မိုးကြိုးပစ်ခံရစဉ် ဆယ်ဖီ ဓာတ်ပုံအမိအရ ရရှိခဲ့တဲ့ မောင်နှမသုံးယောက်

Knowledge News

ပြီးခဲ့တဲ့ တနင်္လာနေ့က မောင်နှမ ၃ ယောက်ဟာ သစ်ပင်အောက်မှာ ရှိနေစဉ် မိုးကြိုးပစ်ခံရပြီး အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့ပါတယ်။

ကံကောင်းချင်တော့ ၎င်းတို့ကို မိုးကြိုးပစ်တဲ့အချိန်နှင့် အံကိုက် အတိအကျပဲ ဆယ်ဖီဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ပါတယ်။

လန်ဒန်မြို့ အနောက်တောင်ပိုင်းမှာ ရှိတဲ့ Molesey တူးမြောင်းရေတံခါး တဝိုက်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် မိုးကြိုးများ ပစ်ခတ်နေခဲ့ပါတယ်။

အစ်ဆိုဘယ်၊ ရေချယ် နှင့် အင်ဒရူး ဂျွန်ဆင် တို့ မောင်နှမသုံးယောက်မှ ၂ ယောက်ဟာ ရေချယ်ရေချိုးနေတာကို စောင့်နေရင်း သစ်ပင်အောက်မှာ ထိုင်နေခဲ့ပါတယ်။

သူတို့ဟာ မိုးရွာနေတဲ့အချိန် စက်ဘီးစီးကာ သွားလာပြီးနောက် ပျော်ရွှင်စွာနဲ့ ဓာတ်ပုံ များ ရိုက်ကူးနေခဲ့ပါတယ်။ မိုးကြိုးများ ပစ်ခတ်နေချိန်တွင် သစ်ပင်အောက်၌ ရပ်နေခြင်းဟာ အလွန် အန္တရာယ်များပါတယ်။

လျှပ်စီးဟာ ခုခံအား အနည်းဆုံး လမ်းကြောင်းကို ရှာဖွယ်ကာ မိုးကြိုးပစ်တတ်သဖြင့် ၎င်းတို့ ၃ ဦးစလုံးဟာ မိုးကြိုးပစ်ခံရကာ လဲကျသွားခဲ့ ကြပါတယ်။

“ရုတ်တရာက် ကျွန်မဟာ မြေကြီးပေါ် လဲကျနေပြီး စူးရှကျယ်လောင်တဲ့ အသံကြီးကလွဲပြီ: တခြား ဘာမှမကြားနိုင်တော့ပါဘူး” လို့ ရေချယ်မှ ဘီဘီစီ သတင်းဌာနသို့ ပြောပြခဲ့ပါတယ်။

“ကျွန်မ လက်မောင်းတခုလုံးဟာ ထုံနေပြီးတော့ မလှုပ်ရှားနိုင်တော့ပါဘူး” လို့လည်း ထပ်မံပြောပြပါတယ်။

ဒီမောင်နှမ သုံးယောက်လုံးကို လမ်းရှိ ဖြတ်သွားဖြတ်လာများက ကူညီကာ ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ပါတယ်။ မီးလောင်ဒဏ်ရာများ ကုသမှု ခံယူပြီးနောက်မှာ အိမ်သို့ ပြန်လည်ရောက်ရှိကြပြီး ဒဏ်ရာ ကြီးကြီးမားမားတော့ မရရှိခဲ့ကြပါဘူး။

ထို့နောက် မောင်နှမသုံးယောက်ဟာ ၎င်းတို့ကို ပြုစုစောင့်ရှောက်ခဲ့သည့် စိန့်ဂျော့ချ် ဆေးရုံကို ကျေးဇူးတင်ကြောင်း ပြောကြားဖို့ မီဒီယာတွေနှင့် တွေ့ဆုံခဲ့ပါတယ်။

မိုးကြိုးပစ်ချိန်နှင့် အံကိုက် ရိုက်ယူနိုင်ခဲ့သော ပုံ

အမျိုးသား ပတ်ဝန်းကျင်ကျန်းမာရေး အကြံပေးမှု စင်တာမှ ယခုကဲ့သို့ ပြင်းထန်သော ရာသီဥတုနှင့် လျှပ်စီးလက်ခြင်းများ ဖြစ်နိုင်ချေရှိပါက ထိခိုက်မှုမှ ရှောင်ရှားနိုင်ရန် အကာအကွယ်နှင့် ပတ်သက်သည့် အကြံပေးမှုများ ပြုလုပ်ထားပါတယ်။

နံပါတ် ၁ ကတော့ ” မိုးကြိုးပစ်တဲ့အခါ အိမ်ထဲကို ဝင်ပါ” ဆိုပါပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းမှာ အိမ်များသာမကပဲ ရုံးများ၊ ဆိုင်များ သို့မဟုတ် အမိုးအမာရှိသည့် ကားများအတွင်းသို့လည်း ဝင်ရောက် ပုန်းခိုနိုင်ပါတယ်။

တကယ်လို့ ကုန်းမြင့်ပေါ်တွင် ရောက်ရှိနေပါက သင်ဟာ ပစ်မှတ်အတွက် အမြင့်ဆုံးမှာ ရှိနေလို့ မိုးကြိုးပစ်ခံရနိုင်ချေ ပိုမိုများသဖြင့် ချက်ချင်း ဆင်းသင့်ပါတယ်။

သစ်ပင်များကိုလည်း ရှောင်ရှားသင့်ပြီး အထက်ပါ အကြောင်းအရာများမှ မလွှဲသာ မရှောင်သာပါက နားကို လက်ဖြင့်အုပ်ကာ မြေပြင်နှင့် ထိစပ်မှု အနည်းဆုံးဖြင့် ဝပ်နေသင့်ပါတယ်။

ဒီ ဆယ်ဖီဟာ ဘဝအတွက် ကြုံတောင့်ကြုံခဲ လူတိုင်းမရနိုင်တဲ့ အမှတ်ရစရာ တခုဖြစ်ပေမယ့် ကျွန်တော်တို့ကို မိုးကြိုး၏ အန္တရာယ်ကို သတိထားနိုင်ဖို့ အလေးထားလာ စေပါတယ်။

မောင်နှမသုံးယောက်ကတော့ လျှပ်စီးမျှင် ပုံရိပ် တွေနဲ့ မယုံကြည်စရာ ကောင်းလောက်အောင် လွတ်မြောက်ခဲ့တာဟာ ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published.