အင်းဆက်တွေ၊ ရေညှိတွေနှင့် အခြားသော အရင်းအမြစ်တွေကနေရရှိတဲ့ အစားအစာများဖြင့် အင်္ဂါဂြိုလ်ပေါ်သို့ ရာစုနှစ် တစ်ခု အတွင်း ရောက်ရှိလာမည့် လူတစ်သန်းကို ကျွေးမွေးနိုင်တော့မှာ ဖြစ်ပါတယ်။
သိပ္ပံစိတ်ကူးယဉ်ဝတ္ထုနှင့် ရုပ်ရှင် The Martian မှာဆိုရင် အင်္ဂါဂြိုဟ်ပေါ်မှာ သောင်တင်နေသော အာကာသယာဉ်မှူးက အာ လူးစိုက်ခြင်းဖြင့် ရက်ပေါင်း ၅၀၀ ကျော် အသက်ရှင်နေခဲ့ပါတယ်။
အနာဂါတ်တွင် အင်္ဂါဂြိုလ်ပေါ်မှာ အမြဲတမ်း လူသားများ အခြေချနေထိုင်ဖို့ အလားအလာတွေ သိသိသာသာ ကောင်းမွန်လာတော့မှာ ဖြစ်ပါတယ်။
သိပ္ပံပညာရှင်များ တီထွင်ထားသည့် ပုံစံတစ်ခုအရ၊ အောင်မြင်နိုင်သော ပန်းတိုင်တစ်ခုကို လျှောက်လမ်းနိုင်တော့မှာ သေချာပါတယ်။
New Space ဂျာနယ်မှ စာတမ်း တစ်စောင်အရ မှန်ကန်သော အစားအစာ အရင်းအမြစ်များဖြင့် ကျွန်ုပ်တို့ လူသားတွေဟာ အနှစ်တစ်ရာခန့် အတွင်း ကမ္ဘာမှ ပေးပို့သော အစာကို အားမကိုးဘဲ အင်္ဂါဂြိုဟ်ပေါ်မှာ လူဦးရေ တစ်သန်းခန့် တိုးပွားလာနိုင်ကြောင်း ဖော်ပြခဲ့ပါတယ်။
SpaceX ကဲ့သို့သော ကုမ္ပဏီများက အင်္ဂါဂြိုလ်ပေါ်သို့ လူသားများ ဆင်းသက်အခြေချနိုင်ဖို့အတွက် စိတ်လှုပ်ရှားဖွယ်ရာ ခြေလှမ်းများ စတင်နေပြီ ဖြစ်ကြောင်း Central Florida တက္ကသိုလ်မှ ဂြိုလ်သိပ္ပံပညာရှင် နှင့် လေ့လာမှုရဲ့ ဦးဆောင် ရေး သားသူ Kevin Cannon မှ ပြောကြားခဲ့ပါတယ်။

လက်ရှိ အင်္ဂါဂြိုဟ်မြင်ကွင်း
သို့သော်လည်း လူသားများ အင်္ဂါဂြိုဟ်သို့ ပထမဦးစွာရောက်ရှိဖို့ အခြေနိုင်ဖို့ စိန်ခေါ်မှုအပြင်၊ ထိုနေရာမှာ မိမိကိုယ်ကို ရပ် တည်ပြီး အလုပ်လုပ်နိုင်သော လူ့အဖွဲ့အစည်းကို မည်ကဲ့သို့တည်ဆောက်ရမလဲဆိုတာကိုလည်း အဖြေရှာဖို့ လုပ်ဆောင်ရမည့် အလုပ်များစွာ ရှိနေပါသေးတယ်။
“ရေရှည်မှာကြည့်မယ်ဆိုရင် တကယ့်စိန်ခေါ်မှုက အင်္ဂါ်ဂြိုလ်ပေါ်မှာ အစားအစာ အရင်းအမြစ်များကို လိုအပ်သလောက် စတင်ထုတ်လုပ်နိုင်ဖို့ဖြစ်တယ် ” လို့ Cannon က ဆိုပါတယ်။
အင်္ဂါ်ဂြိုလ်ပေါ်တွင် စိုက်ပျိုးခြင်း
Cannon နှင့် လုပ်ဖော်ကိုင်ဖက်များက အနှစ်တစ်ရာခန့်အတွင်း များပြားလာနိုင်သည့် အင်္ဂါဂြိုဟ်ပေါ်ရှိ လူသားဦးရေရဲ့ အစားအစာလိုအပ်ချက်ကို အသေးစိတ် လေ့လာခဲ့ကြပါတယ်။
အခြေချနေထိုင်သူများအတွက် အစပိုင်းမှာ ကမ္ဘာဂြိုလ်ကနေ အစားအစာအများအပြားတင်သွင်းဖို့ လိုအပ်သော်လည်း မှန်ကန်သောအစားအစာရွေးချယ်မှုများဖြင့် ရာစုနှစ် တစ်ခုခန့်အတွင်း စိုက်ပျိုး အောင်မြင်နိုင်သည့် အခြေအနေသို့ ကူး ပြောင်း သွားနိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
အဓိက ကန့်သတ်ချက် အနေနဲ့ နေရာလွတ် (သို့မဟုတ်) အထူးသဖြင့် အစားအစာ ကြီးထွားဖို့ အတွက် လိုအပ်သော သင့် လျော်တဲ့ နေရာများ ဖန်တီးနိုင်ဖို့ ဖြစ်ပါတယ်။
ကမ္ဘာပေါ်ရှိ စိုက်ပျိုးနိုင်သောမြေပမာဏဟာ အပင်များ၊ တိရစ္ဆာန်များ သို့မဟုတ် အခြားအရာများအထိ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ အသုံးပြုစိုက်ပျိုးနိုင်သော်လည်း အင်္ဂါဂြိုလ်ပေါ်မှာတော့ အလုံပိတ်၊ ဖိအားပေး၊ အပူပေးထားသော အ ဆောက်အဦများကို ကျွန်ုပ်တို့ တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ထိရောက်မှုရှိစေဖို့အတွက်လည်း အင်္ဂါဂြိုဟ်လူ့အဖွဲ့အစည်းဟာ လိုအပ်သော အာဟာရနှင့် ကယ်လိုရီများသော အစားအစာအရင်းအမြစ်များကို ရွေးချယ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်သို့ စေလွှတ်ထားသည့် Curiosity ဂြိုဟ်သွားယာဉ်
ရိုးရာမွေးမြူရေးတိရစ္ဆာန်ထွက်ကုန်များနှင့် အချို့သောအပင်များအတွက် အရင်းအမြစ်များစွာလိုအပ်ပြီး အင်္ဂါဂြိုဟ်ပေါ်မှာတော့ လက်တွေ့မသုံးမချနိုင်ဘူးဟု Cannon က ယုံကြည်နေပါတယ်။
သို့သော်လည်း အင်္ဂါဂြိုဟ် အစားအစာ အမျိုးမျိုးအတွက် အရင်းအမြစ်သုံးမျိုး ပါဝင်ပါတယ်။
အဆိုပါ အရင်းအမြစ်သုံးမျိုးမှာ အပင်အခြေခံ အစားအစာများ၊ စားသုံးနိုင်သော အင်းဆက်ပိုးမွှားများနှင့် “ဆဲလ် စိုက်ပျိုး ရေး”တို့ဖြစ်ကြပြီး ၎င်းတို့ထဲမှာ ရေညှိနှင့် ဓာတ်ခွဲခန်းမှ ပြုလုပ်ထားသော အသားများ၊ နို့ထွက်ပစ္စည်း နှင့် ဥများကဲ့သို့ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ ပါဝင်ပါတယ်။
Cannon က အဆိုပါ နည်းလမ်းများဖြင့် အစားအစာများကို ဖန်တီးနိုင်ဖို့ ကြိုးစားနေပြီး ရေရှည် တည်တံ့သော အစားအစာထုတ်လုပ်ရေးဆိုင်ရာ ရည်မှန်းချက်များအတွက် လက်ရှိ လုပ်ဆောင်နေသော စီးပွားရေး လုပ်ငန်းများ စာရင်းကို စုစည်းထားတဲ့ ဝဘ်ဆိုက် တစ်ခုကိုလည်း ထောင်ထားပါတယ်။
၎င်းတို့ရဲ့ရည်မှန်းချက်တွေထဲမှာ ပဲများ၊ ခရမ်းချဉ်သီးနှင့် အာလူးကဲ့သို့သော အစားအစာများ စားသုံးခြင်းအပြင် အာဟာရပိုမိုပါဝင်ပြီး ရေရှည်တည်တံ့စေနိုင်တဲ့ မျိုးဗီဇပြုပြင်ထားသော GMO ထုတ်ကုန်များလည်း ပါဝင်ပါတယ်။
ယခုအခါ ကုမ္ပဏီအများအပြားက ဂျုံမှုန့်အဖြစ် အသုံးပြုဖို့အတွက် အင်းဆက် ပိုးမွှား အခြေခံ ထုတ်ကုန်များကို ထုတ်လုပ်လျှက်ရှိပြီး စမ်းသုံးကြည့်နိုင်ပြီဟု ဆိုပါတယ်။
“အင်္ဂါဂြိုလ်ပေါ် ရေရှည်နေထိုင်နိုင်ဖို့ အစားအစာထုတ်လုပ်တဲ့နေရာမှာ ရင်ဆိုင်ရတဲ့ ကန့်သတ်ချက်တွေက ကမ္ဘာမြေပေါ်ရှိ လူသားတွေ ရေရှည်တည်တံ့နိုင်စေဖို့ တွန်းအားပေးနေတယ်” လို့ Cannon က ဆိုပါတယ်။
ယခု စာတမ်းကို New Space ဂျာနယ်တွင် အသေးစိတ် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။
First Published 18/8/2022