S-70 Okhotnik-B မောင်းသူမဲ့လေယာဉ် အကြောင်း သိရသမျှ

Article Military

ရုရှားနိုင်ငံ၏ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ S-70 Okhotnik-B မောင်းသူမဲ့လေယာဉ်ဟာ ၎င်းအတွက် ရေဒါပျောက်စွမ်းရည်ကို သိသိသာသာ အဆင့်မြှင့်တင်မှုများ ရရှိထားကြောင်း သိရှိရပါတယ်။

မကြာမခဏ ဆိုသလိုဘဲ ရုရှားကာကွယ်ရေးစက်မှု နှင့် စက်ဘက်ခေါင်းဆောင်များက အနာဂါတ် အဆင့်မြင့်နည်းပညာသုံး Okhotnik-B ကို ရုရှားလေကြောင်း တပ်ဖွဲ့၏ အဓိက ရည်မှန်းချက်တခု အနေဖြင့် စိတ်ကူးထားလေ့ရှိပြီး Su-57 ဘက်စုံသုံး တိုက်လေယာဉ်နှင့် တူညီသည့် အရာများစွာ ထည့်သွင်းထားပါတယ်။

ဒီ unmanned combat air vehicle (UCAV) လို့ ခေါ်တဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်ဟာ ယခု အချိန်မှာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ အဆင့်သာ ရှိနေသေးပါတယ်။

ဒါ့ကြောင့် Okhotnik-B များကို ရေဒါပျောက်စွမ်းဆောင်ရည် မြှင့်တင်ဖို့ လုပ်ဆောင်နေတာဟာ အဓိပ္ပါယ်ရှိပြီး ပြင်လွယ်ပြောင်းလွယ် အနေအထား ရှိနေပါတယ်။

ဆိုလိုတာကတော့ Okhotnik-B များဟာ မည်သည့် ပုံစံဖြင့် နောက်ဆုံးမှာ ထွက်လာမယ်ဆိုတာ ယခုအချိန်မှာ အတိအကျ ပြောနိုင်ဖို့ စောလွန်းနေသေးတာပါ။

Okhotnik-B အကြောင်း သိထားသမျှ

S-70 အကြောင်း ပြင်ပမှ လေ့လာသူများ သိရှိဖော်ပြနေသည့် အချက်အလက် အများစုမှာ စီမံကိန်းအတွက် ရုရှားနိုင်ငံမှ ထွက်လာသည့် သတင်းအချက်အလက် အများစုကို သုံးသပ် ဖော်ပြနေကြတာပါ ဖြစ်ပါတယ်။

Sukhoi S-70 Okhotnik ဟာ အရွယ်အစား အားဖြင့် မယုံနိုင်လောက်အောင် ကြီးမားပြီး Su-57 တိုက်လေယာဉ်နှင့် သိပ် မကွာပါဘူး။

Okhotnik-B သို့မဟုတ် အင်္ဂလိပ်လို Hunter-B လို့ အမည်ရတဲ့ မောင်းသူမဲ့လေယာဉ်ဟာ တနာရီလျှင် ၁ ထောင် ကီလို မီ တာ အမြန်နှုန်းနှင့် ပျံသန်းနိုင်သည့် ဒရုန်းတစင်း ဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြထားပါတယ်။

The Drive အဆိုအရ ဝမ်းဗိုက်ရှိ လက်နက် သယ်ဆောင်နိုင်သည့် နေရာတွင် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် တမျိုးကို သယ် ဆောင်နိုင်ကြောင်း သိရပေမယ့် ၎င်းနှင့် ပတ်သက်ပြီး တိကျတဲ့ ဓာတ်ပုံတွေ ထွက်မလာသေးပါဘူး။

ကနဦး မျိုးကွဲတွင် Saturn Al-41F1 အင်ဂျင် တလုံးကိုသာ တပ်ဆင် မောင်းနှင်ခဲ့တာကြောင့် ပြင်ပ လေ့လာသူများက အဖုံးမပါဘဲ မောင်းနှင်နေသည့် အင်ဂျင်ဟာ ရေဒါပျောက်စွမ်းဆောင်ရည်ကို အနှောင့်အယှက်ဖြစ်စေနိုင်တယ်လို့ ပြောပါတယ်။

တရားဝင် ထုတ်ပြန်သည့် ရုပ်သံတွင် ဒရုန်း အရှေ့မှ ကင်မရာ စနစ်နှင့် အင်တာနာ စနစ်များအပြင် လေဝင်ပေါက်နှင့် အိပ်ဇော ပေါက်များကိုလည်း ပြသခဲ့ပါတယ်။

မူလ စမ်းသပ် ပျံသန်းစဉ်က အဖုံး မပါဝင်သည့် အင်ဂျင်

ဒါပေမယ့် အဆိုပါ စနစ်များ အလုပ်လုပ်ပုံ၏ တိကျသော သဘောသဘာဝကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။

S-70 အတွက် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ

S-70 Okhotnik-B မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေးအတွက် ၂၀၁၁ ခုနှစ်တွင် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနထံမှ Sukhoi Aircraft ကုမ္ပဏီက ကန်ထရိုက် ရယူခဲ့ပါတယ်။

စီမံကိန်း၏ ရည်ရွယ်ချက်ကတော့ အမေရိကန် Lockheed Martin နှင့် Boeing ကုမ္ပဏီတို့၏ ဖွံဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များနှင့် ကိုက်ညီမည့် စွမ်းဆောင်ရည်မြင့် တိုက်ခိုက်ရေး ဒရုန်းများ တီထွင် ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။

ရုရှားအနေဖြင့် မောင်းသူမဲ့လေယာဉ် နည်းပညာတွင် ဆယ်စုနှစ် ချီကာ အမေရိကန်၏ နောက်သို့ ရောက်ရှိနေသည့်အတွက် ယခု စီမံကိန်းကို အတော်လေး မျှော်လင့်ထားပုံ ရပါတယ်။

၂၀၁၉ ခုနှစ် ဩဂုတ်လမှာတော့ S-70 ဟာ ရုရှား၏ နောက်ဆုံးပေါ် ပဥ္စမမျိုးဆက် တိုက်လေယာဉ် Su-57 နှင့် ချိတ်ဆက်နိုင်ခဲ့ကြောင်း ကြေငြာခဲ့ပါတယ်။

၂၀၁၉ ခုနှစ် အတွင်း Su-57 နှင့် တွဲဖက် ပျံသန်းခဲ့စဉ်က

ဒါ့အပြင် Su-57 တွင် ပါဝင်သည့် အစိတ်အပိုင်း တော်တော်များများကိုလည်း S-70 တွင် တပ်ဆင် အသုံးပြုနေတယ်လို့ ဆိုပါတယ်။

Joseph Trevithick နှင့် Michael Kofman ကဲ့သို့သော စစ်ဘက်ဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူများက S-70 Okhotnik-B ဟာ Su-57 တိုက်လေယာဉ်၏ တစိတ်တပိုင်းအဖြစ် အဆင့်မြင့် ကွန်ပျူတာ စနစ်များကို ချိတ်ဆက်ထားနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

သို့ပေမဲ့ စမ်းသပ်မှုအတွင်း ဒရုန်းကို ထိန်းချုပ်ရာတွင် လေယာဉ်မှူးမှ ထိန်းချုပ်မှုကို အများစု ပြုလုပ်ခဲ့ရပြီး အလိုအလျှောက်စနစ်ဟာ ထင်သလောက် မဖွံ့ဖြိုးသေးတာကို တွေ့မြင်ခဲ့ရပါတယ်။

ဒါ့ကြောင့် ရုရှား၏ Su-57 နှင့် အပြည့်အဝ တွဲဖက် လုပ်ဆောင်နိုင်မည့် ရည်မှန်းချက်ဟာ မအောင်မြင်သေးတာ ထင်ရှားပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ လောက်မှာတော့ ရုရှားဟာ ၎င်း၏ ရုပ်သံသတင်းဌာန TV Zvezda တွင် S-70 ကို ရှေ့ပြေးပုံစံ အဆင့် ရောက်ရှိလာပြီ ဖြစ်ကြောင်း ဖော်ပြလာပါတယ်။

ဒီအကြောင်းကိုတော့ “ရုရှား ရေဒါပျောက် မောင်းသူမဲ့လေယာဉ် ရှေ့ပြေးပုံစံအဆင့်သို့ ရောက်ရှိလာတဲ့ အကြောင်း” ခေါင်း စဉ် ဖြင့် ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

S-70 ၏ ရေဒါပျောက်စွမ်းရည်

Su-57 တိုက်လေယာဉ်၏ နောက်ဆက်တွဲ အခန်းကဏ္ဍများကို ပိုမိုထိရောက်စွာ ဖြည့်ဆည်းပေးရန် သို့မဟုတ် ရေဒါမှ ဖမ်း ယူနိုင်စွမ်းကို‌ လျှော့ချနိုင်ရန် သိသိသာသာ ပြောင်းလဲ ပြင်ဆင်မှုများနှင့် S-70 ၏ နောက်ဆုံး ပုံစံကို ထုတ်ဖော် ပြသ ခဲ့ပါတယ်။

အထူးသဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း Novosibirsk လေယာဉ် ထုတ်လုပ်ရေးမှ ပြသခဲ့သည့် Okhotnik-B တွင် ရေ ဒါ ပျောက်မှုကို ဦးစားပေးသည့် အင်ဂျင်အိတ်ဇောအတွက် နော်ဇယ်အသစ်တခု ပါဝင်လာပါတယ်။

ထိုပုံစံသစ်တွင် ဒရုန်း၏ အပြင်ပိုင်းမှ အခြား အစိတ်အပိုင်းများ ဖြစ်သည့် အင်တာနာများ၊ အိတ်ဇောပေါက်များ နှင့် လေဝင် ပေါက်များကို ပုံစံပြောင်းလဲထားပါတယ်။

Novosibirsk စက်ရုံသို့ ရုရှားကာကွယ်ရေး ဒုဝန်ကြီး Alexei Krivoruchko မှ အလည်အပတ် သွားရောက်ချိန်မှာ S-70 ဟာ တစင်းထဲ သီးသန့် သို့မဟုတ် အုပ်စု လိုက် စစ်ဆင်ရေးများ လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဒါဟာ တိုက်လေယာဉ်နှင့် မောင်းသူမဲ့လေယာဉ် တွဲဖက် လုပ်ဆောင်သည့် “loyal wingman” စနစ်ကို ဆိုလိုတာ ဖြစ်နိုင်ပါတယ်။

နောက်ဆုံး ပြသမှုတွင် အိတ်ဇောနော်ဇယ်အား အဖုံးတပ်ဆင်ထားပုံ

နောက်ထပ် ဖြစ်လာနိုင်သည့် အရာများ

S-70 ဟာ ၎င်း၏ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ပြီးဆုံးလုနီးနီး အထိ တိုးတက်နေပုံ ပေါ်လွင်နေပြီး ပြင်ပမှ လေ့လာသူများကလည်း ဒရုန်း၏ အနာဂါတ် ထုတ်လုပ်ရေးနှင့် တင်ပို့မှုများအတွက် မေးခွန်း ထုတ်နေပါတယ်။

Sukohi ၏ နိုင်ငံပိုင် မိခင် ကုမ္ပဏီ ဖြစ်တဲ့ United Aircraft Corporation ၏ ဒု အထွေထွေ ညွှန်ကြားရေးမှုး Yury Slyusar ဟာ ၂၀၂၀ ခုနှစ် ဩဂုတ်လတွင် ရုရှား သမ္မတနှင့် တွေ့ဆုံစဉ်က Okhotnik-B များကို ၂၀၂၄ ခုနှစ်မှာ စတင် ထုတ်လုပ်နိုင်မယ်လို့တော့ ပြောဖူးပါတယ်။

တရားဝင် သတ်မှတ်ထားသည့် အချိန်ဟာ ၂ နှစ်တာ ကာလ ကျန်ရှိနေသေးပေမယ့် Okhotnik-B များဟာ ရုရှား ကာကွယ် ရေး ဝန်ကြီးဌာန၏ ဝယ်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် ရပ်တန့်သွားမှုများ ကြုံရနိုင်သေးတာကြောင့် အချိန်မှီ ဖြစ်နိုင်မယ်လို့ အာမခံချက်တော့ မရှိပါဘူး။

ရုရှား ကာကွယ်ရေးဘက်ကတော့ S-70 ၏ ရေဒါပျောက် နည်းပညာနှင့် အခြားစွမ်းရည်များတွင် ပြဿနာများကို ဖြေရှင်းဖို့အတွက် လိုအပ်သည့် နည်းပညာဆိုင်ရာနှင့် ပတ်သက်ပြီး ပြဿနာတော့ ရှိပုံမပေါ်ပါဘူး။

ဒါပေမယ့် ဆယ်စုနှစ်ချီ နောက်ကျနေတဲ့ ဒရုန်းနည်းပညာကြောင့် ယခု မောင်းသူမဲ့လေယာဉ်သစ်ဟာ လက်တွေ့စမ်းသပ်မှုဟာ တကယ် ထင်ထားသလို ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *