အလယ်ခေတ်က မြင်းသည်တော်တွေရဲ့ မြင်းများဟာ ထင်ထားသလို မဟုတ်တဲ့ အကြောင်း

History Knowledge

အလယ်ခေတ်က စစ်ပွဲတွေကို မြင်ယောင်ကြည့်မယ်ဆိုရင် အရင်ဆုံး ဧရာမ မြင်းကြီးကို စီးပြီး စစ်ပွဲ ဝင်နေတဲ့ သူရဲကောင်း မြင်းသည်တော်တွေကို ပြေးမြင်မိမှာပါ။

အခုတော့ ယခင်က သိထားတဲ့ မြင်းသည်တော်တွေ စီးတဲ့ မြင်းရဲ့ အရွယ်အစားနဲ့ ပတ်သက်ပြီး ပြင်ဆင်စရာလေးတွေတော့ ရှိလာပါပြီ။

အကြောင်းကတော့ မကြာသေးမီက လေ့လာမှု တခုအရ အလယ်ခေတ်က တိုက်ပွဲများတွင် အသုံးပြုခဲ့သည့် စစ်မြင်းများဟာ အရွယ်အစား မကြီးမားဘဲ ယနေ့ခေတ် မြင်းပုများလောက်သာ ရှိပါတယ်တဲ့။

Exeter တက္ကသိုလ်မှ ရှေးဟောင်း သုတေသန ပညာရှင်များနှင့် သမိုင်း သုတေသီများ ပါဝင်တဲ့ အဖွဲ့ဟာ သက္ကရာဇ် ၃၀၀ မှ ၁၆၅၀ ခုနှစ်အကြား အသုံးပြုခဲ့သည့် အင်္ဂလိပ် မြင်းများ၏ အရိုးများစွာကို ခွဲခြမ်း စိတ်ဖြာလေ့လာခဲ့ပါတယ်။

မြင်းများ၏ အရွယ်အစားကို ယခင် ယူနစ်ဟောင်း တခု ဖြစ်သည့် လက်ဖြင့် (၁၀.၁၆ စင်တီမီတာ သို့မဟုတ် ၄ လက်မလောက်ရှိပါတယ်) တိုင်းတာ ခဲ့ပါတယ်။

အဲဒီ့ခေတ်က ကြီးမားတဲ့ မြင်းကြီးများ၏ အမြင့်ဟာ ၆ ပေနှင့် အထက်လောက် ရှိရမယ့်အစား ၄ ပေ ၇ လက်မ ကျော်ကျော် လောက်သာ ရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ယနေ့ခေတ် မြင်းပုမျိုးများ၏ အမြင့်ဟာလည်း ၄ ပေ ခွဲမှ ၄ ပေ ၇ လက်မ ကျော်ကျော် အမြင့်လောက် ရှိပါတယ်။

International Journal of Osteoarchaeology နိုင်ငံတကာ အရိုးနှင့်သက်ဆိုင်သည့် ရှေးဟောင်းသုတေသန ဂျာနယ်တွင် ဖော်ပြထားမှုအရ အလယ်ခေတ် စစ်မြင်းများကို ရွေးချယ်ရာတွင် အမြင့်ထက် အခြား အရေးကြီးသော အချက်များကို အဓိက ထားပုံရတယ်လို့ သု တေသီများက ဆိုပါတယ်။

Image: Courtesy of University of Exeter

“တော်ဝင် မြင်းဇောင်းများတွင် မြင်းများကို ရွေးချယ်ခြင်းနှင့် သားဖောက်ခြင်း ဆိုင်ရာ အလေ့အကျင့်များဟာ မြင်းများ၏ ပင်ကိုစရိုက်နှင့် စစ်ပွဲတွင် အသုံးပြုဖို့ မှန်ကန်သည့် ရုပ်ပိုင်းဆိုင်ရာ ဝိသေသ လက္ခဏာများ ရှိမရှိ အပေါ် အာရုံစိုက်တာ ဖြစ်နိုင်တယ်” လို့ ပါမောက္ခ Alan Outram က ပြောပါတယ်။

၁၃ ရာစုနှင့် ၁၄ ရာစုများအတွင်း တော်ဝင် မြင်းဇောင်း ကွန်ယက်တခု ပေါ်ပေါက်လာခဲ့ တာတောင်မှ အမြင့်ဆုံး မြင်းများဟာ ၅ ပေ ကျော်ကျော် လောက်သာ ရှိတာကို တွေ့ရပါတယ်။

အဲဒီ့ ခေတ်က လူတွေကတော့ အဆိုပါ အမြင့်ရှိတဲ့ မြင်းများကို အလွန် အရွယ်အစားကြီးမားတဲ့ မြင်းများအဖြစ် မြင်ကြမှာ ဖြစ်ပါတယ်။

၁,၀၆၆ မှ ၁,၀၇၅ ခုနှစ် Norman ခေတ်အတွင်းက Trowbridge ရဲတိုက်တွင် သုတေသီများ တွေ့ရှိခဲ့တဲ့ မြင်း အရွယ်အစားဟာ ၅ ပေ အတိလောက်သာ ရှိပါတယ်။

၁,၀၀၀ ခုနှစ်မှ ၁,၂၅၀ ခုနှစ်ကြားလောက်မှာ ပိုမို မြင့်မားတဲ့ မြင်းတွေ ထွက်ပေါ်လာပြီး အချို့ စစ်မြင်းများဟာ ၅ ပေ ၃ လက်မလောက် အထိ ရှိလာပါတယ်။

“အရွယ်အစား၊ ခြေလက် အရိုး ကြံ့ခိုင်မှု တခုထဲနှင့် ရှေးဟောင်းသုတေသန မှတ်တမ်းမှာ စစ်မြင်းတွေကို စိတ်ချလက်ချ ခွဲခြား ဖော်ထုတ် နိုင်လောက် အောင်တော့ မလုံလောက်သေးပါဘူး” လို့ Exeter တက္ကသိုလ်မှ သုတေသီ တစ်ယောက် ဖြစ်တဲ့ Helene Benkert က ဆိုပါတယ်။

အလယ်ခေတ် တလျှောက်လုံးအတွက် မြင်းများကို စစ်မြင်းအဖြစ် အသုံးပြုသည့် နေရာတွင် မတူညီတဲ့ အချိန်ကာလအတွင်းမှာ စစ် မြေ ပြင် နည်းဗျူဟာ နှင့် ယဉ်ကျေးမှု အကြိုက်များ အပေါ် မူတည်ပြီး မြင်း အမျိုးအစား အမျိုးမျိုးကို အသုံးပြုခဲ့ဖွယ် ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်စေ ၁,၂၅၀ ခုနှစ်လောက်အထိတော့ မြင်းများ၏ အရွယ်အစားဟာ အထက်က ဖော်ပြထားတဲ့ အမြင့်လောက်သာ ရှိတဲ့ အ တွက် စစ်မြင်းဖြစ်ဖြစ်၊ ရိုးရိုး မြင်းဖြစ်ဖြစ် သိပ် မမြင့်ဘူး ဆိုတာ သေချာပါတယ်။

၁,၅၀၀ ခုနှစ်မှ ၁,၆၅၀ ခုနှစ် အလယ်ခေတ် အလွန် ရောက်ရှိလာတဲ့ အခါမှာတော့ မြင်းများ၏ ပျမ်းမျှ အမြင့်ဟာ သိသိသာသာ မြင့်မားလာကြပြီး ယနေ့ခေတ် ခိုင်းမြင်းများ အရွယ်အစားလောက် အထိ ရှိလာကြပါတယ်။

ဒါကြောင့် သင့်အနေနဲ့ အလယ်ခေတ်က မြင်းသည်တော် သူရဲကောင်းတွေ မြင်းစီးပြီး တိုက်ပွဲဝင်တဲ့အခါမှာ မြင်းပုလေးတွေသာ စီးစရာ ရှိခဲ့တယ်ဆိုတာ ဒီစာတမ်းက ပြောပြခဲ့ပြီး ဖြစ်တဲ့အတွက် အရင်လို ဧရာမ မြင်းကြီးတွေနဲ့ တွဲမြင်မိမှာ မဟုတ်တော့ပါဘူး။

Reference: In search of the ‘great horse’: A zooarchaeological assessment of horses from England (AD 300–1650)

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခွင့် လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published.