M1 Abrams တွေ အဆင့်မြှင့်ရာမှာ အလေးချိန်တိုးလာသောကြောင့် အခက်တွေ့နေ

News

အမေရိကန် ကြည်းတပ်ရဲ့ M1A2 Abrams တင့်ကားတွေ အဆင့်မြှင့်တင်ရာမှာ တန် ၇၀ ကျော်လာလို့ စစ်မြေပြင်သို့ သယ်ယူ ပို့ဆောင် ရေးအတွက်ပါ အခက်အခဲတွေ တွေ့နေတယ်လို့ သိရပါတယ်။

ယခု အလေးချိန်နှင့် ဆိုပါက ရန်သူ့တိုက်ခိုက်မှုခံရလို့ အပျက်အစီး ရှိခဲ့ရင် တောင်မှ သယ်ရခက်လို့ ပြန်လည်ပြင်ဆင်ဖို့ အခက်အခဲ ရှိလာပါလိမ့်မယ်။

စစ်ဆင်ရေးစမ်းသပ်ခြင်းနှင့် အကဲဖြတ်ခြင်း အစီရင်ခံစာ (DOTE) ဟာ စစ်တပ်၏ နောက်ဆုံးပေါ် လက်နက်စနစ်များနှင့် ရင်ဆိုင်နေရသည့် ပြသနာများကို နှစ်စဉ်ဖော်ပြပေးတဲ့ အစီရင်ခံစာ ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ လက်ရှိ ရှိပြီးသားလက်နက်စနစ်များရဲ့ အဆင့်မြှင့်တင်မှု တွေ အကြောင်းကို ဖော်ပြလေ့ရှိပြီး ယခုနှစ်မှာတော့ M1 Abrams အကြောင်းတွေ အသားပေး ပါဝင်လာတာ ဖြစ်ပါတယ်။

Defense News သတင်းဌာနအဆိုအရ ဒီတင့်ကားတွေရဲ့ နောက်ဆုံး အဆင့်မြှင့်တင်မှုမှာ အလေးချိန်တွေ ပိုတိုးလာပြီး ထိခိုက်မှုရှိပါက ပြုပြင်ရန်နှင့် သယ်ယူပို့ဆောင်ရန်အတွက် စိန်ခေါ်မှုတွေ ဖြစ်လာနေတယ် လို့ သိရပါတယ်။

M1 Abrams တွေကို ၁၉၈၀ ခုနှစ်များ ကတည်း က စတင်တပ်တော်ဝင်ခဲ့ပြီး အစောဆုံး မျိုးကွဲများဟာ ဝန်အပြည့်ဆိုရင် ၅၈ တန် အလေးချိန်ရှိပါတယ်။

အဲဒီ့တုန်းက M1 Abrams ရဲ့ ပြိုင်ဖက် ဆိုဗီယက်လုပ် T-72 ဟာ ၄၄.၅ တန် ပဲရှိပါတယ်။ အလေးချိန်များပေမယ့် တပ်ဆင်ထားတဲ့ Avco Lycoming AGT-1500 ဂတ်စ်တာဘိုင် အင်ဂျင် ကြောင့် မြင်းကောင်ရေ ၁၅၀၀ ထုတ်ပေးနိုင်ကာ တစ်တန်ကို ၂၁.၂ မြင်းကောင်ရေ အချိုး ဖြင့် မောင်းနှင်နိုင်သောကြောင့် အဆင်ပြေခဲ့ပါတယ်။

M1 Abrams တွေဟာ အမေရိကန် ကြည်းတပ်ရဲ့ သမိုင်းမှာ အကြာဆုံး အမှုထမ်းခဲ့တဲ့ တင်ကားတစ်စီးလဲ ဖြစ်ပါတယ်။ M1 တွေကို အစားထိုးဖို့ အစီအစဉ်လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် လက်ရှိ M1 Abrams တွေကို ၂၀၃၀ သို့မဟုတ် အဲဒီ့ထက် နောက်ကျတဲ့ အထိ မြင်နေရဦးမှာ ဖြစ်ပါတယ်။

တင့်ဖျက်ဒုံးများဟာ ပိုမိုပေါများလာပြီး အားကောင်းလာတဲ့အတွက် ကြည်းတပ်အနေဖြင့် M1 Abrams တွေကို စစ်မြေပြင်မှာ ဆက်လက် ရှင်သန်ဖို့ရာ ပြင်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်လာရပါတယ်။

အစောပိုင်းအဆင့်မြှင့်မှုမှာ ယခင် အသုံးပြုနေတဲ့ M68 ၁၀၅ မီလီမီတာ ပင်မအမြောက်မှ ယနေ့အသုံးပြုနေတဲ့ ဂျာမန်လုပ် M256 ၁၂၀ မီလီမီတာ ပင်မအမြောက်ကို လဲလှယ်ခဲ့ပါတယ်။

၁၉၉၀ နှစ်များမှာ M1 Abrams တွေကို ထပ်မံ အဆင့်မြှင့်တင်ခဲ့ပြီး သံချပ်ကာစနစ်တွင် အလွန်လေးလံတဲ့ သက်တမ်းကုန် ယူရေနီယံများကို ထပ်မံထည့်သွင်းခဲ့တာကြောင့် တန်အနည်းငယ် ပိုလေးသွားပါတယ်။

ဒါ့အပြင် တခြားအဆင့်မြှင့်မှုများဖြစ်သည့် ဓာတ်အားပေးစက်များ၊ အီလက်ထရောနစ်ပစ္စည်းများ၊ အဝေးမှ ထိန်းချုပ် ပစ်ခတ်နိုင်သည့် စက်သနက်များ ကြောင့် အလေးချိန်ထပ်တိုးလာပါသေးတယ်။ အစီရင်ခံစာအရ M1A2SEPV3 Abrams တွေကို စမ်းသပ်ရာမှာ စစ်ဆင်ရေး ၂၀ မှာ ၁၉ ခုကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရပါတယ်။

ပြသနာကတော့ အလေးချိန် ၇၃.၆ တန်အထိ တိုးလာတာပါ။ အဓိကကတော့ ဒီအဆင့်မြှင့်ထားတဲ့ တင့်ကားတွေရဲ့ အလေးချိန်ကို ခံနိုင်တဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ စစ်မြေပြင်ခင်း တံတားတွေ မရှိသေးပါဘူး။

နောက်ဆုံးအဆင့်မြှင့်တင်မှုမှာ စွမ်းအင်ထုတ်လုပ် ဖြန့်ဖြူး ခြင်း၊ ပူးတွဲစစ်ဆင်ရေး ကွန်ယက်ပါဝင်လာခြင်း၊ ပြောင်းလဲတိုးတက်လာတဲ့ သံချပ်ကာစနစ်၊ IED ပေါက်ကွဲအားပြင်းလက်နက်များ ဒဏ်မှ လျှော့ချထားခြင်း၊ လက်နက်များနှင့် ဒစ်ဂျစ်တယ် data link ချိတ်ဆက်ထား ခြင်း နှင့် သံချပ်ကာအောက်တွင် အရံ ပါဝါယူနစ်တစ်ခု တပ်ဆင်ထားခြင်း အစရှိသည်တို့ ပါဝင်လာပါတယ်။

ရော့ကတ် သို့မဟုတ် ဒုံးပျံဖြင့် ပစ်ခံရပါက အလိုအလျှောက် ကာကွယ်ပေးသည့် Active Protection System တစ်ခုနှင့်ပင် တင်ကားရဲ့ အလေးချိန်ကို ပေါင် ၅၀၀၀ လောက်တိုးလာကြောင်း သိရပါတယ်။

ဒါ့ကြောင့် အမေရိကန် ကြည်းတပ်အနေဖြင့် M1 Abrams ရဲ့ အလေးချိန်ပြသနာဟာ သယ်ယူပို့ဆောင်ရေး၊ တခြား ထောက်ပံ့ရေး တံတားများနှင့် ယာဉ်များအတွက် အခက်အခဲတွေ ဖြစ်လာမှာကြောင့် သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုပဲ အဆင့်မြှင့်မှာလား တင့်ကားသစ်တွေကိုပဲ အလေးချိန်လျှော့ဖို့ စဉ်းစားမှာလားတော့ မသိရသေးပါဘူး ခင်ဗျာ။

Knowledgeworms Copyright © 2021

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *