နှစ်နိုင်ငံ အစိုးရအကြား ဆွေးနွေးမှုတွေ မစတင်ရသေးပေမယ့် မလေးရှားဟာ ကူဝိတ်နိုင်ငံရှိ Boeing လုပ် F/A-18 Hornet ဘက်စုံသုံး တိုက်လေယာဉ် တအုပ်လုံးကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။
မလေးရှား ပါလီမန်၏ အမေးအဖြေ အစည်းအဝေး အတွင်းမှာ နိုင်ငံ၏ လက်ထောက် ကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ Ikmal Hisham Abdul Azizဟာ ကူဝိတ်လေတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၃၃ စင်းအား ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
၎င်းမှ ကူဝိတ်ရဲ့ F/A-18 တွေကို တော်ဝင်မလေးရှားလေတပ်တွင် ရှိလာစေပါက “နိုင်ငံ၏ လေပိုင်နက်ကို ကာကွယ်ရာမှာ RMAF ၏ ကြိုတင် ပြင်ဆင်မှု နှင့် စွမ်းရည် အဆင့်ကို တိုးမြင့် လာမှာ သေချာပါတယ်” လို့ ဆိုပါတယ်။

အကြောင်းကတော့ ကူဝိတ်တွင် လက်ရှိ ရှိနေတဲ့ Hornet တိုက်လေယာဉ်များဟာ ပျံသန်းချိန် နည်းပါးပြီး အခြေအနေ ကောင်းမွန်ဆဲဖြစ်တယ်လို့ သူက ကောက်ချချထားလို့ ဖြစ်ပါတယ်။
အဆိုပါ F/A-18 များကို ၂၀၃၅ လောက်အထိ နိုင်ငံရဲ့ လေတပ်အတွက် အသုံးပြုနိုင်လိမ့်မယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
မလေးရှားဟာ လက်ရှိမှာ လေကြောင်းကာကွယ်ရေး နှင့် တိုက်ခိုက်ရေးအတွက် F/A-18D မျိုးကွဲ ထိုင်ခုံနှစ်လုံးတပ် တိုက်လေယာဉ် ၈ စင်း ဟာ ရုရှားလုပ် Sukhoi Su-30MKM Flanker-H ၁၈ စင်း နှင့်အတူ တာဝန် ထမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။
Hornet တိုက်လေယာဉ်များကို ၁၉၉၇ ခုနှစ်ကတည်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင် အဆင့်မြှင့်တင်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အဆင့်မြှင့်တင်မှုများတွင် Joint Helmet Cueing System လို့ခေါ်သည့် လေယာဉ်မှူးခေါင်းဆောင်းနှင့် ချိတ်ဆက်ထားသည့် စနစ်၊ AIM-9X Sidewinder ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပစ်ခတ်လာနိုင်မှု၊ ဂြိုဟ်တုမှ ထိန်းကျောင်း ပစ်ခတ်နိုင်သည့် Joint Direct Attack Munitions စနစ် နှင့် Link 16 datalink စနစ်တို့ ထပ်မံ ထည့်သွင်းခြင်းတို့ ပါဝင်ပါတယ်။
ကူဝိတ်ဟာ ၁၉၉၁ ခုနှစ် ပင်လယ်ကွေ့ စစ်ပွဲကာလအတွင်းက ဝယ်ယူခဲ့တဲ့ F/A-18C ထိုင်ခုံ တလုံးတပ် နှင့် F/A-18D အစင်း ၄၀ ကို ဖယ် ရှားဖို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အကြောင်းကတော့ လက်ရှိမှာ Eurofighter Typhoon ၂၈ စင်း နှင့် အလားတူ အရေအတွက်ရှိတဲ့ F/A-18E/F Super Hornet များကို လက်ခံရရှိတော့မှာ ဖြစ်လို့ ဖြစ်ပါတယ်။
အစောပိုင်းမှာမလေးရှားဟာ Super Hornet၊ Typhoon နှင့် ပြင်သစ်လုပ် Dassault Rafale များကို ဘက်စုံသုံး တိုက်လေယာဉ် အသစ်များအဖြစ် ဝယ်ယူဖို့ အကဲဖြတ်နေခဲ့တာပါ။

သို့ပေမယ့် ဘတ်ဂျက် ပြသနာများကြောင့် ကနဦး မျှော်မှန်းထားသည့် တိုက်လေယာဉ်များကို မဝယ်ယူနိုင်သေးသည့်အပြင် နိုင်ငံ၏ သက် တမ်း ကြာမြင့်နေပြီဖြစ်တဲ့ ရုရှားလုပ် MiG-29 Fulcrum ကြားဖြတ် တိုက်လေယာဉ်များကိုပါ အစားထိုးနိုင်ခြင်း မရှိဘဲ တိတ်တဆိတ် အနားပေးခဲ့ရပါတယ်။
အဲဒီ့အစား နိုင်ငံဟာ RMAF ၏ ၁၉၉၀ ခုနှစ်များကတည်းက ဝယ်ယူထားတဲ့ မတော်တဆမှုတွေ ခဏခဏ ဖြစ်လာနေတဲ့ Hawk 108 ဂျက်အင်ဂျင်တပ် လေ့ကျင့်ရေး လေယာဉ်နှင့် Hawk 208 အပေါ့စား တိုက်ခိုက်ရေး လေယာဉ်များနေရာမှာ အပေါ့စား တိုက်ခိုက်ရေး လေယာဉ်များ အစားထိုးနိုင်ဖို့ ပိုမို အလေးပေးခဲ့ပါတယ်။
ဒါပေမယ့် မလေးရှားဟာ ကူဝိတ်မှ တပတ်ရစ် တိုက်လေယာဉ်များကို ဝယ်ယူရာတွင် အောင်မြင်တောင်မှ လက်ရှိ နိုင်ငံတွင် အသုံးပြုနေသည့် Hornet များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နိုင်ဖွယ်ရှိနေပါတယ်။

မေလ နှောင်းပိုင်းကာလအတွင်း အငြင်းပွား တောင်တရုတ် ပင်လယ်ပြင်ရှိ ကမ်းရိုးတန်း တခုပေါ်မှာ တရုတ် သယ်ယူပို့ဆောင်ရေး လေ ယာဉ် ၁၆ စင်း လူသိရှင်ကြား ပျံသန်းသွားမှုနှင့် အတူ မလေးရှား လေကြောင်းရန် ကာကွယ်ရေးကို မြှင့်တင်လိုသည့် ဆန္ဒအတွက် တွန်းအားတခု ဖြစ်လာပါတယ်။
တရုတ် ဂျက်လေယာဉ်များဟာ မလေးရှား ကမ်းရိုးတန်းမှ မိုင် ၆၀ အကွာအတွင်း ချဉ်းကပ်လာခဲ့မှုကြောင့် မလေးရှားလေတပ်မှ Hawk အမျိုးအစား လေယာဉ်များဖြင့် တပ်လှန့် ပျံသန်းမှုများ ပြုလုပ်ခဲ့ရပါတယ်။
မလေးရှားနိုင်ငံအနေဖြင့် ကူဝိတ်၏ တိုက်လေယာဉ်များကို စိတ်ဝင်စားနေသည့် တူနီးရှား နိုင်ငံကဲ့သို့ နိုင်ငံများနှင့် ယှဉ်ပြိုင် ဝယ်ယူရဖွယ် ရှိနေပါတယ်။
နောက်ဆုံးမှာတော့ အလားအလာရှိတဲ့ ဝယ်ယူသူဟာ အမေရိကန် အစိုးရ၏ ရောင်းချခွင့် အဆုံးအဖြတ်ကို ထပ်မံလိုအပ်ဦးမှာ ဖြစ်ပါတယ်။
ရေးသားသူ – Aurora (Knowledgeworms team)
Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။