5G ကွန်ယက် မတွင်ကျယ်သေးပေမယ့် 6G ကွန်ယက်ကို စတင် စမ်းသပ်နေ

News Tech

၂၀၂၀ နှစ်ကုန်လောက်က 6G နှင့် ပတ်သက်တဲ့ သတင်းတပုဒ်ကို ကျွန်တော်တို့ တင်ပြပြီး ဖြစ်ပါတယ်။

အဲဒါကတော့ နိုဝင်ဘာ ၂၀၂၀ ခုနှစ်အတွင်းမှာ တရုတ်ဟာ ကမ္ဘာ့ ပထမဆုံး 6G ဂြိုဟ်တုကို စမ်းသပ်ဖို့ရာ လွှတ်တင်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၇ ခုနှစ်ကတည်းက ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ 140GHz ရှိတဲ့ transmitter နှင့် receiver တွေကို အသုံးပြုပြီး လွန်ခဲ့တဲ့ ဇွန်လက Samsung ၏ ဓာတ်ခွဲခန်းတွင် အောင်မြင်ခဲ့သည့် နောက်ထပ် 6G စမ်းသပ်မှုအပြီး အပြင်မှာ လက်တွေ့ စမ်းသပ်တာကို မတွေ့ရသေးပါဘူး။

အခုတော့ LG Electronics မှ ဂျာမနီနိုင်ငံ Fraunhofer Heinrich Hertz တယ်လီကွန်း တက္ကလိုလ် နှင့် ဘာလင် နည်းပညာတက္ကသိုလ် ကြား မီတာ ၁၀၀ လောက် အကွာအဝေးတွင် 6G စနစ်ကို တပ်ဆင် စမ်းသပ်လိုက်ပါပြီ။

“ဒီစမ်းသပ်မှုရဲ့ အောင်မြင်မှုကနေ လာမယ့် 6G ခေတ်မှာ Tera Hertz (1000 GHz အထက်) ရေဒီယို ဆက်သွယ်ရေး လှိုင်းများကိုတောင် အောင်မြင်စွာ အသုံးချနိုင်ဖို့ ပိုနီးစပ်လာပြီ ဖြစ်ပါတယ်” လို့ LG ၏ ဥက္ကဌနှင့် နည်းပညာအရာရှိချုပ် ဒေါက်တာ I.P. Park က ပြောပါတယ်။

ဒါ့အပြင် ” 6G စွမ်းရည် တိုးတက်စေရေးအတွက် ပြည်တွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ သုတေသန တက္ကသိုလ်များနှင့် အဖွဲ့အစည်းများ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုဟာ အလွန်အကျိုးရှိပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

LG Electronics ဟာ ဥရောပ သုတေသန ဓာတ်ခွဲခန်း Fraunhofer-Gesellschaft နှင့်အတူ 6G ထုတ်လွှင့်မှုကို လုပ်ဆောင်နိုင်ဖို့ ဆောင် ရွက် နေခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီနှင့် အဖွဲ့အစည်းများဟာ ၎င်းတို့၏ နောက်ဆုံး စမ်သပ်မှုတွင် အချက်အလက် မည်မျှ ပို့ခဲ့သည့်ကို အသေးစိတ် မပြောခဲ့ပေမယ့် 6G လှိုင်းများဟာ အလွန်မြန်ဆန်ပြီး Terahertz ကြိမ်နှုန်း ဝန်းကျင်တွင် ရှိနိုင်ဖွယ်ရှိပါတယ်။

Terahertz ကြိမ်နှုန်းနှင့် ပတ်သက်ပြီး ပြသနာတခုကတော့ လောလောဆယ်မှာ အကွာအဝေးဟာ အကန့်အသတ်ရှိနေပြီး အင်တာနာများမှ တဆင့် ဖြတ်သွားသည့်အခါ စွမ်းအင် အများအပြား ဆုံးရှုံးစေတာ ဖြစ်ပါတယ်။

အဆိုပြုထားတဲ့ ဖြေရှင်းမှုတခုကတော့ 6G ကို ဒီထက် လှိုင်းပိုရောက်နိုင်အောင် သုတေသနများတွင် ရင်းနှီးမြှပ်နှံမည့် အစား နိုင်ငံအနှံ့တွင် တာဝါတိုင်များ ပိုမို တိုးမြှင့်ခြင်းက 6G ထုတ်လွှင့်မှုကို ကုန်ကျစရိတ် သက်သာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

LG ဟာ 6G ကို ပိုမို အလားအလာ ကောင်းလာစေရန် adaptive beamforming နည်းပညာ နှင့် စွမ်းအင် amplifier သစ် တခုကိုလည်း ဖန်းတီးခဲ့ပါသေးတယ်။

အဆိုပါ amplifier ဟာ ကြိမ်နှုန်း 155 GHz မှ 175GHz အတွင်း ထုတ်လွှတ်နိုင်ပြီး 15dBm နှုန်းမှာ တည်ငြိမ်စွာ အလုပ်လုပ်နိုင်ပါတယ်။

LG ဟာ အဲဒီ့ amplifier အသစ်ကို အသုံးပြုပြီး ဩဂုတ်လ ၁၃ ရက်နေ့မှာ အဆောက်အဦး နှစ်ခုအကြား 6G ဆက်သွယ်မှုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို စမ်းသပ်မှုဟာ ကြီးကျယ်တဲ့ စမ်းသပ်မှု ဟုတ်ချင်မှ ဟုတ်နိုင်မှာ ဖြစ်တဲ့အတွက် 6G ကိုမြင်ရဖို့ ဆယ်စုနှစ် တခုလောက်တော့ လိုဦးမှာ ဖြစ်ပါတယ်။

သို့ပေမယ့် စမ်းသပ်မှုဟာ အနာဂါတ်မှာ အလွန်လျှင်မြန်တဲ့ ထုတ်လွှင့်မှုတွေ၊ လက်ခံမှုတွေကို ပြုလုပ်နိုင်ဖို့ ခိုင်မာတဲ့ စတင်မှု တခုပဲ ဖြစ်ပါတယ်။

LG မှ 6G ကွန်ယက်ကို ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့ စံတခုအနေနှင့် ဖြစ်သင့်ပြီး ၂၀၂၉ ခုနှစ်မှာတော့ စတင် အသုံးပြုနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

Samsung ကတော့ မြေပြင် ဖိုက်ဘာ အမြန်နှုန်းနှင့် ညီမျှတဲ့ 1Gbps အမြန်နှုန်းရှိတဲ့ 6G ကွန်ယက်ကို ၂၀၂၈ ခုနှစ်မှာ စတင် အသုံးပြုနိုင်ဖို့ ရည်ရွယ် ထားပါတယ်။

ဒါ့ကြောင့် အနာဂါတ်မှာ ဘယ်နိုင်ငံက ပထမဦးဆုံး 6G ကို စတင် အသုံးပြုနိုင်မယ့် နိုင်ငံ ဖြစ်လာမလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *