သစ်ပင်များကို ဓာတ်ခွဲခန်းအတွင်း ထုတ်လုပ်နိုင်တော့မည့် နည်းပညာ

Article Science

ကမ္ဘာကြီး ပူနွေးလာမှုဟာ သစ်တောများ ပြုန်းတီးမှုနှင့် များစွာ သက်ဆိုင်နေပြီး လက်ရှိ အချိန်အထိလည်း သစ် တန်ချိန်များစွာဟာ လူများ၏ လူနေမှု ဘဝအတွက် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

“သစ်တောများကို ကယ်တင်ပါ” ဆိုသည့် စကားလုံးကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ အစည်းအဝေးများနှင့် ညီလာခံတိုင်းလိုလိုမှာ ထည့်သွင်း ပြောကြားနေဆဲပါ။

ဒါပေမယ့် သစ်များဖြင့် လှပစွာ အလှဆင်ထားသည့် ပရိဘောဂ အကောင်းစားများကို အသုံးပြုကာ ကျင်းပနေသည့် ထို အ စည်းအဝေးများမှာ ရယ်စရာဖြစ်နေပါတယ်။

ကမ္ဘာ့ သစ်တောထွက် ပစ္စည်း ဈေးကွက်ဟာ ၂၀၂၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၆၃၁ ဘီလီယံလောက်အထိ ရှိပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက မည်သို့ပင် ကြိုးစားနေစေတာမူ ၂၀၂၆ ခုနှစ်တွင် သစ်တောထွက် ပစ္စည်း ဈေးကွက်ဟာ ဒေါ်လာ ၉၀၀ ဘီလီယံလောက် အထိတောင် ရှိလာနိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။

ဒါဆိုရင် သစ်တောတွေကို ကယ်တင်ဖို့ တိုက်ပွဲဟာ ကျရှုံးနေပြီလားဆိုတာ မေးခွန်းထုတ်စရာပါ။

Illustration

ဒီမေးခွန်းအတွက် အဖြေကို မဖြစ်နိုင်သေးဘူးလို့ ပြောနိုင်မယ့် အဖြေသစ် တခုကို လက်ရှိမှာ ရှိနေပြီ ဖြစ်ပါတယ်။

အဲဒါကတော့ MIT မှ သုတေသီ အဖွဲ့တဖွဲ့ဟာ ဓာတ်ခွဲခန်းအတွင်း စိုက်ပျိုးထားသည့် သစ်သားဖြင့် သစ်တောပြုန်းတီးမှုများကို ကာကွယ်ဖို့ အစားထိုး ထုတ်ကုန်များ ထုတ်လုပ်ရန် ကြိုးစားနေလို့ပါ။

၎င်းတို့ဟာ မည်သည့် သစ်သား ပုံသဏ္ဍာန်၊ အရွယ်အစားမဆို ထုတ်လုပ်နိုင်သည့် နည်းပညာကို တီထွင်လိုက်တဲ့အတွက် သစ်ပင် တပင်မှ ခုတ်စရာမလိုဘဲ ဓာတ်ခွဲခန်းအတွင်း ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။

သုတေသီများ ဓာတ်ခွဲခန်းအတွင်း သစ်သားများကို ဖန်တီးပုံ

MIT မှ သုတေသီများဟာ ပုံမှန် အပင်ဆဲလ်များကို ပင်မဆဲလ်ကဲ့သို့ ဂုဏ်သတ္တိများ ပေးသည့် စမ်းသပ်မှု တခုကို ပြုလုပ်ခဲ့ပါတယ်။

၎င်းတို့ဟာ Common zinnia (Zinnia elegans) လို့ခေါ်သည့် အပွင့်ပွင့်သည့် အပင်မှ အရွက်များ၏ ဆဲလ်များကို ထုတ်ယူပြီး ကြားခံ အရည်တခုအတွင်းမှာ ရက်အနည်းငယ်ကြာအောင် ထည့်ထားခဲ့ပါတယ်။

နောက်တဆင့်မှာတော့ သုတေသီများဟာ အပင်ဆဲလ်များကို အာဟာရဓာတ်နှင့် ဟော်မုန်းများကြွယ်ဝသည့် gel အခြေပြု ဆေးတမျိုးဖြင့် ထိတွေ့စေပါတယ်။

Image: Courtesy of MIT

အချိန် အတော်လေး ကြာပြီးတဲ့နောက်မှာတော့ ဆဲလ်များဟာ အပင်ဆဲလ်အသစ်များ ဖြစ်ပေါ်လာပါတယ်။

အဲဒီ့နောက်မှာတော့ သုတေသီများဟာ ဟော်မုန်းဓာတ်ပါဝင်မှုကို ပြောင်းလဲခြင်းဖြင့် အသစ်ကြီးထွားလာသည့် ဆဲလ်များ၏ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများကို ထိန်းချုပ်နိုင်ကြောင်း သတိပြုလာမိပါတယ်။

စမ်းသပ်မှုအတွင်း ဟော်မုန်း ပါဝင်မှု မြင့်မားသည့် အပင်ပစ္စည်းများဟာ တောင့်တင်း လာတာကိုလည်း တွေ့ရှိခဲ့ပါတယ်။

သုတေသနကို ဦးဆောင်သူ Ashley Beckwith က အပင်ဆဲလ်မှ သစ်ပင်အတွက် ရုပ်ပိုင်းဆိုင်ရာ ရလဒ်များ သိသိသာသာ ပြောင်းလဲဖို့အတွက် ဓာတု ပမာဏ အနည်းငယ် အသုံးချရုံနှင့် ရနိုင်တယ်လို့ ပြောပါတယ်။

Beckwith နှင့် သူမ၏ အဖွဲ့ဟာ 3D bioprinting နည်းလမ်းကို အသုံးပြုပြီး gel အရည်များအတွင်း မွေးမြူထားသည့် ဆဲလ်များမှ စိတ်ကြိုက်ပုံစံ ဒီဇိုင်းများကို 3D print ထုတ်နိုင်ခဲ့ပါတယ်။

၃ လကြာအောင် ဓာတ်ခွဲခန်းအတွင်း ထုတ်လုပ်ခဲ့သည့် အပင်ပစ္စည်းများကို အမှောင်ထဲတွင် ပေါက်ဖွားစေခဲ့ပြီး ရလဒ်များဟာ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။

အကြောင်းကတော့ ဓာတ်ခွဲခန်းအတွင်းမှာ အပင်များဟာ ရှင်သန်နိုင်ရုံသာမက ပုံမှန် သစ်ပင်များထက် နှစ်ဆ အမြန်နှုန်းဖြင့် ကြီးထွားနိုင်ခဲ့လို့ ဖြစ်ပါတယ်။

Illustration

လက်ရှိ ပရိဘောဂ ထုတ်လုပ်မှု လုပ်ငန်းများမှ သစ်သားများ၏ ၃၀ ရာခိုင်နှုန်းကလောက်ကို ဆုံးရှုံးစေတဲ့အတွက် သစ်များကို လိုသလို ထုတ်နိုင်ပါက အဆိုပါ အမှိုက်များလည်း ထွက်လာမှာ မဟုတ်တော့ပါဘူး။

နည်းပညာကို ထပ်မံ တိုးချဲ့တီထွင်ပြီး ဓာတ်ခွဲခန်း အတွင်းမှာ ပရိဘောဂ အတွက် လိုအပ်သည့် သစ်သားအပိုင်းများကို 3D ဖြင့် စီးပွားဖြစ် မထုတ်လုပ်ခင် နောက်ထပ် သုတေသနနှင့် စမ်းသပ်မှုများ လုပ်ဆောင်ရဦးမှာပါ။

နှစ်စဉ် လူသားများဟာ သစ်ပင်ပေါင်း ၁၅ ဘီလီယံခန့်ကို ခုတ်လှဲနေကြသည့်အတွက် ကြီးမားသော သစ်တော ပြုန်းတီးမှုများကို ဆက်လက် ဖြစ်ပေါ်နေစေပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို ကမ္ဘာတဝှမ်း ခံစားနေရပါတယ်။

တကယ်လို့သာ ယခုနည်းပညာဟာ ဈေးကွက်ထဲ ရောက်ရှိလာပါက “အပင်များကို ကယ်တင်ပါ” ဆိုသည့် စာသားဟာ ပိုမို အဓိပ္ပါယ်ရှိလာပြီး လက်တွေ့အနေဖြင့် ကမ္ဘာကြီးကို ကယ်တင်နိုင်တော့မှာ ဖြစ်ပါတယ်။

ဒီသုတေသနကို Science Direct ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

First Published 27/5/2022

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *