဒ်တွေကိုအခြေခံပြီး Kawasaki က မောင်းသူမဲ့ယာဥ် နှင့် တွဲဖက် သယ်ယူပို့ဆောင်ရေး စက်ရုပ်ကို မကြာခင်မှာ အသုံး ပြုလာနိုင်ဖို့အတွက် ၎င်းတို့ရဲ့ ဒီဇိုင်းတွေကို ဆက်လက်ပြီး အဆင့်မြှင့်တင်သွားမယ် ဟု သိရပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *