သမိုင်းအထောက်အထားများအရ အနော်ရထာမင်းကြီးသည် မြန်မာနိုင်ငံသစ်ကို ဦးဆောင်ခဲ့သူ၊ပျိုးထောင်ခဲ့သူဖြစ်ပါသည်။ကျန်စစ်သားကတော့ မြန်မာနိုင်ငံအသစ်ကို တည်တံ့ခိုင်မြဲအောင် ဦးဆောင်ခဲ့သူ၊ကြိုးပမ်းခဲ့သူ အမှန်ပင်ဖြစ်ပါသည်။
ကျန်စစ်သားမင်းလက်ထက် ပုဂံပြည်တွင် လူမျိုးမရွေး၊ဘာသာမရွေး တရားမျှတစွာ ဆောင်ရွက်ပေးခဲ့သည်။ပြည်တွင်းငြိမ်းချမ်းရေး၊ပြည်သူတစ်ရပ်လုံး သာယာဝပြောရေး ၊နိုင်ငံစည်းလုံးရေး၊ယဉ်ကျေးမှု ထွန်းကားရေးအတွက် အဖက်ဖက်မှ ထောင့်စုံ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ကျန်စစ်သားမင်းဖြစ်လာချိန်၌ ငရမန်ကန်း သူပုန်အရေး ပြေငြိမ်းစရှိသေးသည်။ ပျူ ၊မွန်၊သက်၊မြန်မာစသည့် ပုဂံပြည်သူ ပြည်သားများသည် အတိ ဒုက္ခ အမျိုးမျိုးနှင့် ရင်ဆိုင်ကြရသည်။ သားတကွဲ၊ မယားတကွဲ ဖြစ်သူကဖြစ် ၊ အဖမ်းအဆီးခံရသူက ခံနေရသည်။
အောက်ပြည်အောက်ရွာသို့ အဓမ္မခေါ်ဆောင်သွားခြင်းခံနေကြရသည်။ အိုးမဲ့ အိမ်မဲ့၊ အလုပ်အကိုင်မဲ့ ဖြစ်နေကြရသည်။ထို့ကြောင့် ကျန်စစ်မင်းကြီး၏ စေတနာနှင့် သဘောထားကို ပြည်သူအများသိနားလည် ၊ ငြိမ်းချမ်းစေခြင်းငှာ ကျောက်စာရေးထိုးအသိပေးခဲ့သည်။
ရွှေစည်းခုံမွန်ကျောက်စာဟု ထင်ရှားပါသည်။ထိုကျောက်စာကို ပုဂံ ရွှေစည်းခုံ ဘုရားရှိ ကျောက်တိုင် နှစ်တိုင်တွင် ရေးထိုးထားသည်။မွန်ဘာသာဖြင့် ရေးထိုးထားခြင်းဖြစ်သည်။
ပြည်သူ ပြည်သားအားလုံး ဖတ်မိသိရှိစေရန် ရွှေစည်းခုံ ဘုရားရှိ ကျောက်တိုင်တွင်သာမက ပုဂံသရပါတံခါးရှိ ကျောက်တိုင်နှစ်တိုင်တွင်လည်း ရေးထိုးထားခဲ့သည်။
ရွှေစည်းခုံ မွန်ကျောက်စာကို မြန်မာပြန်ကြည့်လျှင်-

“အရိမဒ္ဒနပူရ်မြို့၌ နေကုန်သော ၊ရေစုန်တွင် အဖမ်းခံရကုန်သော ၊ အခြားဒေသသို့သွားကုန်သော၊ အမျိုးလေးပါးတို့သည် ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်း၏ တန်ခိုးခွန်အား ဝီရိယဖြင့် အလျှင်အမြန်ရေဆန်ပြန်တက်ကြလတ္တံ။
သူတို့သည် အရိမဒ္ဒနပူရ်မြို့၌ ပျော်မွေ့ကြကုန်လတ္တံ။ချစ်သူအပေါင်းမှ ကွဲကွာကုန်သော သူတို၏ မျက်ရည်ကို အကျိုးစီးပွား ထွက်မြောက်ခြင်းဖြင့် လက်နှင့်တူသော မေတ္တာစိတ်ဖြင့် ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် သုတ်ပစ် လတ္တံ။

စိတ်နှလုံးပူဆွေးသူတို့၏နှပ်ကည်ကို အကျိုးစီးပွားထွက်မြောက်ခြင်းဖြင့် ရေနှင့်တူသော ဂရုဏာဖြင့် ဆေးကြောပစ်လတ္တံ။ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် လက်ျာလက်ဖြင့် ပြည်သူအပေါင်းအား ထမင်း မုန့်ပေးလတ္တံ။
လက်ဝဲလက်ဖြင့် လူအပေါင်းအား ပစ္စည်း ဉစ္စာ အဝတ်ပုဆိုး ပေးလတ္တံ။ x x x x x ဂြိတြိဘုဝနာဒိတျ ဓမ္မရာဇာမင်းသည် အကျိုးစီးပွားဖြင့် စောင့်ထိန်း လတ္တံ ……..။” ဟူ၍ တွေ့မြင်ဖတ်ရှုနိုင်ပါသည်။
မောင်ကြည်သန့်(မြန်မာ့ဖြစ်ရပ် ၁၀၀) စာအုပ်မှ ကူးယူဖာ်ပြသည်။