မိုးကြိုးမုန်တိုင်းများအတွင်း အရေးကြီးသည့် အဆောက်အအုံများကို ကာကွယ်နိုင်ရန်အတွက် လေဆာရောင်ခြည်များကို အသုံးပြုပြီး လျှပ်စီးများကို လမ်းလွှဲနိုင်တယ်လို့ သိရပါတယ်။
တိမ်များတွင် လျှပ်စစ်ဓာတ်များ စုပုံလာသည့်အခါ လျှပ်စီးများဟာ အောက်သို့ သို့ ဖြစ်စေ အပေါ်သို့ ဖြစ်စေ ဖြာထွက်နိုင်သည့အပြင် မြေပြင်ပေါ်အထိ ကျဆင်းလေ့ရှိပါတယ်။
လျှပ်စီးကြောင်းများ၏ ဦးတည်ရာဟာ မည်သို့ပင် ဖြစ်စေ အရာဝတ္ထုများ ပျက်စီးမှု မဖြစ်စေရန် လျှပ်ကူးနိုင်သည့် သတ္တုချောင်းများကို အသုံးပြုပြီး မိုးကြိုးလွှဲများကို အသုံးပြုရပါတယ်။
ကောင်းကင်ရှိ လျှပ်စီးကြောင်းများကို ထိန်းချုပ်ရာမှာလည်း တိမ်များအတွင်းသို့ ဝါယာများ တပ်ဆင်ထားသည့် ရော့ကတ်များ ပစ်လွှတ်ခြင်းဖြင့်လည်း လုပ်ဆောင်ကြပါတယ်။
လေဆာ မိုးကြိုးလွှဲ
လေဆာနည်းပညာဖြင့် လျှပ်စီးကြောင်း လမ်းလွှဲခြင်းကို လွန်ခဲ့သည့် ၂ နှစ်လောက်ကတည်းက သုတေသနတွေ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

Las Vegas
လေ့လာမှု တခုတွင် သုတေသီများဟာ tractor beam လို့ခေါ်တဲ့ လေဆာ အမျိုးအစားကို အသုံးပြုပြီး လျှပ်စီးများကို လမ်း လွှဲဖို့ လုပ်ဆောင်ခဲ့ပါတယ်။
Tractor beam ဆိုတာကတော့ အလယ်တွင် အခေါင်းပေါက်ရှိပြီး ထိုအလယ်တွင် graphene လို့ခေါ်တဲ့ လျှပ်ကူး နိုင်စွမ်း အထူးမြင့်မားတဲ့ အမှုန်များကို အပူပေးကာ လေဆာအလင်းတန်း တလျှောက် လေထဲသို့ ရောက်သွားစေတာ ဖြစ်ပါတယ်။
ဒီလေဆာရဲ့ ပြင်းအားဟာ လျှပ်စီးကြောင်းကို ထိန်းချုပ်ဖို့အတွက် ယခင်က တီထွင်ထားတဲ့ လေဆာထက် အဆ တထောင်နီးပါးလောက် အားပျော့ပါတယ်။
ဒါပေမယ့် ဒီနည်းပညာဟာ ပိုမို လုံခြုံမှုရှိကာ ကုန်ကျစရိတ် ပိုမို သက်သာပြီး တိကျမှု သာလွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
“အမှုန်တွေကို ပို့ဆောင်ဖို့ အတွက် မြင့်မားတဲ့ ပြင်းအားရှိတဲ့ လေဆာတွေ မလိုအပ်ပါဘူး။ သာမန်လူတွေ အသုံးပြုနေတဲ့ လေဆာလောက် ဆိုရင်တောင် လုံလောက်ပါတယ်” လို့ သုတေသီ Andrey Miroshnichenko က Agence France Presse မီဒီယာကို ရှင်းပြပါတယ်။
စမ်းသပ်မှုအတွင်း သုတေသီများဟာ လျှပ်စစ်ဓာတ်အားသွင်းထားတဲ့ အပြားနှစ်ခုကို အဖိုလျှပ်ဆောင် မြေပြင်နှင့် အမလျှပ်ဆောင် တိမ်တိုက်အဖြစ် သရုပ်ပြဖို့ အပြိုင် ချထားခဲ့ပါတယ်။
အဲဒီ့နောက် ၎င်းတို့ဟာ ထိုအပြား နှစ်ခုအကြားတွင် graphene အမှုန်တွေ သယ်ဆောင်ထားတဲ့ လေဆာကို ဖြတ်သန်းစေပါတယ်။

သာမန် မိုးကြိုးလွှဲတခု
ထိုအချိန်မှာ လျှပ်စီးကြောင်းဟာ လေဆာ လမ်းကြောင်းအတိုက် သွားတာကို တွေ့ရှိခဲ့ရပါတယ်။
“သုတေသနတွင် အပြား ၂ ခု အကြားမှာ မည်သည့် နေရာ မည်သည့် အချိန်တွင် လျှပ်စီးကို စီးဆင်းသင့်တယ် ဆိုတာ ထိန်း ချုပ် နိုင်ခဲ့ပါတယ်” လို့ Miroshnichenko က New Atlas နှင့် အင်တာဗျူးတွင် ပြောကြားခဲ့ပါတယ်။
ဓာတ်ခွဲခန်း အခြေအနေအောက်မှာ သေးငယ်သည့် အရွယ်အစားကို ထိန်းချုပ်နိုင်ခဲ့တယ် ဆိုပေမယ့် တကယ့် အပြင်က လျှပ်စီးကြောင်းကြီးတွေ လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ နည်းပညာကို ချဲ့ထွင်ဖို့ရာ သိပ်မခက်ခဲဘူးလို့လည်း ဆိုပါတယ်။
နောက်ဆုံးမှာ ၎င်းတို့အနေဖြင့် graphene များကို ထည့်သွင်း ပတ်ဖြန်းသည့် အခြေအနေမှ လေထုထဲတွင် ရှိနေပြီးသား အမှုန်များဖြင့်တောင် လေဆာတွင် အစားထိုး ထည့်သွင်းသွားနိုင်ဖွယ် ရှိနေတယ်လို့ ပြောပါတယ်။
တကယ်တော့ အဲဒီ့ graphene လို ပစ္စည်းတွေကို အဓိက အရေးကြီးတာ မဟုတ်ပါဘူးလို့ သုတေသီ Vladlen Shvedov က ပြောပါတယ်။
၎င်းက ဆက်ပြီး “ကျွန်တော်တို့ဟာ graphene အမှုန်တွေကို ပေါ့ပါးပြီး လေဆာရောင်ခြည်ကို ကောင်းစွာ စုပ်ယူနိုင်လို့သာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

demo pic
ကျွန်တော်တို့ဟာ စာတမ်းထဲမှာ သေးငယ်သည့် ဖန်လုံးတွေ၊ သံမဏလုံးတွေရဲ့ သက်ရောက်မှုကိုလည်း ပြသခဲ့ပြီး ရလဒ်က graphene နှင့် ခပ်ဆင်ဆင်ပါပဲ လို့ ပြောပါတယ်။
ဓာတ်ခွဲခန်း ပြင်ပကမ္ဘာ
သုတေသီများဟာ ဒီနည်းပညာကို ကွင်းဆင်း စစ်ဆေး စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် ၄ နှစ်အတွင်း အဆင်သင့် ဖြစ်ဖို့ မျှော်လင့်ထားပါတယ်။
အဲဒါတွေ အဆင်သင့် ဖြစ်သွားပြီ ဆိုပါက Shvedov က လေဆာစနစ်တွေကို တနေရာရာမှာ တပ်ဆင်ပြီး လျှပ်စီးကြောင်းတွေကို ကိုယ်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သွားအောင် လုပ်ဆောင်စေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
ဟုတ်ပါတယ်။ ဒီနည်းပညာက ကျွန်တော်တို့ကို မိုးကြိုးမုန်တိုင်းများ ရန်မှာ ဘေးကင်းစေတဲ့ ခေတ်တခေတ်ကို ခေါ်ဆောင် သွားဦးမှာပါ။
ဒီသုတေသနကို Nature Communications မှာ အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 31/7/2022