ကမ္ဘာ့ သမုဒ္ဒရာ ကြမ်းပြင် တခုလုံးကို မြေပုံဆွဲမည့် အစီအစဉ်

Article Tech

ယခင်က ကမ္ဘာ့ သမုဒ္ဒရာ ကြမ်းပြင်ရဲ့ ၅-၁၅ ရာခိုင်းနှုန်း အထိသာ ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီအကြမ်းဖျင်းအားထုတ်မှုဟာ ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်ရဲ့ နောက်ဆုံး နယ်နိမိတ်ကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ စီစဉ်ထားပါတယ်။

အဓိကအားဖြင့် ကမ္ဘာ့ သမုဒ္ဒရာ ကြမ်းပြင်ရဲ့ ၅-၁၅ ရာခိုင်းနှုန်းအထိ သေးငယ်တဲ့ နေရာ တစ်ခုကိုသာ မတူညီသော အရင်း အမြစ်များမှ ပုံဖော်ထားတာပါ။

ကမ္ဘာ့ သမုဒ္ဒရာတွေက ကမ္ဘာမြေ မျက်နှာပြင်ရဲ့ ၇၁ ရာခိုင်နှုန်းအထိ ဖုံးလွှမ်းထားတာ ဖြစ်ပါတယ်။

Seabed 2030 ပရောဂျက်ဟာ ၂၀၃၀ရောက်ရင် ကမ္ဘာ့သမုဒ္ဒရာကြမ်းပြင်တစ်ခုလုံးကို မြေပုံဆွဲနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒါဟာ Japan’s Nippon Foundation နှင့် အကျိုးအမြတ်မယူသော GEBCO (General Bathymetric Chart of the Oceans) မှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတစ်ခု ဖြစ်ပါတယ်။

အဆိုပါ အကျိုးအမြတ် မယူသော အဖွဲ့ဟာ နိုင်ငံတကာ ရေအားလျှပ်စစ်အဖွဲ့နှင့် UNESCO ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

စီမံကိန်း တာဝန်ရှိသူများက စုစုပေါင်းစတုရန်းမိုင် ၁၄၀ သန်းခန့် (၃၆၂,၅၉၈,၃၃၅ စတုရန်းကီလိုမီတာ) ခန့်ကို မြေပုံ ရေးဆွဲဖို့ စီစဉ်လျက်ရှိပါတယ်။

ကျယ်ပြန့်ရုံ သာမက ကမ္ဘာ့ သမုဒ္ဒရာရဲ့ နေရာ အများစုဟာ နက်ရှိုင်းပါတယ်။ သမုဒ္ဒရာရဲ့ ၉၃ ရာခိုင်းနှုန်းခန့်ဟာ ၆၅၀ ပေအောက် သို့မဟုတ် ၎င်းထက် ပိုနက်ပါတယ်။

အခက်အခဲတွေ ရှိပေမယ့် လက်ရှိန ည်းပညာနဲ့တော့ ဖြစ်နိုင်တယ်။ ပရောဂျက်ဟာ ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမည်ဟု ခန့် မှန်း ထားပြီး ကံကောင်းတာတစ်ခုက အရာအားလုံး အစကနေ ပြန်စဖို့ မလိုအပ်ပါဘူး။

Image: Courtesy of NOAA (The National Oceanic and Atmospheric Administration)

ငါးဖမ်းစက်လှေများ၊ အပျော်စီးရေယာဉ်များနှင့် စီးပွားရေးကုမ္ပဏီများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

၎င်းတို့မှာ လက်ရှိ မလေးရှားလေကြောင်းလိုင်း လေယာဉ် MH370 ကို ရှာဖွေနေသည့် Ocean Infinity ကဲ့သို့သော ကုမ္ပဏီများလည်း ပါဝင်ပါတယ်။

နောက်တစ်ခုကတော့ ဒတ်ခ်ျရေအောက် စွမ်းအင်ရှာဖွေရေးကုမ္ပဏီ Furgo ဟာ ယခင်က နာမည်ကြီး ပျောက်ဆုံး လေယာဉ်ကို ရှာဖွေခဲ့ပါတယ်။

Furgo တစ်ခုတည်းက အနီးစပ်ဆုံး စစ်တမ်းကောက်ယူထားပါတယ်။ စိတ်ဝင်စားသူအားလုံးက GEBCO ကိုလက်ခံကျင်းပသည့် Monaco ရှိ International Hydrographic Organization သို့ အချက်အလက်များကို ပေးပို့နိုင်တယ်ဟု ဆိုပါတယ်။

နောက်ဆုံး အဆိုပါ ဒေတာများကို iOS အက်ပ်တစ်ခုမှ တစ်ဆင့် အများသူငှာမှ ရရှိနိုင်မှာ ဖြစ်ပါတယ်။

Bathymetry က သမုဒ္ဒရာ ကြမ်းပြင်များကို လေ့လာခြင်း ဖြစ်ပါတယ်။ ယနေ့ခေတ်မှာတော့ “ရေအောက် မြေမျက်နှာသွင်ပြင်” ဟူသော ဝေါဟာရနှင့် အဓိပ္ပါယ်တူပါတယ်။

ဒီပရောဂျက်အတွက် လိုအပ်ချက်များကို ဖြည့်ဖို့ အသုံးပြုသည့် သင်္ဘောများကို multibeam bathymetry ဟုခေါ်သော ဆိုနာစနစ်အား အသုံးပြုမှာ ဖြစ်ပါတယ်။

၎င်းက သင်္ဘောကိုယ်ထည်အောက်ရှိ လမ်းကြောင်းအရပ်ရပ်ဆီသို့ အသံလှိုင်းများကို လွှတ်တင်ပြီး ပြန်လာအသံလှိုင်းများမှ တဆင့် မြေမျက်နှာသွင်ပြင်ပုံစံများကို စစ်တမ်းကောက်ယူပါတယ်။

3D ပင်လယ်ကြမ်းပြင် မြေပုံ Image: Courtesy of Australian Government, Australian Transport Safety Bureau, Geoscience Australia

ပင်လယ်ကြမ်းပြင်တစ်ခုလုံးကို အသံလှိုင်းများချဲ့ထွင်နိုင်ခြင်းကြောင့် သင်္ဘောရဲ့ကွန်ပြူတာစနစ်က အရည်အသွေးမြင့် 3D မြေပုံများကို ဖန်တီးနိုင်စေပါတယ်။

ဒေတာစုဆောင်းခြင်းကို ရေအောက်အလိုအလျောက်ယာဉ်များ (UAV) သို့မဟုတ် ဒရုန်းများဖြင့် ပြုလုပ်မှာ ဖြစ်ပါတယ်။

၎င်းတို့က စရိတ်သက်သာသည့်အပြင် လူသားများအတွက် အန္တရာယ်ရှိသော သမုဒ္ဒရာရဲ့ အစိတ်အပိုင်းများသို့ အာရုံခံနိုင်ပြီး ခက်ခဲသောနေရာများသို့ ရောက်ရှိနိုင်ပါတယ်။

အဆိုပါပရောဂျက်အား ဇွန် ၆ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂ သမုဒ္ဒရာညီလာခံမှာ တရားဝင်စတင်ဆောင်ရွက်ခဲ့ပါတယ်။ သို့သော် လုပ်ငန်းအများစုက ၂၀၂၁ -၂၀၃၀ ကာလတွင် ဖြစ်မြောက်ဖို့ မျှော်လင့်ထားပါတယ်။

ဒေတာအားလုံးကို စုဆောင်းပြီးတာနှင့် အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်နှင့် နယူးဇီလန်ရှိ ပညာရပ်ဆိုင်ရာ သုတေသနဌာနများက သမုဒ္ဒရာမြစ်ဝှမ်းတစ်ခုစီကို အာရုံစိုက်ပြီး လုပ်ဆောင်မှုတွေ စတင်မှာ ဖြစ်ပါတယ်။

ယူကေ၊ ဆောက်သမ်တန်ရှိ National Oceanography Center ဟာ ပရောဂျက်ရဲ့ ကမ္ဘာလုံးဆိုင်ရာစင်တာဖြစ်ပြီး ဗဟိုချုပ်ကိုင်မှုနှင့် စီမံခန့်ခွဲမှုအတွက် တာဝန်တွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။

အဆိုပါ စင်တာမှာ သုတေသီများက နယ်ပယ်အားလုံးကို အတူတကွ ချုပ်ကိုင်ပေါင်းစည်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကြီးမားပြီး မြင့်မားသည့်တောင်တန်းများ၊ မယုံနိုင်စရာ ကောင်းလောက်အောင် ကြီးမားသည့် ကျောက်ဆောင်များ၊ ချိုင့်များ၊ မီးတောင်များ၊ လမ်း ကြောင်း များနှင့် လွင်ပြင်များရှိတာကြောင့် ပင်လယ်အောက်ရှုခင်းက အံ့မခန်းစရာကောင်းပါတယ်။

ယခင် Bedrock မှ ဆွဲထားသည့် ရေအောက်မြေပုံ တခု

ပင်လယ်ကြမ်းပြင် မြေမျက်နှာသွင်ပြင်ဆိုင်ရာ အသိပညာ ပိုမို ရရှိခြင်းဟာ ကျွန်ုပ်တို့အား ရာသီဥတုပုံစံများကို ပိုမို ကောင်း မွန်စွာနားလည်ဖို့၊ ထိန်းသိမ်းရေးကြိုးပမ်းမှုများကို စီမံခန့်ခွဲနိုင်ဖို့နှင့် ယနေ့သန်းပေါင်းများစွာကို ကျွေးမွေးနေသည့် ကမ္ဘာ့ငါးဖမ်းလုပ်ငန်းကို ထိန်းသိမ်းဖို့ ကူညီပေးနိုင်ပါတယ်။

ဆူနာမီကဲ့သို့ အန္တရာယ်ရှိသော မုန်တိုင်းများမှ ကမ်းရိုးတန်း ရပ်ရွာများကို ပိုမိုကောင်းမွန်စွာ ကာကွယ်နည်းများကို ရရှိ​စေနိုင်ပါတယ်။

Seabed 2030 ဒါရိုက်တာ Satinder Bindra က ကျွန်ုပ်တို့လူသားတွေက ကိုယ်ပိုင်အိမ်နောက်ဖေးထက် လနဲ့ အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အကြောင်းကို ပိုသိ​နေ​ကြပြီး သမုဒ္ဒရာများကို မေ့လျော့နေသော နယ်နိမိတ်အဖြစ် သတ်မှတ်ခဲ့တာဟာ ကြာမြင့်နေပြီ ဖြစ်တယ်ဟု ဆိုပါတယ်။

ဒါ့ကြောင့် Bindra က ပရောဂျက်ကို “မရှိမဖြစ် စီမံကိန်း” ဟုခေါ်ဆိုခဲ့ပါတယ်။

Bindra က ပရောဂျက်ဟာ နိုင်ငံပေါင်း ၅၀ ကျော်တွင် ပျံ့နှံ့နေသော နိုင်ငံတကာ အဖွဲ့အစည်း ၂၈ ခုနှင့် ကွန်ရက်များစွာရဲ့ အတွေ့အကြုံများကို အသုံးချထားတာကြောင့် လျင်မြန်စွာ တိုးတက်မှု ရရှိခဲ့တယ်ဟု ဆိုပါတယ်။

ရေးသားသူ – Kaung Htet (Knowledgeworms team)

Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.