အမေရိကန် ကုမ္ပဏီ တခုဖြစ်တဲ့ General Atomics Aeronautical Systesm, Inc (GA-ASI) ဟာ Avenger မောင်းသူမဲ့လေယာဉ်၏ ခေတ်ရှေ့ပြေး တဲ့ စွမ်းဆောင်ရည်တခုကို စမ်းသပ်ခဲ့ပါတယ်။
အဲဒါကတော့ Lockheed Martin က ထုတ်လုပ်ထားတဲ့ Legion Pod ကို တပ်ဆင်ပြီး ပစ်မှတ်ကို အလိုအလျှောက် ခြေရာခံတဲ့စနစ်ကို ပထမဆုံး စမ်းသပ်ခဲ့တာပါ။
ဒီလို စမ်းသပ်ပြသမှုကို ကယ်လီဖိုးနီးယား တောင်ဘက် ကန္တာရတွင် ဇူလိုင်လ ၂ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာ အလိုအလျှောက်စနစ်ကို လူလိုက်ပါသည့် လေယာဉ်နှင့် မောင်းသူမဲ့ လေယာဉ် အကြား ပူးတွဲ ဒိုမိန်း စစ်ဆင်ရေးများ အတွက် အသုံးပြုနိုင်ဖို့ ခြေ လှမ်း တလှမ်း နီးကပ်လာတာပဲ ဖြစ်ပါတယ်။

စစ်ဘက်သုံး တိုက်လေယာဉ်များတွင် ပစ်မှတ်များကို ခြေရာကောက်နိုင်ဖို့ များသောအားဖြင့် ဝေဟင်မှ ဝေဟင်ပစ်မှတ်ရှာ ရေဒါများကို တပ် ဆင်ထားလေ့ရှိတာ ဖြစ်ပြီး ဒရုန်းများမှာတောင် တပ်ဆင်လေ့ ရှိပါတယ်။
ဒါဟာ အလွန့်အလွန်ကို ထိရောက်ပေမယ့် ရေဒါရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်မယ့် အချက်တွေ များစွာ ရှိပါတယ်။
ဥပမာအားဖြင့် ရေဒါမှ မလိုလားအပ်တဲ့ ပဲ့တင်လှိုင်းများ ရှိလာနိုင်ပြီး မိမိ မိတ်ဖက် လေယာဉ် သို့မဟုတ် လှိုင်းထုတ်လွှင့်သည့် ပစ္စည်းများကို မရည်ရွယ်ဘဲ နှောင့်ယှက်တဲ့ အချက်ပေးမှုတွေ ဖြစ်ပေါ်စေတဲ့အပြင်၊ ရန်သူ့ တပ်ဖွဲ့မှာ ရေဒါလှိုင်း ဖိဖျက်စနစ်များဖြင့် တုန့်ပြန်ခံရနိုင်ပါတယ်။
Legion Pod ဆိုတာကတော့ မျိုးစုံသုံးနိုင်တဲ့ အာရုံခံ စနစ်ဖြစ်ပြီး ရေဒါလှိုင်း ဖိဖျက်ထားတဲ့ နေရာတွေမှာ ပစ်မှတ်ရှာဖွေမှုကို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ စနစ်ဖြစ်ပါတယ်။

၁၆ လက်မလောက် အချင်းရှိတဲ့ နေရာထဲမှာ IRST21 အာရုံခံကိရိယာနှင့် ဝေဟင်မှ ဝေဟင် ပစ်မှတ်ကို ခြေရာကောက် ထိတွေ့နိုင်တဲ့ အဆင့်မြင့် ပရိုဆက်ဆာကို တပ်ဆင်ထားပါတယ်။
ဒီစနစ်ကို F-16 နှင့် F-15C တိုက်ခိုက်ရေး ဂျက်လေယာဉ်များတွင် စမ်းသပ်ပြီး ဖြစ်ကာ ရေဒါ အသုံးပြုဖို့ မလွယ်ကူတဲ့ နေရာတွေမှာ ပစ်မှတ်ကို အောင်မြင်စွာ ခြေရာခံ ထိတွေ့ နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ပြောင်းလဲ ပြင်လွယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီ Legion Pod ဟာ လက်ရှိတည်ဆောက်မှု အတွင်းမှာပဲ နောက်ထပ် အာရုံခံ ကိရိယာတွေကို တပြိုင်နက် အာရုံခံ စနစ်အဖြစ်ဖြင့် လေယာဉ်သို့မဟုတ် စနစ်ကို မွန်းမံစရာမလိုဘဲ ထည့်သွင်းနိုင်ပါတယ်။
ဒါ့ကြောင့် Legion Pod ၏ ဆော့ဖ်ဝဲကို Avenger ရဲ့ စစ်ဆင်ရေး စီမံခန့်ခွဲမှု စနစ် (MMS) အတွင်းမှာ Open Mission Systems (OMS) message standard မှတဆင့် ၃ လထက် နည်းတဲ့ အချိန်အတွင်း ထည့်သွင်းနိုင်ခဲ့ပါတယ်။

Open Mission System ဟာ လက်ရှိ ရှိပြီးသား operating system ကို တခြားတခုဖြင့် ကုန်ကျစရိတ် သက်သာစွာ အလျှင်အမြန် ပေါင်းစည်းနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။
ပျံသန်းနေချိန်အတွင်း Legion Pod ၏ အနီအောက်ရောင်ခြည် ရှာဖွေရေးနှင့် ခြေရာခံ စနစ်ဟာ လျှင်မြန်စွာ ရွေ့လျားနေတဲ့ လေယာဉ်များစွာကို တွေ့ရှိနိုင်ပြီး ဒရုန်း၏ avionics system ဆီသို့ ဒီ အချက်အလက်များကို ပေးပို့နိုင်ပါတယ်။
အလိုအလျှောက် စနစ်ဟာ Avenger ဒရုန်းများ၏ ပျံသန်းမှုကို ပစ်မှတ်သို့ ဦးတည်ရန် ဦးစားပေး လုပ်ဆောင်စေပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။