အသံထက် ၅ ဆ ကျော်ဖြင့် ပျံသန်းနိုင်မည့် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ယာဉ်ပျံ

News Science

အာကာသ စီမံကိန်းများတွင် ကမ္ဘာ့ရာသီဥတုကို ပြောင်းလဲစေသည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချဖို့အတွက် စဉ်းစားတာ အတော်လေး နည်းပါတယ်။

ဩစတေးလျ ကုမ္ပဏီတခု ဖြစ်တဲ့ Hypersonix ကတော့ ၎င်း၏ ပတ်ဝန်းကျင် ထိခိုက်မှု နည်းစေမယ့် အာကာသ စီမံကိန်းတခုကို ပြသလိုက်ပါတယ်။

ကုမ္ပဏီဟာ မကြာသေးမီကဘဲ ဟိုက်ပါဆိုးနစ် ဂြိုဟ်တု လွှတ်တင်ယာဉ်သစ်ကို ပြသလိုက်တာ ဖြစ်ပြီး အဆိုပါယာဉ်ဟာ သမားရိုးကျ ပုံစံများနှင့် ကွဲထွက်နေပါတယ်။

အဆိုပါနည်းပညာဟာ တချိန်ချိန်မှာ အတ္တလန္တိတ်ကို ဖြတ်ပြီး ပျံသန်းမယ့် ခရီးသည်တင် လေယာဉ်များကို ဟိုက်ပါဆိုးနစ် လေယာဉ်များ ဖြစ်လာစေအောင်တောင် လမ်းခင်းပေးနိုင်လောက်ပါတယ်။

Image: Courtesy of Hypersonix

အသံထက် ၅ ဆ အထက် ပျံသန်းသည့် လေယာဉ်များဟာ လေထုတွင်း ပွတ်တိုက်မှုများကြောင့် အပူချိန်ဟာ 2,000 ‘C (3,632 ‘F) လောက်အထိ ရှိလာနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒါ့ကြောင့် ဩစတေးလျရှိ Brisbane အခြေစိုက် လေကြောင်း အင်ဂျင်နီယာ နည်းပညာ ကုမ္ပဏီဖြစ်တဲ့ Hypersonix Launch Systems ဟာ လေယာဉ်တွင် အသုံးပြုမည့် အကောင်းဆုံး သတ္တုကို ရွေးချယ်နေပါတယ် လို့ ကုမ္ပဏီ၏ ကြေငြာချက်တွင် ဖော်ပြခဲ့ပါတယ်။

ကုမ္ပဏီ၏ အဖွဲ့တွင် အကြမ်းဖျင်းအားဖြင့် လေကြောင်း အင်ဂျင်နီယာပေါင်း ၂၀ လောက် နှင့် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အဖွဲ့ကို ၂၀၁၉ ခုနှစ်လောက်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် ကပ်ရောဂါကာလကြောင့် စီမံကိန်း၏ လုပ်ငန်းစဉ်များကို ရွှေ့ဆိုင်းထားရတာပါ။

အဆိုပါ အချိန်အတွင်းတွင် ကုမ္ပဏီဟာ အဆင့် ၃ ဆင့်ရှိတဲ့ Wirraway လို့ခေါ်တဲ့ ပစ်လွှတ်စနစ်ကို ဖန်တီးခဲ့ပါတယ်။

အသံထက် ၅ ဆ မှ ၁၂ ဆ အထိ အရှိန်မြှင့်ပေးနိုင်သည့် SPARTAN အင်ဂျင် Image: Courtesy of Hypersonix

ဒီပစ်လွှတ် စနစ်ကို ပြန်လည် အသုံးပြုလို့ရတဲ့ scramjet အင်ဂျင် နည်းပညာကို အသုံးပြုပြီး ဟိုက်ဒရိုဂျင် လောင်စာကို အ သုံး ပြုမှာ ဖြစ်ပါတယ်။

ဆိုလိုတာကတော့ ပစ်လွှတ်တဲ့အချိန်မှာ ကာဗွန် ထုတ်လွှတ်မှုတွေ မရှိဘူးလို့ ပြောတာပါ။

စီမံကိန်း နောက်ဆုံး အခြေအနေများ

အဖွဲ့ဟာ ဟိုက်ပါဆိုးနစ် အမြန်နှုန်းဖြင့် ပျံသန်းသည့်အခါ ထွက်ရှိလာမည့် အပူချိန်ကို Ceramic Matrix Composites (CMC) နည်းပညာအသုံးပြုပြီး ခံနိုင်ရည်ရှိအောင် လုပ်ဆောင်နေပါတယ်။

Hpyersonix ၏ SPARTAN အင်ဂျင်ဟာ အသံထက် ၅ ဆ မှ ၁၂ ဆ အထိ တွန်းတင်ပေးနိုင်ပြီး ကမ္ဘာပေါ်သို့ လေယာဉ်တစင်းကဲ့သို့ ပြန်လည် မဆင်းသက်မီ မိုင်ပေါင်း ၁,၅၅၃ လောက်မြင့်တဲ့ အာကာသထဲသို့ လွှတ်တင်မယ့် Delta-Velos ယာဉ်နှင့် အတူ အသုံးပြုသွားမှာပါ။

Delta-Velos ယာဉ်ကို Hypersonix ၏ SpaxeX ၏ Falcon9 ပထမအဆင့်ကဲ့သို့ ပြန်လည် အသုံးပြုနိုင်သည့် Boomerange ပထမအဆင့် booster နှင့် တွဲဖက်ပြီး လွှတ်တင်မှာ ဖြစ်ပါတယ်။

လေထု ပြင်ပသို့ ရောက်ရှိပါက Delta-Velos အာကာသယာဉ်ဟာ ၅၀ ကီလိုဂရမ်လောက်ရှိတဲ့ ဂြိုဟ်တုများကို လွှတ်ချနိုင်မှာ ဖြစ်ပြီး ကမ္ဘာ့ ပတ်လမ်းနိမ့်သို့ ဆက်သွားမှာ ဖြစ်ပါတယ်။

Image: Courtesy of Hypersonix

ဟိုက်ဒရိုဂျင်ကို လောင်စာအဖြစ် အသုံးပြုတဲ့အတွက် ကာဗွန်ထုတ်လွှတ်မှု မရှိဘဲ ရေခိုးရေငွေ့ကိုသာ ထုတ်လွှတ်မှာပါ။

Hypersonix အဆိုအရ ပစ်လွှတ်စနစ်ဟာ မည်သည့် ပစ်လွှတ်သည့် နေရာမှသည် မည်သည့် ကမ္ဘာ့ပတ်လမ်းကို မဆို ပစ်လွှတ်နိုင်မယ်လို့ ဆိုပါတယ်။

ကုမ္ပဏီဟာ Delta-Velos ကို ၂၀၂၄ ခုနှစ်တွင် ပျံသန်းနိုင်ဖို့ မျှော်လင့်ထားပြီး အားလုံး အဆင်ပြေပါက အသံထက်မြန် ဟိုက်ပါဆိုးနစ် လေကြောင်းလိုင်းများတွင်ပါ ဝင်ရောက်လာမှာဖြစ်ပါတယ်။

အမေရိကန် လေတပ် ကျောထောက်နောက်ခံပြု Hermeus ကဲ့သို့ ကုမ္ပဏီများဟာလည်း နယူးရော့ခ်မှ လန်ဒန်သို့ မိနစ် ၉၀ လောက်အတွင်း ပျံသန်းနိုင်မည့် နည်းပညာများကို ဖန်တီးဖို့ ကြိုးစားနေကြပါတယ်။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *