ယခုနှစ် အစောပိုင်းကာအတွင်း အစ္စရေး-ဟားမာ့စ် ပဋိပက္ခတွင် အစ္စရေး လေကာစနစ်၏ အောင်မြင်မှုကို မျက်မြင် တွေ့မြင်ရပြီးနောက် တောင်ကိုရီးယားတွင် ကိုယ်ပိုင် Iron Dome စနစ်မျိုး တပ်ဆင်သွားဖို့ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
မြောက်ကိုရီးယားနှင့် မိုင် အနည်းငယ်မျှသာ ကွာဝေးသည့် မြိုတော် ဆိုးလ်နှင့် တခြား အချက်အချာကျသည့် ဒေသများကို အကာအကွယ်ပေးနိုင်ဖို့ ဒီလေကာစနစ်အတွက် ဒေါ်လာ ၂.၆ ဘီလီယံလောက် သုံးစွဲဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ကိုရီးယား နှစ်နိုင်ငံဟာ ၁၉၅၀ ခုနှစ်များ အစောပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ယာယီ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအရ တိုက်ပွဲများ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ငြိမ်းချမ်းရေး စာချုပ်ကိုတော့ နှစ်နိုင်ငံလုံးဟာ လက်မှတ်ရေးထိုးခြင်း မရှိခဲ့ဘဲ ဆယ်စုနှစ်ပေါင်းများစွာ တိုင်အောင် ထိုးစစ်နှင့်ဆိုင်သည့် မဟာဗျူဟာမြောက် လက်နက်များ ဆက်လက် တပ်ဆင်နေခဲ့ကြပါတယ်။
လွန်ခဲ့နှစ်က မြောက်ကိုရီးယားဟာ ၎င်း၏ အကြီးဆုံးသော တိုက်ချင်းပစ် ဒုံးပျံ ကို ပြသခဲ့ပြီး တောင်ကိုရီးယားကတော့ ဧပြီလအတွင်းမှာ ၎င်းတို့၏ ပြည်တွင်းဖြစ် တိုက်လေယာဉ်သစ် ကို ပြသခဲ့ပါတယ်။

သတင်းများအရ မြောက်ကိုရီးယားဟာ တောင်ကိုရီးယား မြို့တော် ဆိုးလ်နှင့် ၂၅ မိုင်ခန့်မျှသာ ဝေးသော နယ်စပ်တလျှောက်မှာ အမြောက်ပေါင်း ၁၃,၀၀၀ ကျော်နှင့် ရော့ကတ် ပစ်စင်များ တပ်ဆင်ထားတယ်လို့ သိရပါတယ်။
တောင်ကိုရီးယားတွင် အမေရိကန်လုပ် Patriot နှင့် THAAD လေကာစနစ်များကို ရရှိထားပြီး ဖြစ်သည့်အပြင် ကိုရီးယားနည်းဗျူဟာမြောက် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည် (KTSSM) များ မနှစ်က တပ်ဆင်ထားပြီးဖြစ်တယ်လို့ အယ်ဂျားဇီးယား သတင်းအရ သိရပါတယ်။
ထိုကဲ့သို့ လေကာများ စုံလင်အောင် ရရှိထားသော်လည်း ကိုရီးယား ကာကွယ်ရေး ဝယ်ယူမှု စီမံအုပ်ချုပ်မှုမှ လုံလောက်မှု မရှိဟု သတ်မှတ်ထားပုံရပါတယ်။

အခုတော့ တောင်ကိုရီးယားဟာ အစ္စရေးတို့၏ လေကာစနစ်ထက် ပိုမို ရှုပ်ထွေးပြီး အဆင့်မြင့်တဲ့ လေကာစနစ် တည်ဆောက်နိုင်ဖို့ ခွင့်ပြုချက် ရရှိပြီလို့ သိရပါတယ်။
၂၀၃၅ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည့် အဆမတန်ကုန်ကျမည့် ဒေါ်လာ ၂.၆ ဘီလီယံ ဒီစီမံကိန်းဟာ တောင်ကိုရီးယားလို နှစ်စဉ် ကာကွယ်ရေး ဘတ်ဂျက် ဘီလီယံ ၅၀ လောက်ရှိသည့် နိုင်ငံအဖို့ မပြောပလောက်ပါဘူး။
တောင်ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့ စည်းလုံးညီညွတ်မှု NGO အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ပတ်ဂျုံအွန်း ဟာ ငြိမ်းချမ်းရေး လှုပ်ရှားသူတဦးအနေဖြင့် ၁၅ နှစ်ကျော်မျှ လုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ မမျှတမှုများကို ထောက်ပြခဲ့ ပါတယ်။
၎င်းက ” လက်နက်တိုးချဲ့တပ်ဆင်ခြင်းဟာ မြောက်ကိုရီးယားကို ရွေးချယ်စရာ လမ်းမရှိအောင် အဆုံးအစွန်အထိ တားဆီးနေတာဖြစ်တဲ့အတွက် နျူကလီးယား လက်နက်များ ဖျက်သိမ်းရေးကိုသာ အာရုံစိုက်သင့်တယ်” လို့ ပြောဆိုခဲ့ပါတယ်။
Knowledgeworms Copyright © 2021