ကိုရီးယား လေကြောင်းထုတ်လုပ်ရေး KAI ဟာ တောင်ကိုရီးယား နိုင်ငံ၏ ပထမဆုံး ပြည်တွင်း ဖြစ် တိုက်လေယာဉ် ရှေ့ပြေးပုံစံကို ဧပြီလတွင် ပြသရန် စီစဉ်ထားကြောင်း ကာကွယ်ရေးပစ္စည်း ဝယ်ယူရေး အေဂျင်စီက ပြောကြား ခဲ့ပါတယ်။
၎င်း၏ အဆိုအရ KAI ဟာ မျိုးဆက်သစ် တိုက်လေယာဉ်ဖြစ်တဲ့ Korean Fighter eXperimental (KF-X) လို့ အမည်ပေးထားတဲ့ တိုက်လေယာဉ်ရဲ့ ပထမဆုံး ရှေ့ပြေးပုံစံကို မိတ်ဆက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
KF-X တိုက်လေယာဉ် စီမံကိန်းရဲ့ ဦးဆောင်သူ Jung Kwang-sun က ဒီရှေ့ပြေးပုံစံ မိတ်ဆက်မှုဟာ နိုင်ငံနှင့် လေကြောင်း ထုတ်လုပ်ရေးအတွက် သမိုင်း မှတ်တိုင်တစ်ခု ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗုဒ္ဓဟူး နေ့က ဆေချွန်မြို့ တောင်ပိုင်း ရှိ KAI ရုံးချုပ် မှာ သတင်းထောက် များကို “လေယာဉ် စီမံကိန်း အတွက် စာရွက်ပေါ်မှာပဲ အလုပ် လုပ်ခဲ့ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့ လေ့လာမှုတွေ ပြုလုပ်ခဲ့တာဟာ တကယ် အလုပ်ဖြစ်မဖြစ်ဆိုတာ မြင်နိုင် စမ်းသပ်နိုင်တော့မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားဟာ လေတပ်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ သက်တမ်းလွန် F-4 နှင့် F-5 တိုက်လေယာဉ်များကို အစားထိုးဖို့ရာ ၂၀၁၅ ခုနှစ်ကတည်းက မျိုးဆက်သစ် တိုက်လေယာဉ် ထုတ်လုပ်ဖို့အတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။
ယခုအခါမှာ ရှေ့ပြေးပုံစံ ၆ စီးဟာ နောက်ဆုံး တပ်ဆင်တဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီ လေယာဉ်တွေကို ဂျောင်ဆန်း စီရင်စုရှိ ဆေချွန်မြို့ မှာရှိတဲ့ KAI ရုံးချုပ်မှာပဲ တပ်ဆင်ထုတ်လုပ် နေတာ ဖြစ်ပါတယ်။
ဧပြီလ မိတ်ဆက်ပွဲပြုလုပ်ပြီးနောက် မြေပြင် စမ်းသပ်မှုတွေ ကိုဆောင်ရွက်မှာ ဖြစ်ကာ လာမယ့်နှစ်မှာ စမ်းသပ် ပျံသန်းမှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
ပထမဆုံး ပျံသန်းမှုကို ၂၀၂၂ ဇူလိုင်လ လောက်မှာ ပြုလုပ် နိုင်လိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ လေယာဉ် ထုတ်လုပ်မှုတွေ ကတော့ ဒုတိယ နှင့် တတိယ ရှေ့ပြေးပုံစံ လေယာဉ်တွေဟာ ဒီနှစ်ကုန်မှာ ပြီဆုံးမှာ ဖြစ်ပြီး စတုတ္ထ၊ ပဥ္စမ နှင့် ဆဌမမြောက် ရှေ့ပြေးပုံစံ လေယာဉ်တွေ ကတော့ နောက်နှစ် ၂၀၂၂ ထဲမှာ ပြီးဆုံး လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အာဏာပိုင်များ၏ အဆိုအရ ဒီ KF-X တိုက်လေယာဉ်ဟာ ကမ္ဘာ့ တိုက်လေယာဉ် ဈေးကွက်မှာ အမေရိကန် Lockheed Martin ထုတ် F-35 နှင့် F-22 များနှင့် ဈေးနှုန်းရော နည်းပညာပိုင်းမှာပါ ယှဉ်ပြိုင် နိုင်လိမ့်မယ် လို့ ဆိုပါတယ်။
KAI ရဲ့ အဆိုအရ KF-X တိုက်လေယာဉ်ကို လက်ရှိမှာ 4.5 generation တိုက်လေယာဉ် အဖြစ် ဒီဇိုင်းဆွဲထားပြီး ပိုမိုကောင်းမွန်တဲ့ ရေဒါပျောက် နည်းပညာကို ထည့်သွင်းလိုက်ပါက 5th generation တိုက်လေယာဉ် အဖြစ်အထိ အဆင့်မြှင့်တင် နိုင်မယ်လို့ သိရပါတယ်။
ကိုရီးယား ကာကွယ်ရေး ဌာနမှ တောင်ကိုရီးယား၏ မျိုးဆက်သစ် လေယာဉ်များ ထုတ်လုပ်နေသည့် ဓာတ်ပုံအသစ်များကို ပြသခဲ့ပြီး ပထမဆုံး ရှေ့ပြေးပုံစံဟာ ၉၂ ရာခိုင်နှုန်းလောက် အထိ ပြီးစီးနေပြီ ဖြစ်ပါတယ်။
Knowledgeworms Copyright © 2021