၂၀၁၈ တစ်နှစ်ထဲမှာဘဲ လေယာဥ် ထုတ်လုပ်ရေး လုပ်ငန်းတွေ ကနေ CO2 ထုတ်လွှတ်မှုဟာ ၂.၅ % အထိ ရှိတာတွေ့ရပါတယ်။
၁၉၈၀ ခုနှစ်လယ်ပိုင်းကစပြီး လေကြောင်းမှ CO2 ထုတ်လွှတ်မှုဟာ နှစ်ဆတိုးလာခဲ့ပါတယ်။
ထို့ကြောင့် ပို၍ရေရှည်တည်တံ့သော လေကြောင်းထုတ်လုပ်မှု ရွေးချယ် ရှာဖွေခြင်း သည်သာ အမျှော်မြင်ကြီးရာ ရောက်ပါတယ်။
ဒီတော့ လေသင်္ဘောတွေဟာ မျက်မှောက်ခေတ်မှာ တစ်ဖန်ပြန်လည် ဝင်ရောက်လာတော့မှာလား။
ဂျာမန်ခရီးသည်တင် လေသင်္ဘောတစ်စင်းဖြစ်တဲ့ LZ 129 Hindenburg ဟာ ဘေးအန္တရာယ်ကျရောက်ခဲ့ပြီး လျှပ်စစ်မီးပွားတစ်ခုကြောင့် ဟိုက်ဒရိုဂျင် နှင့် တွေ့ကာ ပေါက်ကွဲခဲ့ပါတယ်။
၁၉၂၀-၃၀ ပြည့်လွန် နှစ်များတွင် အသုံးများသော လေသင်္ဘောများရဲ့ ကျော်ကြားမှုဟာ နာမည်ဆိုးဖြင့်ကျော်ကြားခဲ့တဲ့ Hindenburg လေသင်္ဘော ဘေးအန္တရာယ် ကျရောက်ပြီး နောက်ပိုင်းကျဆင်းခဲ့ပါတယ်။

ယခုအခါ ဆွီဒင်လေကြောင်း ကုမ္ပဏီတစ်ခုဖြစ်သော OceanSky Cruises က ၂၀၂၄ မှစတင်၍ မြောက်ဝင်ရိုးစွန်းသို့ ဇိမ်ခံ လေသင်္ဘောများဖြင့် စတင် ပြေးဆွဲ တော့မည်ဟု ကြေငြာခဲ့ပါတယ်။
ကုမ္ပဏီဟာ လေယာဥ်ထုတ်လုပ်ရေးလုပ်ငန်းတွေကနေ ကာဗွန်ထုတ်လွှတ်မှုကို လျော့ချရန် အာရုံစိုက်ထားပြီး လေထက် ပေါ့တဲ့ နည်းပညာဖြင့် လေသင်္ဘောတွေကို ပျံသန်းမောင်းနှင်နိုင်မည်ဟုဆိုပါတယ်။
ဆိုလိုတာက ယခု ဇိမ်ခံလေသင်္ဘောများဟာ လုံခြုံမှုရှိအောင် မီးလောင်မလွယ်တဲ့ ဟီလီယံ ဓာတ်ငွေ့ကို အသုံးပြုမောင်းနှင်မည်ဟု ဆိုပါတယ်။
၎င်းတို့၏ သဘောသဘာဝအားဖြင့် ပေါ့ပါးသော လေသင်္ဘောများ ပျံသန်းနေတာဟာ ရေထဲတွင် လှေတစ်စင်း သွားနေတာနှင့်ဆင်တူနေသဖြင့် လေယာဉ်များနှင့် နှိုင်းယှဉ်လျှင် စွမ်းအင် ၈၀ % ခန့် အလွန်သက်သာပြီး ရေရှည်တည်တံ့သော ဒီဇိုင်းဘဲ ဖြစ်ပါတယ်။

ဒီတော့ လေယာဥ်တွေထက် လေသင်္ဘောတွေကို ရွေးချယ်ရမည့် သဘောလား။
လေယာဥ်တွေဟာ ၅ ဆ ပိုမြန်သော်လည်း လေသင်္ဘောတွေက တူညီတဲ့အကွာအဝေးကိုပဲ နိမ့်နိမ့်လေးနဲ့ ပျံသန်းနိုင်ပြီး သူတို့ရဲ့ နှေးကွေးတဲ့အရှိန်ကြောင့် လေတိုက်ခတ်မှုကို ခံနိုင်ရည် ရှိပါတယ်။
အရှိန်များလာတာနှင့်အမျှ လေရဲ့ ခံနိုင်ရည်အားလဲ တိုးလာပါတယ်၊ ဖြည်းဖြည်းပျံသန်းခြင်းဖြင့် လေသင်္ဘောတွေဟာ စွမ်းအင်ကို ထိန်း သိမ်းပေးပါတယ်။ ဒါကြောင့် ဒါဟာ အခြေခံအားဖြင့်ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။
လေသင်္ဘောတွေဟာ လေယာဉ်များနှင့် နှိုင်းယှဉ်လျှင် သေးငယ်သော အင်ဂျင်များ တပ်ဆင်ထားပြီး ၎င်းတို့ဟာ မြင်းကောင်ရေအားလည်း နည်းပါတယ်။
သို့သော်လည်း သူတို့မှာ အင်ဂျင်အပိုပါ ပါတယ်။ ဒါကြောင့် အင်ဂျင်ပြဿနာဖြစ်တာဟာ လေသင်္ဘောတွေအတွက် သိပ်တော့ပြဿနာကြီးကြီးမားမားမဟုတ်ဘူး။

လေသင်္ဘောတွေဟာ ဖြည်းဖြည်းချင်း ပျံသန်းရုံတင်မကပါဘူး။
ပျံတက်တဲ့အခါ နဲ့ ဆင်းတဲ့အခါမှာလည်း ဖြည်းဖြည်းချင်းဘဲ လုပ်ဆောင်ပါတယ်။ ဒါဟာ လေယာဥ်အများစု ပျံတက်စဥ် နဲ့ ဆင်းသက်စဥ်မှာ ဖြစ်တက်တဲ့ မတော်တဆမှုတွေကို သိသိသာသာလျော့ကျစေပါတယ်။
ဒါတင်မကသေးပါဘူး၊ သူတို့ဟာလေထဲမှာ ပျံသန်းနေစဥ် မတော်တဆဖြစ်ရင်တောင် သူတို့က ရေထဲဆင်းသက်ပြီး ရေပေါ်မှာပဲ ကောင်း ကောင်းမျောပါနိုင်ပါတယ်။
ခိုင်ခံတဲ့ အရေတွေ ၊ အလွှာတွေနဲ့ ပြုလုပ်ထားတဲ့ ဒီလေသင်္ဘောတွေတည်ဆောက်ဖို့ လေယာဉ်များ တည်ဆောက်ရာတွင် သုံးသောစွမ်းအင် နှင့် ငွေကြေးရဲ့တစ်စိတ်တစ်ပိုင်းသာ လိုပါတယ်။
မြောက်ဝန်ရိုးစွန်းကို ခရီးဆန့်မည့်အကြောင်း
OceanSky Cruises ကုမ္ပဏီဟာ ဒီအားသာချက်တွေကို အသုံးချပြီး ရေရှည်တည်တံ့သော အနာဂတ်အတွက် လေယာဥ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် လေသင်္ဘောများကို တစ်စင်းပြီးတစ်စင်း ပြောင်းလဲထုတ်လုပ်ရန် စီစဥ်နေပြီ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ ပထမဆုံးလေသင်္ဘောဟာ မြောက်ဝန်ရိုးစွန်းကို ခရီးဆန့်မည်ဟု သိရပါတယ်။
Svalbard ကနေ လေသင်္ဘောဟာ ခရီးဆုံးသို့ ရောက်သည်အထိ ၃၈ နာရီ ကြာမြင့်မည်ဖြစ်ပြီး သင်္ဘောသားများဟာ မြောက်ဝင်ရိုးစွန်း၌ ၆ နာရီ ကြာအောင် နေလိမ့်မည် ဟု ဆိုပါတယ်။
ကုမ္ပဏီ က အဆိုပါ လေသင်္ဘောဟာ ဇိမ်ခံရွက်လှေနဲ့ တူကြောင်း ရှင်းပြပါတယ်။

အဆိုပါ ကြီးမားတဲ့လေသင်္ဘောတွင် ၁၀၀ စတုရန်းပေ ကျယ်ဝန်းတဲ့ နှစ်ထပ်ခန်း ၈ ခန်းပါဝင်ပြီး အခန်းတိုင်းမှာ ကြီးမားကျယ်ပြန့်သော ပြတင်းပေါက်များ၊ ကိုယ်ပိုင်ရေချိုးခန်းတစ်ခု နှင့် ဗီရိုတစ်လုံး တပ်ဆင်ထားပါတယ်။
လေသင်္ဘောရဲ့အောက်ခြေမှာ ကြီးမားတဲ့ မှန်တံခါးအကြီးကြီးတွေ တပ်ဆင်ထားတဲ့အတွက် ပျံသန်းနေစဥ်မှာ ခရီးသည်တွေ အနေနဲ့ ခရီးစဉ်တစ်လျှောက်လုံး အံ့သြဖွယ်ရာရှုခင်းများကိုလည်း ခံစားနိုင်မည် ဟု ဆိုပါတယ်။
ကျွန်ုပ်တို့မှာ လေကြောင်းပျံသန်းရေးလုပ်ငန်းကို တော်လှန်ပြောင်းလဲပစ်နိုင်မည့် စီးပွားဖြစ်လျှပ်စစ်လေယာဉ်တွေ မပေါ်ခင်အချိန်လေးမှာ ရာသီဥတုပြောင်းလဲမှုကို အထောက်အကူဖြစ်စေတဲ့ ကာဗွန်ထုတ်လွှတ်မှုတွေကို လျှော့ချတဲ့နေရာမှာ အချိန်အနည်းငယ် စွန့်လွှတ်လိုက်ခြင်းအားဖြင့် လေသင်္ဘော ကဲ့သို့ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု ဖြစ်စေတဲ့အရာကို ရွေးချယ်ခြင်းဟာ သဘာဝတရားကြီးကို ကူညီရာရောက်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။