အရွယ်အစား အားဖြင့် ကမ္ဘာ့ အကြီးဆုံး မဟုတ်ပေမယ့် ကမ္ဘာ့ အနက်ရှိုင်းဆုံး နှင့် ရေချို အများဆုံး ရှိနေတဲ့ ရေကန်ကြီးကတော့ Lake Baikal ပဲ ဖြစ်ပါတယ်။
ထိုရေကန်ကြီးဟာ ရုရှားနိုင်ငံတွင် တည်ရှိပြီး ၎င်းကို ဆိုက်ဘေးရီးယား၏ ပုလဲ လို့ အမည်ပေးထား တာပါ။
Lake Baikal ဟာ ကမ္ဘာပေါ်ရှိ ရေချို စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်း (၅ ပုံ ၁ ပုံ) လောက်အထိ ပိုင်ဆိုင်ထားပြီး ဒါဟာ မြောက်အမေရိကတွင် ရှိသမျှ ရေကန်ကြီးများထက် ပိုတဲ့ ပမာဏ ဖြစ်ပါတယ်။
ဆိုက်ဘေးရီးယား တောင်ပိုင်းတွင် တည်ရှိတဲ့ အဆိုပါ ရေကန်ကြီးကို ကမ္ဘာ့ အမွေအနှစ် နေရာတခု အဖြစ်လည်း သတ်မှတ်ထားပါတယ်။

ရေကန်ကြီး၏ အလှ
အကြောင်းကတော့ ရေကန်ကြီး၏ သက်တမ်းဟာ ခန့်မှန်းခြေ အားဖြင့် နှစ်ပေါင်း ၂၅ သန်းလောက် ရှိနေပြီ ဖြစ်ပြီး ကမ္ဘာပေါ်ရှိ ရှိသမျှ ရေကန်ကြီးများတွင် သက်တမ်း အရင့်ဆုံး ရေကန်ကြီးတခု ဖြစ်နေလို့ပါ။
ကန်ကြီး အတွင်းသို့ မြစ်ပေါင်း ၃၃၀ လောက်မှ ရေများ စီးဆင်းနေပြီး Angara မြစ် တစင်းမှသာ ကန်ကြီးမှ ရေများ ပြန် လည် ထွက်ရှိနေတာ ဖြစ်ပါတယ်။
ရေကန်ကြီးဟာ အလွန် နက်ရှိုင်းပြီး ၎င်း၏ အနက်ဆုံး အပိုင်းဟာ ၅.၃၈၇ ပေလောက် အထိ ရှိပါတယ်။

ကန်အတွင်းမှာသာ တွေ့မြင်နိုင်သည့် Baikal omul ငါး
ပင်လယ်ရေ မျက်နှာပြင်အောက် ပေ ၄,၀၀၀ လောက်အထိ ရောက်ရှိနေတဲ့ ရေကန်ကြီးဟာ အကျယ်အဝန်းအားဖြင့် ၁၂,၂၄၈ စတုရန်းမိုင် ရှိပြီး ပျမ်းမျှ အနက်ကတော့ ၂,၄၄၂ ပေလောက် ရှိပါတယ်။
ရေကန်များ၏ အနက်ကို မျက်နှာပြင်မှ အနက်ရှိုင်းဆုံး အမှတ်အထိ နှင့် ပျမ်းမျှ အနက် တို့ဖြင့် တိုင်းတာလေ့ ရှိပြီး Lake Baikal ဟာ နှစ်မျိုးလုံးတွင် ကမ္ဘာ့ မှတ်တမ်းမှာ အနက်ရှိုင်းဆုံး အဖြစ် မှတ်တမ်းဝင်ထားတာ ဖြစ်ပါတယ်။
ကန်တဝိုက်တွင် အပင်နှင့် တိရိစ္ဆာန် မျိုးစိတ်ပေါင်း ၂,၅၀၀ ကျော် နေထိုင် ကျက်စားကြပြီး အဲဒီ့အထဲမှ ၃ ပုံ ၂ ပုံ လောက်ကို ကမ္ဘာ့ အခြားနေရာများတွင် တွေ့နိုင်မှာ မဟုတ်ပါဘူး။

၁၈၉၂ ခုနှစ်က Baikal oil fish သရုပ်ပြပုံ
Baikal omul fish နှင့် Baikal oil fish ကဲ့သို့ ငါးမျိုးများဟာ Baikal ကန်ကြီး အတွင်းမှာသာ တွေ့နိုင်ပြီး nerpa (Pusa sibirica) လို့ခေါ်တဲ့ ရေချို ဖျံများဟာလည်း ထိုကန်ကြီးမှာဘဲ ရှိပါတယ်။
Baikal ရှိဖျံများ၏ ဦးခေါင်းခွံကို လေ့လာရာမှာ ၎င်းတို့ဟာ ကပ်စပီယံပင်လယ်ဖျံများနှင့် ဆက်နွယ်နေပြီး ထို ဖျံ နှစ်မျိုးလုံးဟာ အာတိတ် ringed seal ဖျံများမှ ဆင်းသက်လာပုံ ရပါတယ်။
ဒါ့ကြောင့် Lake Baikal ဟာ ရေခဲခေတ်က Tethys ပင်လယ်၊ ဆိုက်ဘေးရီးယား အနောက်ပိုင်း ရေခဲကန် ကဲ့သို့ ရေပြင် နှင့် ဆက်စပ်ခဲ့ဖွယ် ရှိပြီး ၎င်း၏ဖျံများဟာ ထိုရေကန်ကြီးမှာ လွန်ခဲ့သည့် နှစ် ၂ သန်းလောက်ကတည်းက ရှိနေခဲ့ဖွယ် ရှိပါတယ်။

Nerpa ဖျံ Image: Courtesy of Nina Zhavoronkova Via Wiki CC BY 4.0
နှစ်သန်းနှင့်ချီကာ ဂေဟစနစ်ကို ထောက်ပံ့ပေးနေတဲ့ Baikal ကန်ကြီးဟာ လွန်ခဲ့သည့် နှစ်များအတွင်းမှာ ဘေးအန္တရာယ်တွေ ကြုံတွေ့နေရပါတယ်။
ကန်တဝိုက် လူများ၏ ဖွံ့ဖြိုး တိုးတက်လာမှုဟာ ရေကန်အတွင်းရှိ ထူးခြားသည့် အပင်နှင့် တိရိစ္ဆာန် ဦးရေကို ထိခိုက်စေသည့် လေထု ညစ်ညမ်းမှုတွေကို ဖြစ်ပေါ် စေပါတယ်။
WWF နှင့် အခြားသော သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အဖွဲ့အစည်း များစွာတို့၏ ကြိုးပမ်းမှုကြောင့် ကန်၏ မြောက်ဘက် တလျှောက် သွယ်တန်းထားသည့် ရေနံပိုက်လိုင်း၏ ခြိမ်းခြောက်မှုကို ၂၀၀၆ ခုနှစ်တွင် ဖယ်ရှား နိုင်ခဲ့ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။