စူပါကား ဒီဇိုင်နာမှ ဒီဇိုင်းဆွဲထားတဲ့ ဆန်းပြားတဲ့ ဒီဇိုင်းနဲ့ ဟိုက်ပါ ကားပျံ

Innovation News

၂၀၄၁ ခုနှစ်လောက်မှု လေယာဉ် တက္ကစီ ဈေးကွက်ဟာ ၁၄.၇ ဘီလီယံ ဒေါ်လာလောက်အထိ ရှိလာလိမ့်မယ်လို့ ခန့်မှန်းရပြီး နောက်ထက် ခြေလှမ်းတခုကတော့ ကားပျံတွေပဲ ဖြစ်ပါတယ်။

အဆင့်မြင့် အနာဂါတ် ဈေးကွက်နှင့်အတူ Urban eVTOL ဒေါင်လိုက်အတက်အဆင်း လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ထုတ်သည့် ကုမ္ပဏီမှ တနာရီလျှင် ၂၅၀ မိုင် အမြန်နှုန်းဖြင့် ပျံသန်းနိုင်ပြီး

မိုင် ၃၀၀ လောက်အထိ အားမသွင်းဘဲ ရောက်ရှိနိုင်မည့် ကားပျံ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ New Atlas ဝက်ဘ်ဆိုက်၏ သတင်းများအရ သိရပါတယ်။

LEO Coupe လို့ခေါ်တဲ့ ဒီကားပျံကို ဒေါင်လိုက်ပျံသန်းစနစ် ကျွမ်းကျင်သူ Pete Bitar နှင့် Mazda Furai အယူအဆဒီဇိုင်းကို ဖန်တီးခဲ့သည့် စူပါကားများ ဒီဇိုင်းဆွဲသူ Carlos Salaff တို့မှ ပူးပေါင်း ဒီဇိုင်းဆွဲ ထုတ်လုပ်မှာ ဖြစ်ပါတယ်.

အထက်ပါ ၂ ယောက်လုံးဟာ Urban eVTOL ကုမ္ပဏီတွင် အလုပ်လုပ်နေပြီး လူတိုင်း တတ်နိုင်သည့်ဈေးဖြင့် ဒေါင်လိုက် အတက်အဆင်း လုပ်နိုင်သည့် နည်းပညာများ၏ အကျိုးကျေးဇူးကို ခံစားနိုင်မယ့် ခရီးသည်တင် လေယာဉ်သစ်များ တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။

ကုမ္ပဏီမှ ကွန်ပျူတာဖြင့် ဖန်တီးထားသည့် LEO ကား၏ ပုံများအရ ဟိုက်ပါ ကားပျံ ဒီဇိုင်းပုံစံမျိုး မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ထိုင်ခုံ ၃ ခုံ ပါဝင်မယ့် LEO ကို 10KW ရှိတဲ့ ဒေါင်လိုက် တွန်းတင်စနစ်ဖြင့် ပျံတက်စေမှာဖြစ်ပြီး နောက်တွင် ရှေ့ကိုတွန်းအားပေးဖို့ ပိုမိုကြီးမားတဲ့ စွမ်းအင်ပေး စနစ်ပါဝင်မှာပါ။

အမြန်ဆုံး တနာရီလျှင် ၁၁၅ မိုင်နှုန်းဖြင့် ပျံသန်းနိုင်မှာ ဖြစ်ပြီး သေးငယ်တဲ့ တောင်ပံများကို ကြည့်ခြင်းအားဖြင့် ကားပျံဟာ လေပေါ်မှာရှိနေဖို့ အမြန်နှုန်းကို မလျှော့ဘဲ ထိန်းထားဖို့ လိုမှာ ဖြစ်ပါတယ်။

ကားရဲ့အရွယ်အစားကတော့ သာမန်ကား တစ်စီးစာသာ ရှိမှာ ဖြစ်တဲ့အတွက် အိမ်ရှိ ကားဂိုဒေါင်တွင် ကားတစီးစာ နေရာရှိလျှင် လုံလောက်မှာ ဖြစ်ပါတယ်။

ကားပျံ၏ ဘက်ထရီစနစ်ဟာ စွမ်းအင် စုစုပေါင်း 66KWh လောက်အထိ ထောက်ပံ့ပေးနိုင်ပြီး အရံစနစ်များစွာပါဝင်ကာ အတက်အဆင်း ၅ မိနစ်နှင့် ပျံသန်းမှု ၁ နာရီ ၁၅ မိနစ်ခန့် ဆက်တိုက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ကားပျံကို ပျံသန်းစေစဉ် ဘက်ထရီ အားကုန်မှုကြောင့် အထိအခိုက် မရှိစေရန်လည်း လုံခြုံရေးစနစ် ၃ ခုလောက်ကို လက်ရှိမှာ စမ်းသပ်နေတယ်လို့ NewAtlas က ပြောပါတယ်။

အဲဒီ့ လုံခြုံရေး စနစ်များတွင် ballistic parachute လို့ခေါ်တဲ့ လေထီးဖြင့် ပြန်လည်ကျရောက်သည့် စနစ် နှင့် အာသာသယာဉ်များ ပြန်အဆင်းတွင် အရှိန်လျှော့သည့် နည်းပညာဖြစ်သည့် ရော့ကတ်ဖြင့် တွန်းကာ ဆင်းသက်သည့် စနစ်တို့ ပါဝင်ပါတယ်။

လုံခြုံရေး စနစ်များထဲက စမ်းသပ်နေတဲ့ နောက်ဆုံး စနစ် ကတော့ “ကြောင်ခြေဖဝါး” လို့ခေါ်တဲ့ ပျော့ပြောင်းတဲ့ ကားပျံအောက်ခြေဖြင့် အကျသက်သာအောင် ဆင်းသက်စေတဲ့ စနစ်ဖြစ်ပါတယ်။

ကုမ္ပဏီမှ LEO Coupe လို့ခေါ်တဲ့ အဆိုပါ ကားပျံကို ၂၀၂၂ ခုနှစ် ပထမဆုံး စမ်းသပ် ပျံသန်းမှုတွေ ပြုလုပ်ဖို့ရာ အပြည့်အဝ ရှေ့ပြေးပုံစံထုတ်လုပ်ဖို့ ရင်းနှီးမြှပ်နှံမှုများကို ရှာဖွေနေပါတယ်။

အဲဒီ့နောက်မှာတော့ စမ်းသပ်မှုတွေ အများကြီးလုပ်ရဦးမှာဖြစ်ပြီး ကုမ္ပဏီမှ အဆိုပါ ကားပျံကို ဒေါ်လာ ၂၉၀,၀၀၀ လောက်နဲ့ ရောင်းချနိုင်ဖို့ မျှော်လင့် ထားပါတယ်။

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *