ပိုလန်လုပ် ကိုယ်ပျောက်တင့်ကား အကြောင်း

Military Tech

ထူးခြားတဲ့ တင့်ကားတွေ အများအပြားရှိတဲ့ထဲက ပိုလန်နိုင်ငံလုပ် PL-01 တင့်ကားကတော့ F-117 Nighthawk ကိုယ်ပျောက်လေယာဉ်ရဲ့ ညီအစ်ကို ဝမ်းကွဲ နဲ့တောင် တူနေပါတယ်။

ဒီတင့်ကားကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ နိုင်ငံတကာ ကာကွယ်ရေး ပစ္စည်းပြပွဲမှာ ကတည်းက ပထမဆုံး ပြသခဲ့တာ ဖြစ်ပြီး BAE Systems ကုမ္ပဏီ၏ အကူအညီဖြင့် OBRUM မှ တည်ဆောက်နေတာ ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ရေဒါပျောက်တင့်ကား ဒီဇိုင်းဖြစ်တဲ့ PL-01 တင့်ကားဟာ ခေတ်သစ် ပင်မတိုက်ပွဲဝင် တင့်ကားများနှင့် တည် ဆောက်ပုံမတူဘဲ ceramic-aramid shell မော်ကျူလာစနစ်ဖြင့် တည်ဆောက်ထားတဲ့ အပေါ့စား တင့်ကား အမျိုးအစား ဖြစ်ပါတယ်။

၎င်းဟာ ရေဒါပျောက် လေယာဉ်တွေနဲ့ ပုံစံ ဆင် တူရုံတင် မကဘဲ တကယ်လည်း ရေဒါကို ရှောင်ရှားနိုင်တဲ့ နည်းပညာများပါ ထည့်သွင်း တည်ဆောက်ထား ဖြစ်ပါတယ်။

F-117 တိုက်လေယာဉ်နှင့် ယခု တင်ကား နှစ်မျိုးလုံးဟာ ရေဒီယိုလှိုင်းစုပ်ယူနိုင်တဲ့ ပစ္စည်းတွေနှင့် ဖုံးအုပ်ထားပြီး တူညီတဲ့ ရှုထောင့်နှစ်မျိုး ရှိကြပါတယ်။

တင့်ကား၏ တည်ဆောက်ပုံဟာ အမေရိကန်၏ M-1 Abrams သို့မဟုတ် ဂျာမနနီ၏ Leopard 2 ကဲ့သို့ တင့်ကားများနှင့် ကွဲပြားပြီး ရုရှားထုတ် T-14 Armata နှင့် အစ္စရေးထုတ် Merkava တင့်ကားများနှင့် ဆင်တူပါတယ်။

Ceramic-aramid shell မော်ကျူလာစနစ်ဖြင့် တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် စစ်မြေပြင်တွင် တင့်ကားကိုယ်ထည် ထိခိုက်မှု ရှိပါက အလွယ်တကူ ထိုနေရာကို ဖြုတ်လဲလို့ ရပါတယ်။

တင့်ကားကိုယ်ထည်ကို မြေမြှုပ်မိုင်းများ၊ IED ကဲ့သို့ ဖောက်ခွဲရေး ပစ္စည်းများနှင့် TNT ၁၀ ကီလိုဂရမ်လောက် ရှိတဲ့ ပေါက် ကွဲမှု များကို ခံနိုင်ရည် ရှိအောင် တည်ဆောက်ထားပါတယ်။

ခဲယမ်းများကိုလည်း T-14 တင့်ကားများ ကဲ့သို့ပင် ခွဲခြားထားသည့် နေရာတွင် ထားရှိသည့်အတွက် လိုက်ပါသည့် တင့်ကား အဖွဲ့သားများအတွက် လုံခြုံမှု ပိုမို ရရှိစေပါတယ်။

ဒါပေမယ့် တင့်ကားကတော့ တိုက်လေယာဉ်နဲ့တော့ ရေဒါပျောက်ပုံခြင်းတော့ ကွဲပြားပါတယ်။

ဒီတင့်ကားမှာ ပြင်ပ အနီအောက် ရောင်ခြည် အာရုံခံ ကိရိယာများ တပ်ဆင် ထားတဲ့အတွက် စစ်မြေပြင်မှာ ပတ်ဝန်းကျင်နှင့် တသားထဲဖြစ်အောင် ဖုံးကွယ်နိုင်စွမ်းရှိကြပါတယ်။

ဒါ့အပြင် သူ့ရဲ့ အပူချိန်ကို ကား သို့မဟုတ် တခြား အရာဝတ္ထု ပုံစံမျိုး ပုံရိပ်ယောင်တွေ ထုတ်လွှတ် ပေးနိုင်လို့ ရေဒါများ၊ အနီ အောက်ရောင်ခြည် ရှာဖွေမှုများနှင့် အမြင်အာရုံ ရှာဖွေရေးကိရိယာများကို လှည့်စားနိုင်ပါတယ်။

ရေဒါပျောက် နည်းပညာနှင့် အတူ PL-01 ဟာ ၁၀၅ မီလီမီတာ သို့မဟုတ် ၁၂၀ မီလီမီတာ ပင်မ အမြောက်ကို တပ်ဆင် နိုင်ပြီး တစ်မိနစ်ကို ကျည် ၆ တောင့်အထိ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။

ဒုတိယလက်နက်အနေဖြင့် ၇.၆၂ မီလီမီတာသုံး စက်ကလေး တလက်ကို တပ်ဆင်ထားပြီး၊ အဝေးထိန်းစနစ်ဖြင့် နောက်ထပ် ၇.၆၂ မီလီမီတာ စက်ကလေး သို့မဟုတ် ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာကို တပ်ဆင်နိုင်ပါတယ်။

ဒီတင့်ကားဟာ ၂၁ ပေ အရှည်ရှိပြီး ၁၀ ပေ အကျယ်ရှိကာ အခြားတင့်ကားများထက် ပိုမို ပေါ့ပါး ပါတယ်။

တစ်နာရီကို ၄၅ မိုင်နှုန်းနှင့် မောင်းနှင်နိုင်ပြီး ယာဉ်အဖွဲ့သား ၃-၄ ယောက် တင်ဆောင်နိုင်ကာ မိုင် ၃၁၀ လောက် စစ်ဆင်နိုင်ပါတယ်။

ဒီတင့်ကားရဲ့ ပုံစံက သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင် ဇာတ်ကားတွေထဲမှာ မြင်ရတဲ့ အတိုင်းပါပဲ။

ပိုလန်ဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင် အဆိုပါ တင့်ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြန်ခဲ့ပေမယ့် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆိုင်တဲ့ အကြောင်းအရာတွေ ဖော်ပြခြင်း မရှိပါဘူး။

PL-01 ကို ၂၀၁၈ ခုနှစ်မှာ စတင် ထုတ်လုပ်ဖို့ ဆောင်ရွက်ပြီး ၂၀၂၂ မှာ အပြီးသတ်နိုင်မယ်လို့ ထိုအချိန်ကတော့ ကြေညာခဲ့ ဖူးပါတယ်။

ခေတ်သစ် တင့်ကားများ၏ ဦးဆောင် ဒီဇိုင်းတခု ဖြစ်လာမယ့် ရေဒါပျောက် PL-01 ကို မကြာမီမှာဘဲ မြင်တွေ့လာရတော့ မှာလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

ရေးသားသူ – Aurora (Knowledgeworms team)

Knowledgeworms Copyright © 2021 ကူးယူ ဖော်ပြခြင်း လုံးဝ ခွင့်မပြုပါ။

Content Protection by DMCA.com

Leave a Reply

Your email address will not be published. Required fields are marked *