သတ္တုကဲ့သို့ ခိုင်ခံ့ပြီး ရေမြှုပ် ကဲ့သို့ ပေါ့ပါးတဲ့ ပစ္စည်းအသစ်အကြောင်း

Innovation Tech

Johns Hopkins တက္ကသိုလ်မှ သုတေသီတွေဟာ အလွန်ပေါ့ပါးပြီး တုန်ခါမှု စုပ်ယူနိုင်တဲ့ ပစ္စည်းအသစ်ကို တီထွင်ခဲ့ပြီး ၎င်းဟာ သတ္တုကဲ့သို့ ခိုင်ခံတာကြောင့် အကာအကွယ်ကိုလည်း ပေးစွမ်းနိုင်တယ်ဟု ဆိုပါတယ်။

အဆိုပါ ပစ္စည်း အသစ်ကို ခမောက်​တွေ၊ သံချပ်ကာ​တွေနှင့် ယာဉ် အစိတ်အပိုင်း​တွေ အတွက် အသုံးပြုနိုင်ပြီး ပေါ့ပါး ခိုင်ခံ့တာကြောင့် ပြန်လည်အသုံးပြုနိုင်တယ်ဟု သိရပါတယ်။

၎င်းပစ္စည်းအသစ်ရဲ့ အဓိကသော့ချက်က လူသိများတဲ့ အရည်ပုံဆောင်ခဲ အီလက်စတိုမာများ (LCEs) တို့ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

၎င်းတို့ကို ကွေးနိုင်ဆန့်နိုင်မှု နှင့် တည်ငြိမ်မှုတို့ကို ပေါင်းစပ်ပေးတဲ့ အရည်ပုံဆောင်ခဲအဆင့်ရှိ ကွေးနိုင် ဆန့်နိုင်သည့် ပိုလီမာများဖြင့် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Steel plate

LCE များကို စက်ရုပ်များ အတွက် တွန်းအားများနှင့် ကြွက်သားတုများပြုလုပ်ရန် ပုံမှန်အားဖြင့် အသုံးပြုသော်လည်း လေ့ လာ မှု အသစ် အတွက် သုတေသီတွေဟာ ပစ္စည်းရဲ့တုန်ခါမှုစွမ်းအင် စုပ်ယူနိုင်စွမ်းကို စူးစမ်းလေ့လာခဲ့ကြပါတယ်။

ထို့နောက်မှာတော့ သုတေသီအဖွဲ့ဟာ အဆောက်အဦများကြားတွင် ညှပ်ပြီးအသုံးပြုဖို့အတွက် LCE များပါ၀င်သော ခိုင်ခံပေါ့ပါးတဲ့ ပစ္စည်းအသစ်ကို ဖန်တီးခဲ့ကြပါတယ်။

အခြေခံယူနစ်ကို အလွှာများစွာရှိ ပစ္စည်းအပေါ်မှာ ထပ်ခါထပ်ခါ ပြုလုပ်ထားတဲ့အတွက်ကြောင့် ၎င်းတို့ဟာ သက်ရောက်မှုအပေါ် မတူညီတဲ့နှုန်းဖြင့် စွမ်းအင်ကို ထိထိရောက်ရောက် ပြေပျောက်စေပါတယ်။

သုတေသီအဖွဲ့ဟာ စမ်းသပ်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး မတူညီတဲ့ အမြန်နှုန်းရှိတဲ့ မတူညီသော ဒြပ်ထုရဲ့ သက်ရောက်မှု​တွေကို မည်ကဲ့သို့ ကောင်းစွာ ခံနိုင်ရည် ရှိသလဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။

၎င်းပစ္စည်းအသစ်ဟာ တစ်နာရီ 22 mph (35.4 km/h) အထိ အမြန်နှုန်းဖြင့် ထိရိုက်တာကိုတောင် သေချာပေါက် ထိန်းနိုင်တာကို တွေ့ခဲ့ရပါတယ်။

Image: Courtesy of Will Kirk/Johns Hopkins University

၎င်းပစ္စည်းအသစ်ဟာ ဆဲလ်အလွှာများစွာဖြင့် တည်ဆောက်ထားတာကြောင့် ပိုမိုကောင်းမွန်ပါတယ်။

ဥပမာ အလွှာလေးခုရှိတဲ့ ဖွဲ့စည်းပုံတစ်ခုက အလွှာတစ်ခုထဲ တည်ဆောက်မှုရဲ့ တုန်ခါမှု စွမ်းအင်စုပ်ယူမှုသိပ်သည်းဆထက် နှစ်ဆနီးပါးကျော်ရှိပါတယ်။

၎င်းပစ္စည်းအသစ်ကို ယခုအချိန်အထိ တစ်နာရီ 22 မိုင်အထိ သက်ရောက်မှုဖြင့်သာ စမ်းသပ်ခဲ့သော်လည်း ပိုမိုမြင့်မားတဲ့ အရှိန်ဖြင့် သက်ရောက်မှုများကိုလည်း စုပ်ယူနိုင်တယ်ဟု အဖွဲ့မှ ပြောကြားခဲ့ပါတယ်။

ခမောက်​တွေ၊ ကိုယ်ထည် ချပ်ဝတ်တန်ဆာ​တွေ၊ ကားတွေနှင့် လေယာဉ်တွေရဲ့ အခြားအစိတ်အပိုင်း ဘေးကင်းရေးအတွက် အဆိုပါ ပစ္စည်းကို အသုံးပြုနိုင်တယ်ဟု သုတေသီ​တွေက ဆိုပါတယ်။

“ပစ္စည်းအသစ်ရဲ့ လွန်ကဲတဲ့ စွမ်းအင်စုပ်ယူနိုင်မှုအပေါ် တွေ့ရှိချက်တွေဟာ စိတ်လှုပ်ရှားစရာကောင်းတယ် ” ဟု စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ လက်ထောက်ပါမောက္ခ Sung Hoon Kang ကဆိုပါတယ်။

ဒါ့အပြင် ပစ္စည်းဟာ ပြင်းထန်တဲ့ သက်ရောက်မှု​တွေကနေ ကာကွယ်မှုကို ပိုပေးနိုင်တယ်ဟုဆိုပြီး ပေါ့ပါးတဲ့အတွက်ကြောင့်လည်း လောင်စာဆီသုံးစွဲမှုနှင့် ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်သည့်အပြင် အကာအကွယ်ဝတ်ဆင်သူများအတွက် ပိုမိုအဆင်ပြေစေတယ်ဟု သိရပါတယ်။

နောက်ဆုံးအနေနဲ့ အားကစားသမားများနှင့် စစ်ဘက်ဆိုင်ရာအတွက် အကာအကွယ် ပစ္စည်းတစ်မျိုးကို ဒီဇိုင်းထုတ် စမ်းသပ်ဖို့ အတွက် သုတေသီ အဖွဲ့ဟာ လက်ရှိတွင် ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက် လုပ်ဆောင်နေတယ်ဟု သိရပါတယ်။

ဒီသုတေသနကို Advanced Materials ဂျာနယ်တွင် “Synergistic Energy Absorption Mechanisms of Architected Liquid Crystal Elastomers” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့တာပါ။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.