SR-72 Hypersonic လေယာဉ်အကြောင်း သိရသမျှ

Military Tech

Lockheed Martin မှထုတ်လုပ်ခဲ့တဲ့ ကမ္ဘာကျော် SR-71 Blackbird ဟာ အမေရိကန်လေတပ်အတွက်ရော NASA အတွက်ပါ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံး ဗျူဟာမြောက် ထောက်လှမ်းရေးဂျက်လေယာဉ်ဖြစ်ခဲ့ပါတယ်။

အမြင့်ပေ ၈ သောင်းခွဲလောက်မှာ အမြန်နှုန်း အသံထက် ၃.၂ ဆလောက်နှင့် ရန်သူ့လေကြောင်းရန် ကာကွယ်ရေးမှန်သမျှကို ရှောင်ရှားနိုင်စွမ်းရှိခဲ့ပြီး အဲဒီ့တုန်းက ဆိုဗီယက်တွေရဲ့ အမြန်ဆုံးကြားဖျက်တိုက်လေယာဉ် MiG-25 ထက်တောင်မြန်ပါတယ်။

ပိုင်းလော့တစ်ယောက်ရဲ့ အဆိုအရ ၁၉၈၆ လစ်ဗျားတွင် ပျံသန်းနေတဲ့ စစ်ဆင်ရးတစ်ခုမှာ ရန်သူ့လေကြောင်းကာကွယ်ရေးက ပစ်ခတ်လိုက်တာကို ရှောင်ရှားဖို့ အသံထက် ၃.၅ ဆအထိတောင် မောင်းနှင်ဖူးတယ်လို့ သိရပါတယ်။

လေတပ်တွင် ၁၉၆၀ နှစ်များမှစပြီး အနားယူသွားတဲ့ ၁၉၉၈ ကာလအထိ (NASA တွင် ၁၉၉၉) တာဝန်ထမ်းဆောင်နေချိန်တစ်လျှောက်လုံး တစ်ခါမှ ပစ်ချမခံခဲ့ရပါဘူး။

မြောက်ကိုရီးယား၊ တရုတ်၊ လာအို၊ ဗီယက်နမ် အပါအဝင် ကမ္ဘာအနှံ့တွင် စစ်ဆင်ရေးပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ရန်သူ့နယ်မြေရှိ လေကြောင်းကာကွယ်ရေးစနစ်များနှင့် ကြားဖြတ်တိုက်လေယာဉ်များကို မထီမဲ့မြင်ပြုလုပ်ခဲ့တဲ့ SR-71 ရဲ့နောက်မျိုးဆက်ကို များမကြာ မီ တွေ့ရနိုင်ဖွယ်ရှိပါတယ်။

SR-71 Blackbird

၂၀၁၃ ခုနှစ်မှာ Lockheed Martin မှ SR-71 ၏ နောက်မျိုးဆက်လေယာဉ်တည်ဆောက်ဖို့ စတင်နေပြီလို့ကြေငြာခဲ့ပါတယ်။ ဒီ လေယာဉ်သစ် ဟာ တစ်နာရီကို မိုင် ၂၂၀၀ လောက်ပျံသန်းနိုင်တဲ့ SR-71 ထက်ပိုပြီး တစ်နာရီကို မိုင် ၄၅၀၀ ကျော် (အသံထက် ၆ ဆ) လောက်အထိ ပျံသန်းနိုင်မယ်လို့သိရပါတယ်။

ဒါ့အပြင် ဒီလေယာဉ်ဟာ မောင်းသူမဲ့ Hypersonic လေယာဉ်တစ်စီး ဖြစ်ကောင်းဖြစ်လာနိုင်ပါသေးတယ်။ Lockheed ရဲ့အဆိုအရ သူတို့ဟာ ဒီလေယာဉ်ကို ထောက်လှမ်းရေးတာဝန်များသာမက တိုက်ခိုက်ရေးတာဝန်များပါ ဆောင်ရွက်နိုင်တဲ့ လေယာဉ်အဖြစ် တည်ဆောက်သွားချင်နေပါတယ်။

ကျွမ်းကျင်သူများကတော့ ဒီလေယာဉ်ဟာ ကမ္ဘာပေါ်ရှိ မည်သည့်နေရာမဆို တစ်နာရီအတွင်း ရောက်နိုင်မယ်လို့ ခန်မှန်းထားပါတယ်။

ရရှိခဲ့သော သတင်းများအရ SR-72 ဟာ F-22 အရွယ်အစားလောက်ရှိမှာဖြစ်ပြီး ကုန်ကျစရိတ်တစ်စီးကို ဒေါ်လာ ၁ ဘီလီယံထက်နည်းမယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၀၁၈ မှာ Lockheed Martin က SR-72 ရဲ့ရှေ့ပြေးပုံစံကို ၂၀၂၅ မှာ ပျံသန်းလိမ့်မယ်လို့ ကြေငြာခဲ့ပြီး ဒီလေယာဉ်ဟာ Hypersonic ဒုံးပျံများ သယ်ဆောင် ပစ်ခတ်နိုင်မယ်လို့ သိရှိရပါတယ်။

SR-72 စီမံကိန်းသာ ပြီးစီးခဲ့ပါက လက်ရှိ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့တောင် လုံလောက်မှာမဟုတ်ပါဘူး။

အသံထက် ၆ ဆမြန်ပြီး ရေဒါမှာ ပေါ်ဖို့ အခွင့်အရေးနည်းတဲ့ ဒီလေယာဉ်ကို တားဆီးဖို့ရာအတွက် တခြားနိုင်ငံများက အများကြီးအားစိုက်ရဦးမှာပါ။

ဂြိုဟ်တုစနစ်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များဟာ SR-71 ကာလကထက် များစွာအဆင့်မြင့်လာခဲ့ကြပြီဖြစ်ပေမယ့် ဒီလို အသံ ထက် ၆ ဆ လောက်မြန်တဲ့ လေယာဉ်ကိုပစ်ချဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။

Lockheed Martin အနေနှင့်လည်း ယခုလို Hypersonic လေယာဉ်တစ်စီး ထုတ်လုပ်ဖို့အတွက် အချိန်အများကြီး လိုကောင်းလိုဦးမှာဖြစ်ပြီး နည်းပညာ အသစ်တွေနှင့် ဆန်းသစ်နေမယ့် SR-72 ဟာ SR-71 ခေတ်ကလိုပဲ စွမ်းဆောင်နိုင်မလား ဆိုတာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေက စောင့်ကြည့်နေကြမှာပါ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *