အစ္စရေးနှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးပေါင်း ထုတ်လုပ်မည့် Loitering လက်နက် အကြောင်း

Military News

အစ္စရေး နှင့် တောင်ကိုရီယား နှစ်နိုင်ငံရှိ အဓိက လေကြောင်းကုမ္ပဏီကြီး များဟာ ခေတ်မှီ ဒရုန်း နည်းပညာ အတွက် ၎င်းတို့၏ မိတ်ဖက်လုပ်ငန်းကို တိုးချဲ့ဖို့ရာ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အစ္စရေး လေကြောင်းစက်မှု IAI နှင့် ကိုရီးယား လေကြောင်းစက်မှု KAI တို့ဟာ loitering စနစ်လို့ခေါ်တဲ့ ရန်သူ့ လေကြောင်းကာကွယ်ရေး စနစ်များကို တိုက်ခိုက်နိုင်ဖို့ အတွက် အထိရောက်ဆုံး လက်နက်ကို ပူးပေါင်း ထုတ်လုပ်ဖို့ နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့ကြောင်း IAI ၏ ၂၀၂၁ ခုနှစ် အတွင်း ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

ဒီ သဘောတူညီမှု စာချုပ်ကို ဆိုးလ်မြို့တောင်ဘက် Seongnam လေတပ် အခြေစိုက် စခန်းတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ လေကြောင်းနှင့် ကာကွယ်ရေး ပြပွဲ ၂၀၂၁ (ADEX 2021) မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့နဲ့ KAI နဲ့ အတူတူ ပူးပေါင်း ဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့ပြီး loitering လက်နက်နယ်ပယ်မှာ ကျွန်တော်တို့ရဲ့ စစ်မြေ ပြင် သက်သေပြပြီး စွမ်းရည်ကို မျှဝေနိုင်တဲ့အတွက် ဂုဏ်ယူမိပါတယ်”

Photo: Courtesy of Israel Aerospace Industries

လို့ IAI ၏ ဈေးကွက် ရှာဖွေရေး ဥက္ကဌ Yehuda (Hudi) Lahav က ပြောကြား ခဲ့ပါတယ်။

KAI ၏ အမှုဆောင် ဒုဥက္ကဌ နှင့် အနာဂါတ် စီးပွားရေး ဌာနခွဲအကြီးအကဲ ဖြစ်တဲ့ Chang Heon-han ကလည်း “အနာဂါတ်မှု မောင်းသူမဲ့ လေယာဉ်တွေကို ဦးဆောင်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ မျိုးဆက်သစ် မောင်းသူမဲ့လေယာဉ် နည်းပညာများကို ဝယ်ယူသူများ လိုအပ်ချက်အတိုင်း ကိုက်ညီအောင် ထုတ်လုပ်သွားမှာ ဖြစ်တယ်” လို့ ဆိုပါတယ်။

Loitering လက်နက်စနစ် ဆိုသည့်မှာ ဒရုန်းများနှင့် ဒုံးကျည်များ ၏ စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ထားတာဖြစ်ပြီး ပစ်မှတ်များကို ရှာဖွေခြင်း၊ ဖော်ထုတ်ခြင်း၊ တိုက်ခိုက်ခြင်း နှင့် ဖျက်ဆီးခြင်းများကို ပြုလုပ်နိုင်စွမ်း ရှိပါတယ်။

တနည်းအားဖြင့် တခါသုံး ဒရုန်း ဒုံးကျည် (ကာမိကာဇေ ဒရုန်း) လို့ ပြောနိုင်ပါတယ်။

အထူးသဖြင့် လက်နက် စနစ် အသစ်မှာတော့ ထိလွယ်ရှလွယ်သည့် ပစ်မှတ်များနှင့် ရွေ့လျား ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြနိုင်ပါတယ်။

Photo: Courtesy of Israel Aerospace Industries

အယူအဆပိုင်းနှင့် ပတ်သက်လို့တော့ Loitering လက်နက်များဟာ ၁၉၈၀ ခုနှစ်များမှာ ပထမဆုံးအနေဖြင့် ပေါ်ထွက်လာခဲ့ပြီး ၁၉၉၀ ခုနှစ်များမှာတော့ ရန်သူ့ လေကြောင်း ကာကွယ်ရေးများကို ဦးနှိမ်သည့် အပိုင်းမှာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်များနောက်ပိုင်းမှာတော့ တာဝေး တိုက်ခိုက်မှု များမှသည် ကျောပိုးအိတ်နှင့် ဝင်ဆန့်သည့် တာတို နည်းဗျူဟာမြောက် ပစ်ကူစနစ်အထိ တိုးတက်လာပါတယ်။

၂၀၁၇ ခုနှစ်မှာ ပုံစံမျိုးစုံ စနစ်မျိုးစုံ ရှိသည့် Loitering လက်နက်များကို အနည်းဆုံး နိုင်ငံပေါင်း ၁၄ နိုင်ငံမှာ အသုံးပြုနေပြီ ဖြစ်ပါတယ်။

မတ်လအတွင်းက ဒီ တောင်ကိုရီးယားနှင့် အစ္စရေး ကုမ္ပဏီ ၂ ခုဟာ တောင်ကိုရီးယား ကြည်းတပ်၏ MUM-T, systems (လူနှင့် လူမဲ့ ပူးပေါင်းဆောင်ရွက်မှု စနစ်) အတွက် loitering လက်နက်များကို ထုတ်လုပ်နိုင်ဖို့ ကနဦး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးခဲ့တာပါ။

အစီအစဉ်အရ KAI မှ ထုတ်လုပ်ထားသည့် ရဟတ်ယာဉ်ဟာ မောင်းသူမဲ့ ဒရုန်းမှ ပစ်မှတ်ကို ရှာဖွေနေချိန်မှာ အကွာအဝေး တခုတွင် ရှိနေမှာဖြစ်ပြီး လိုအပ်ပါက ချက်ချင်း ပစ်မှတ်ကို တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။

Photo: Courtesy of Israel Aerospace Industries

“IAI နှင့် KAI အကြား တိုးချဲ့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် တောင်ကိုရီးယား စစ်တပ်အား နည်းပညာ အသစ်များဖြင့် ပံ့ပိုးပေးမည် ဖြစ်ပြီး ကုမ္ပဏီနှစ်ခု အကြား ပူးပေါင်း၍ ဖြစ်နိုင်ခြေ လေ့လာမှုများမှ တစ်ဆင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်”

ဟု ကမ္ဘာတဝှမ်း နိုင်ငံတော်တော်များများတွင် စစ်မြေပြင် သက်သေပြပြီးဖြစ်သည့် အစ္စရေး ကုမ္ပဏီ၏ HARPY NGW နှင့် HAROP Loitering လက်နက်များကို ရည်ညွှန်းပြီး ကုမ္ပဏီ၏ ကြေငြာချက်တွင် ဖော်ပြခဲ့ပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *