Laptop များကို တနေကုန် ပလပ်ထိုးသည့် ကိစ္စ နှင့် ဘက်ထရီ ထိန်းသိမ်းနည်းအချို့

Knowledge Tech

ဘက်ထရီ အားနည်းလာသည် နှင့်အမျှ သင့်ရဲ့ လက်ပ်တော့ Laptop ကို သိသိသာသာ မတည်မငြိမ် ဖြစ်လာစေပါတယ်။

ဒါဟာ လက်ပ်တော့ ကွန်ပျူတာ ပိုင်ဆိုင်တဲ့ သူတွေအတွက် ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြသနာတရပ်ဖြစ်ပြီး ဒါလို မဖြစ်လာအောင် ကာကွယ်ဖို့ နည်းလမ်းတွေ ရှိပါတယ်။

သင်ဟာ သင့်ရဲ့ လက်ပ်တော့ ကွန်ပျူတာ ဘက်ထရီရဲ့ သက်တမ်းကို ကြာနိုင်သမျှ ကြာအောင် သုံးလိုပါက အခုဖော်ပြမယ့် အချက်လေးတွေကို လိုက်နာဖို့ရာ မမေ့ပါနဲ့။

ပလပ် အကြာကြီးထိုးထားတာဟာ လက်ပ်တော့ကို ထိခိုက်စေတယ်ဆိုတာ ရိုးရှင်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

Windows Central ဝက်ဘ်ဆိုက်ဟာ လက်ပ်တော့ ကွန်ပျူတာ overcharged ဖြစ်ခြင်းနှင့် ပတ်သက်သည့် အကြောင်းများကို ဖော်ပြခဲ့ပါတယ်။

ခေတ်သစ် လက်ပ်တော့ ကွန်ပျူတာများတွင် Lithium-polymer သို့မဟုတ် Lithium-ion ဘက်ထရီ အမျိုးအစားများကို အသုံးပြုထား ကြတာ ဖြစ်ပါတယ်။

အဆိုပါ ဘက်ထရီသုံး လက်ပ်တော့များတွင် အား ၁၀၀ ရာခိုင်နှုန်း ပြည့်ပါက အလိုအလျှောက် အားသွင်းမှုကို ရပ်တန့်ဖို့ ဒီဇိုင်းဆွဲထားကြပါတယ်။

အလုပ်လုပ်ပုံကတော့ ဘက်ထရီ အားပြည့်သွားပါက လျှပ်စစ်ဓာတ်အားဟာ အားပြည့်နေသည့် ဘက်ထရီမှတဆင့် ကွန်ပျူတာသို့ မသွားတော့ဘဲ ကွန်ပျူတာကို တိုက်ရိုက်ရောက်အောင် ပြုလုပ်ထားပါတယ်။

ဆိုလိုတာကတော့ ပလပ်တနေကုန် တပ်ထားလည်း ဘက်ထရီ၏ သက်တမ်းကို မထိခိုက်နိုင်ဘူးလို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။

သင့် လက်ပ်တော့ ကွန်ပျူတာ၏ ဘက်ထရီကို ရေရှည် ထိန်းသိမ်းဖို့အတွက် သတိပြုစရာ အချက်တခုကတော့ ဘက်ထရီကို ၇၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြားတွင် ထားတာဟာ ဘက်ထရီ သက်တမ်းကို ကြာနိုင်သမျှ ကြာအောင်ရရှိနိုင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။

အားအလွန်အမင်း နည်းနေတဲ့အချိန် အားသွင်းတာ၊ အားအပြည့်နီးပါး ရှိသည့်အချိန် အားသွင်းတာဟာ သင့် လက်ပ်တော့ ဘက်ထရီကို ကြာ ရှည် ခံစေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဘက်ထရီအားကို ၇၅ ရာခိုင်နှုန်းလောက်မှာ တနေကုန် ထိန်းထားရမယ်ဆိုတာ သဘာဝ မကျပါဘူး။

ဒါ့ကြောင့် အကောင်းဆုံး လုပ်နိုင်တာကတော့ အားအပြည့်သွင်းပြီးတာနဲ့ ပလပ်ကို ဖြုတ်သုံးပြီး ၅၀ ရာခိုင်နှုန်း အောက် ရောက်တဲ့အချိန်မှာ ပလပ်ပြန်ထိုး သုံးစွဲတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

နည်းပညာများဟာ မကြာသေးမီ နှစ်များအတွင်း သိသိသာသာ တိုးတက်လာပေမယ့် လက်ပ်တော့ ဘက်ထရီတွေရဲ့ သက်တမ်းကုန်ဆုံးမှုတွေကတော့ မလွဲမသွေ ရှိနေဆဲ ဖြစ်ပါတယ်။

သင်ရဲ့ ကွန်ပျူတာ အသစ်စက်စက်ဟာ ပထမဆုံး အကြိမ် အားသွင်းပြီ ဆိုတာနဲ့ အထဲမှာရှိတဲ့ lithium ဟာ စတင် ကျဆင်း လာတာပါပဲ။

လက်ပ်တော့ ကွန်ပျူတာ ရဲ့ ဘက်ထရီ သက်တမ်းကို ပိုမို တာရှည်ခံဖို့အတွက် မလိုအပ်ပဲ စွမ်းအင် ပိုမသုံးဖို့ သေချာအောင် ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။

နောက်တွင် run နေမည့် အသုံးမဝင်သော မည်သည့် ဆော့ဖ်ဝဲကို မဆို ပိတ်ပြီး သင်၏ စက်ရှိ ဘက်ထရီ setting များကို ချိန်ညှိပါ။ Screen အလင်းကို မြင်နိုင်သည့် အနေအထားလောက်သာ ချိန်ညှိပေးပါ။

ဘက်ထရီများအတွက် နောက်ထက် အဓိက ဖြစ်တဲ့ အန္တရာယ်တခုကတော့ အပူ လွန်ကဲတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် အလွန်အကျွံ ဂိမ်းဆော့ပြီး လက်ပ်တော့ကို အပူလွန်ကဲစေတာမျိုး၊ လက်ပ်တော့မှ ကောင်းကောင်း မ run နိုင်သည့် ဆော့ဖ်ဝဲများကို မနိုင်ဝန် ထမ်းခိုင်းပြီး အပူလွန်ကဲစေတာမျိုးဟာ lithium ဘက်ထရီကို ပျက်စီးစေနိုင်သဖြင့် ရှောင်ရှားသင့်ပါတယ်။

ဒါ့အပြင် လက်ပ်တော့ ကွန်ပျူတာ၏ အောက်ခြေကို လေဝင်လေထွက် ကောင်းအောင်ထားရပါမယ်။ ပေါင်ပေါ် တင်သုံးတာ၊ မွှေ့ယာပေါ်တင်သုံးတာဟာ လက်ပ်တော့၏ လေထွက်ပေါက်များကို ပိတ်စေသဖြင့် ပြန့်ပြီး ချောမွေ့တဲ့ မျက်နှာပြင်ပေါ်သာ တင်သုံးသင့်ပါတယ်။

လက်ပ်တော့ အောက်ခြေတွင် ပန်ကာငယ်များ ပါဝင်တဲ့ အအေးပေး စနစ် တပ်ဆင်ထားခြင်းဟာ စွမ်းအင် အလွန်အမင်း လိုအပ်တဲ့ ဆော့ဖ်ဝဲများ အသုံးပြုသည့်အချိန်တွင် များစွာ အသုံးဝင်ပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.