လွန်ခဲ့သော နှစ်ပေါင်း ၄၀၂ နှစ်၊ ၁၆၂၀ ခုနှစ် သြဂုတ်လတုန်း Mayflower သင်္ဘောဟာ အင်္ဂလန်နိုင်ငံ ဆောက်သမ်တန်မှ အမေရိကသို့ ထွက်ခွာခဲ့ပါတယ်။
ပေ ၁၀၀ ရှည်လျားပြီး ရွက်တိုင် သုံးထပ်တပ် သစ်သားဖြင့် တည်ဆောက်ထားတဲ့ ထိုသင်္ဘောဟာ အတ္တလန်တိတ်ကို ဖြတ်ကျော်ဖို့ နှစ်လကျော် အချိန်ယူ ခဲ့ရပါတယ်။
ခရီးသည် ၁၀၂ ဦး တင်ဆောင်ကာ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီလျှင် ၆ ကီလိုမီတာ ရှိပြီး သင်္ဘောလည်ပတ်ဖို့ အမှုထမ်း ၃၀ ဦး လိုအပ်ပါတယ်။
ယခုလအစောပိုင်းတုန်းကလည်း အခြား Mayflower ဟာ အတ္တလန်တိတ်ကို ဖြတ်ကျော်သွားခဲ့သော်လည်း ကွဲပြားတာ တစ်ခုက Mayflower 400 လို့ အမည်ပေးထားတဲ့ အဆိုပါ သင်္ဘောဟာ ပေ 50 ရှည်သော trimaran ( တစ်ဖက်တစ်ချက်စီတွင် သေးငယ်သော ကိုယ်ထည်တစ်ခုပါရှိသော သင်္ဘောတစ်စင်း) ဖြစ်ပြီး တစ်နာရီလျှင် 10 knots သို့မဟုတ် 18.5 ကီလို မီတာအထိ သွားနိုင်ပါတယ်။
၎င်းဟာ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ် မော်တာများဖြင့် မောင်းနှင်ခြင်းကို ပြုလုပ်နိုင်ပြီး အမှုထမ်းတစ်ဦးမှ မလိုအပ်ပါဘူး။

ထူးခြားချက်တွေက သင်္ဘောပေါ်တွင် AI ဖြင့် သွားလာနေတဲ့ အတွက်ကြောင့်ဖြစ်ပြီး မောင်းသူမဲ့ ကားများကဲ့သို့ပင်၊ ၎င်းတို့ အနက် မှ ကင်မရာ (၆) လုံးနှင့် အာရုံခံကိရိယာ ၄၅ ခုဟာ ပတ်ဝန်းကျင်နှင့်ပတ်သက်တဲ့ AI အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နေပြီး
နေရာ အနှံ့အပြားသို့ ပြန်လည် လမ်းကြောင်းပြောင်းခြင်း ကဲ့သို့သော လမ်းညွှန်မှု ဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကူညီပေးပါတယ်။
ရေဒါနှင့် GPS အပြင် ဆိုးရွားသော ရာသီဥတုနှင့် အတူ အမြင့်ပေနှင့် ရေအနက် ထောက်လှမ်း ကိရိယာများလည်း ပါရှိပါတယ်။
ဒါ့အပြင် ကုန်တင်သင်္ဘောများ၊ ငါးဖမ်းသင်္ဘောများ သို့မဟုတ် ရေထဲတွင် ပေါ်နေသော သင်္ဘော ကွန်တိန်နာများကဲ့သို့ ၎င်းရဲ့လမ်းကြောင်းရှိ တိုက်မိနိုင်သည့် အရာဝတ္ထုများကို သိရှိနိုင်စေနိုင်အောင်လည်း သင်ကြားပေးထားပါတယ်။
၎င်းဟာ IBM နှင့် ProMare ဟုခေါ်သော အကျိုးအမြတ်မယူတဲ့ အဏ္ဏဝါ သုတေသန အဖွဲ့တို့ကြား ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
အင်ဂျင်နီယာများက Mayflower 400 ရဲ့ “AI Captain” ကို အချက်အလက် petabytes ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။

သင်္ဘောအကြောင်း IBM ခြုံငုံသုံးသပ်ချက်အရ၊ ၎င်းရဲ့ ဆုံးဖြတ်ချက်များဟာ စည်းမျဉ်းများနှင့် စက်ပိုင်းဆိုင်ရာ သင်ယူမှုပုံစံများကို အခြေခံ ထားသော်လည်း အဆိုပါစံနှုန်းများကို ကျော်လွန်ကာ ၎င်းရဲ့ ဆုံးဖြတ်ချက် ရလဒ်များမှ သင်ယူနိုင်သည့် အ ပြင် အနာဂတ်အတွက် ကြိုတင်ခန့်မှန်းမှုများ ပြုလုပ်ပေးနိုင်ပါတယ်။
ဒါ့အပြင် ဘေးအန္တရာယ်များကို စီမံခန့်ခွဲကာ၊ အတွေ့အကြုံမှတဆင့် ၎င်းရဲ့ အသိပညာကို ပြန်လည်ပြင်ဆင်နိုင်ပါတယ်။
၎င်းဟာ လူသား စွမ်းဆောင်နိုင်မှုထက် အချိန်နှင့် တပြေးညီ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး မှားယွင်းမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ Plymouth မှ ရွက်လွှင့်ခဲ့ပြီး ဝါရှင်တန်ဒီစီသို့ ရောက်ရှိဖို့ သုံးပတ်ကြာ ရည် ရွယ်ထားသော်လည်း ပြဿနာ တခုကြောင့် ကနေဒါဆိပ်ကမ်း Halifax သို့ လမ်းချော်သွားခဲ့ပါတယ်။
အသေးစိတ် အချက်အလက်များကို မဖော်ပြထားသော်လည်း ၎င်းဟာ အရန်စွမ်းအင်ပေး စနစ်ပေါ်ရှိ သတ္တု အစိတ်အပိုင်းတစ်ခု ကျိုးကြေသွားကာ သင်္ဘော ခရီးစဉ်ပြီးဆုံးဖို့အတွက် ဆိုလာစွမ်းအင် တစ်ခုတည်း မလုံလောက်ဖြစ်ခဲ့ရတယ်ဟု ဆိုပါတယ်။

Mayflower 400 ရဲ့အင်ဂျင်နီယာများက သံသယကင်းကင်းဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု သိရပြီး နည်းပညာမြင့် အလို အလျောက် သင်္ဘောတွက် နောက်ထပ်ခရီးစဥ်တစ်ခု စီစဉ်နေပြီဖြစ်ပါတယ်။
မူရင်း Mayflower အတ္တလန္တိတ်ကိုဖြတ်ကျော်ပြီးကတည်းက နည်းပညာများ မည်မျှအထိ ရောက်ရှိလာသလဲဆိုတာကို မြင်တွေ့ရတာဟာ အလွန်အံ့သြစရာကောင်းပါတယ်။
နောင်နှစ်ပေါင်း 400 တွင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး လေကြောင်းသင်္ဘောများမှ အရပ်ဘက် ရေငုပ်သင်္ဘောများအပြင် ပိုမိုမြန်ဆန်ပြီး ပေါ့ပါးသွက်လက်သော AI စွမ်းအင်သုံး ဆိုလာရေယာဉ်များအထိ ဘာမဆိုဖြစ်လာနိုင်မှာ သေချာပါတယ်။
ရေးသားသူ – Kaung Htet (Knowledgeworms team)
Knowledgeworms Copyright © 2022 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။