အဆိုပါ သတ္တုအရည်ဟာဆိုရင် ပျော့ပျောင်းတဲ့ စက်ရုပ်တွေနဲ့ လိုက်လျော ညီထွေမှု ရှိတဲ့အပြင် ကွန်ပျူတာ ဆိုင်ရာ နယ်ပယ်များစွာမှာလည်း အသုံးချနိုင်ပါတယ်။
ပုံသဏ္ဍာန်ပြောင်းနိုင်တဲ့ သတ္တုအရည်ဟာ Terminator 2 ဒါမှမဟုတ် Avatar: The Last Airbender မှ ပုံရိပ်များကို သတိရစေပါတယ်။
ဒါပေမဲ့လည်း အနာဂတ်ရဲ့ ဆန်းသစ် တီထွင်မှုတွေဟာ စိတ်ကူးယဥ်တာထက်တော့ အများကြီးပိုမိုကောင်းမွန်ပါတယ်။
အဆိုပါ သတ္တုအရည်ရဲ့ အသုံးချမှုတွေကို မိမိကိုယ်ကို ကုစားနိုင်တဲ့ စက်ရုပ်တွေကနေ ပြန်လည် ပြုပြင်နိုင်တဲ့ အီလက်ထရွန်းနစ် ဆားကစ်များအထိ သိပ္ပံပညာရှင်များက တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်နေပါတယ်။
၎င်းသတ္တုအရည်ရဲ့ နောက်ဆုံးပေါ် ဆင့်ကဲပြောင်းလဲလာမှုတွေ၊ ရှာဖွေတွေ့ရှိမှုတွေ နှင့် ဆန်းသစ်တီထွင်မှု အချို့ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

2D ဖြင့် ပုံဖော်နိုင်သည့် သတ္တု
၂၀၁၇ တုန်းက University of Sussex နှင့် University of Swansea မှ သိပ္ပံပညာရှင်တွေဟာ လျှပ်စစ်အားကို အသုံးပြုပြီး သတ္တု အရည်တွေကို 2D ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်းကို တီထွင်ခဲ့ပါတယ်။
၎င်းဟာ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အစောပိုင်းအဆင့်မှာဟာ ရှိသေးသော်လည်း အဖွဲ့ရဲ့သုတေသနပြုမှုတွေဟာ ပျော့ပျောင်းတဲ့စက်ရုပ်တွေ ၊ စမတ် အီလက်ထရွန်းနစ် ပစ္စည်းတွေနှင့် ကွန်ပျူတာ ဂရပ်ဖစ် စတဲ့ ပစ္စည်းတွေအတွက် အလားအလာကောင်းတွေကို ယူဆောင်ပေးနိုင်မှာဖြစ်တယ်ဟု ဆိုပါတယ်။
အရည်ပုံသဏ္ဍာန်အတွက် အသုံးပြုတဲ့ လျှပ်စစ်စက်ကွင်းများကို ကွန်ပျူတာဖြင့် ပရိုဂရမ်ရေးဆွဲ ထားတဲ့ အတွက်ကြောင့် အရည်ရဲ့ အနေ အထားနှင့် ပုံသဏ္ဍာန်ကို ပရိုဂရမ်ဖြင့် ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။
“သတ္တုအရည်တွေဟာဆိုရင် ပုံပျက်လွယ်တဲ့ အရာတွေအတွက် အလွန် အလားအလာကောင်းတဲ့ ပစ္စည်းများဖြစ်ပါတယ်။”
“၎င်းတို့ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေကတော့ ဗို့အားထိန်းချုပ်ထားတဲ့ မျက်နှာပြင် တင်းအားတွေ ၊ မြင့်မားတဲ့ အရည်အကူး အပြောင်းတွေ နှင့် အခန်းအပူချိန်မှာ အရည်-အစိုင်အခဲ အဆင့် ကူးပြောင်းတာတွေ ပါဝင်တယ် ” ဟု University of Sussex ၊ INTERACT ဓာတ်ခွဲခန်း မှ ပါမောက္ခ Sriram Subramanian က သတင်းထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

Carnegie Mellon သတ္တုစပ်
Carnegie Mellon University မှ သုတေသနအင်ဂျင်နီယာတွေဟာ အခန်းအပူချိန်မှာ အရည်အနေအထားရှိတဲ့ သတ္တုအစပ်ကို ဖန်တီးခဲ့ပြီး ဒါဟာ လိုက်လျောညီထွေရှိတဲ့ ဆားကစ်ပတ်လမ်းတွေကို တီထွင်နိုင်မှာ ဖြစ်ပြီး မဝေးတော့တဲ့ အနာဂတ်မှာ ကိုယ်တိုင်ပြုပြင်နိုင်တဲ့ ဆားကစ်တွေကို အဆင့်တိုးမြှင့်နိုင်မှာ ဖြစ်တယ်ဟု ဆိုပါတယ်။
အဆိုပါသတ္တုစပ်ကို Carnegie Mellon မှာရှိတဲ့ Soft Machines Lab မှာ သုတေသီတွေဖြစ်တဲ့ Carmel Majidi ၊ Michael Dickey နှင့် James Wissman တို့မှ ဖန်တီးခဲ့တာဖြစ်ပြီး အင်ဒီယမ်နှင့် ဂယ်လီယမ်ပေါင်းစပ်မှုရဲ့ ရလဒ်ဖြစ်တယ် ဟုဆိုပါတယ်။
ဒါဟာ ပုံမှန် transistor ကဲ့သို့ အသုံးပြုနိုင်ဖို့ သတ္တုရည် အစက်နှစ်စက်သာ လိုအပ်ပါတယ်။ ပိုကောင်းတာတစ်ခုက ၎င်းဟာ စွမ်းအင် 1V မှ 10V လောက်သာ လိုအပ်တာ ဖြစ်ပါတယ်။
ရေပေါ်သွား စက်ရုပ်များ
၂၀၂၀ အစောပိုင်းတုန်းကလည်း တရုတ်နိုင်ငံ၊ Tsinghua တက္ကသိုလ်မှ သုတေသီအဖွဲ့တစ်ဖွဲ့ဟာ ပေါ့ပါးတဲ့ အရည်တစ်မျိုးကို တီထွင်ဖန်တီးလိုက်ပြီး ၎င်းဟာ ရေပေါ်မှာ သွားလာ နိုင်တယ်ဟု ဆိုပါတယ်။
New Scientist ရဲ့ အစီရင်ခံစာအရ အဆိုပါ အရည်ကို ပေါ့ပါးပြီး ပုံသဏ္ဍာန် ပြောင်းလဲနိုင်တဲ့ စက်ရုပ်များကို တည်ဆောက်တဲ့ နေရာတွေမှာ အသုံးပြုနိုင်တယ်လို့ သုတေသီများက ယုံကြည်နေကြပါတယ်။
Carnegie Mellon မှ သုတေသီများ ကဲ့သို့ပင်Tsinghua တက္ကသိုလ်မှ သုတေသီတွေကလည်း ၎င်းတို့ရဲ့ ပစ္စည်းအတွက် ဂါလီယမ်နှင့် အင်ဒီယမ် ရောစပ်အသုံးပြုခဲ့ကြပါတယ်။

အဆိုပါ အရည်သတ္တုပစ္စည်းဟာ သိပ်သည်းဆ အလွန်နည်းသော်လည်း အပူချိန် ထိန်းညှိမှုအောက်မှာဆိုရင် “အလွန်ကောင်းမွန်တဲ့ လိုက် လျောညီထွေရှိမှုတွေ ၊ လျှပ်စစ်စီးကူးမှု နှင့် တင်းမာမှု အမျိုးမျိုးကို ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်တယ်” ဟု Advanced Functional Materials ဂျာနယ်မှာ ဖော်ပြထားတဲ့ စာတမ်းအရ သိရပါတယ်။
ကျွန်ုပ်တို့ရဲ့နေ့စဉ်လူနေမှုဘဝတွေမှာ ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ ရေပေါ်သွားစက်ရုပ်တွေ ဒါမှမဟုတ် အလိုအလျှောက် ပြုပြင်နိုင်တဲ့ ဆားကစ်တွေကို တွေရဖို့က အချိန်အနည်းငယ်တော့ ကြာနိုင်ဖွယ်ရှိပါတယ်။
သို့ပေမယ့်လည်း ဆယ်စုနှစ် အနည်းငယ် အတွင်းမှာ အဆိုပါ တီထွင် ဆန်းသစ်မှုတွေက သတ္တုနဲ့ ပတ်သက်တဲ့ တွေးခေါ်ပုံတွေကို ပြောင်း လဲ သွားစေနိုင်တာတော့ သေချာပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။