၁ နှစ်လျှင် ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် အသား ပေါင် ၅၀,၀၀၀ လောက် ထုတ်လုပ်မည့် စက်ရုံ အကြောင်း

News Tech

Bay Area မှာရှိတဲ့ စက်ရုံသစ် တခုဟာ ၁ နှစ်လျှင် ပေါင် ၄၀၀,၀၀၀ ထုတ်လုပ်နိုင်သည့် ကြီးမားသော အတိုင်းအတာဖြင့် ဓာတ်ခွဲခန်းမှ ထုတ်လုပ်သည့် အသားများကို ထုတ်လုပ်နေတယ်လို့ ဆန်ဖရန်စစ္စကို သတင်းမှ ဖော်ပြထားပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ထုတ်လုပ်မှုဟာ ၁ နှစ်လျှင် ပေါင် ၅၀,၀၀၀ အထိသာ ကန့်သတ်ထားသေးတာ ဖြစ်ပါတယ်။

အဲဒီ့ ဓာတ်ခွဲခန်းထုတ် အသားများကို ထုတ်လုပ်နေတဲ့ အကျယ်အဝန်း ၅၃,၀၀၀ စတုရမ်းပေလောက်ရှိတဲ့ စက်ရုံကြီးကို အစားအစာ နည်းပညာ ကုမ္ပဏီ တခုဖြစ်တဲ့ Upside Foods အောက်တွင် လည်ပတ်နေတာ ဖြစ်ပါတယ်။

ယခုလို ဓာတ်ခွဲခန်းထုတ် အသား ဈေးကွက်ဟာ စတင်ကာစသာ ရှိနေသေးပေမယ့် ကမ္ဘာအနှံ့မှာတော့ တဖြည်းဖြည်းနှင့် စက်ရုံများ တိုးပွားလာတော့မှာ ဖြစ်ပါတယ်။

အကျိုးကျေးဇူးများက ထင်သာမြင်သာ ရှိပါတယ်။

ဓာတ်ခွဲခန်းထုတ် အသား တွေဟာ ကျွန်တော်တို့ကို အရည်ရွှမ်းတဲ့ ဘာဂါတွေ ဆက်လက် စားသုံးခွင့် ပြုမယ့်အပြင် ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ လျော့ကျစေမယ့် ကျွဲနွား မွေးမြူရေး ကဏ္ဍကိုပါ အဆုံးသတ်စေမှာ ဖြစ်ပါတယ်။

တကယ် ဖြစ်နိုင် မဖြစ်နိုင် စစ်ဆေးမှု

အထင်ကြီးလောက်စရာ ထုတ်လုပ်နိုင်စွမ်း ရှိပေမယ့် ဆေးဝါးနှင့် စားသောက်ကုန် စီမံခန့်ခွဲရေးနှင့် စိုက်ပျိုးရေး ဌာန တို့ဟာ အမေရိကန်နိုင်ငံအတွင်း ဓာတ်ခွဲခန်းထုတ် အသားများကို ရောင်းချနိုင်ဖို့ ခွင့်ပြုချက် မရသေးပေမယ့် တားဆီးတာမျိုးတော့ မရှိဘူးလို့ Upside Foods ၏ CEO Amy Chen က ပြောပါတယ်။

“ဒါဟာ အိပ်မက်တခု မဟုတ်ပါဘူး။ သိပ္ပံ ဝတ္ထုတပုဒ်လည်း မဟုတ်ပါဘူး။ ဒါဟာ ယနေ့ခေတ်ရဲ့ တကယ် ဖြစ်ပျက်နေတာပါ” လို့ Chen က Chronicle သတင်းဌာနကို ပြောပါတယ်။

Photo: Courtesy of Xcellerex

ယခု ထုတ်ကုန်ဟာ အခြား ဓာတ်ခွဲခန်းမှ ထုတ်လုပ်ထားသည့် အသားများကဲ့သို့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

သက်ရှိ တိရစ္ဆာန်များမှ ဆဲလ်များကို အထူးပြုလုပ်ထားသည့် အာဟာရများကို အသုံးပြုကာ ဇီဝ ဓာတ်ပေါင်းဖိုတွင် မွေးမြူထားပြီး အဆီနှင့် ကြွက်သားအလွှာမျိုးသို့ စိတ်ကြိုက် ပြုပြင်နိုင်သည့် ပုံစံဖြင့် အသားကို ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

အခုတော့ ကုမ္ပဏီဟာ ၎င်းတို့ကို စည်းကမ်း ထိန်းသိမ်းရေး ဌာနမှ ခွင့်ပြုချက် မီးစိမ်း ပြနိုင်ဖို့ရာ စောင့်ဆိုင်းနေပြီ ဖြစ်ပါတယ်။

အဲဒီ့ အတောအတွင်းမှာ Upside Foods ကုမ္ပဏီဟာ စားသောက်ဆိုင်များ နှင့် စားဖိုမှူးများထံ ၎င်းတို့၏ ထုတ်ကုန်ကို အသုံးပြုနိုင်ရန် ဆက်သွယ်လျှက် ရှိပါတယ်။

အဲဒီ့နောက် အားလုံးဟာ အစီအစဉ်အတိုင်း ဖြစ်လာမယ် ဆိုရင်တော့ ဓာတ်ခွဲခန်းထုတ် အသားများကို ကုန်စုံဆိုင်များတွင်ပါ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီ ဓာတ်ခွဲခန်းထုတ် အသားရဲ့ ကုန်ကျစရိတ်ဟာ အမျိုးအစား ကောင်းတဲ့ အဆင့်မြင့် ကြက်သား ဈေးလောက် ကျသင့်နိုင်တယ်လို့ Chen က ပြောပြပါတယ်။

သို့ပေမယ့် အပင်အခြေခံသည့် အသားအစားထိုး ဓာတ်ခွဲခန်းထုတ် အသားဟာ စားသုံးသူများကို ဆွဲဆောင်နိုင်ဖို့ လုံလောက်ပါ့မလား။

အဲဒါကတော့ မကြာခင် မြင်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.